တောင်ကြီးမြို့မှာ မီတာဘောက်စ်ကို Viberကနေ ဓာတ်ပုံရိုက်ပို့ပေးရင် ကျသင့်နှုန်းပြန်ပြောပေးမယ်

ဒီဇင်ဘာ ၃-၂၀၂၀
နေနန်းနွယ်(VOM)

တောင်ကြီးမြို့ရှိ Stay At Home နဲ့Lock down ဧရိယာအတွင်း နေထိုင်သူတွေဟာ မိမိနေအိမ်ရှိ မီတာဘောက်စ်ကို ဓာတ်ပုံရိုက်ပြီး Viber ကနေ ပို့ပေးပါက ကျသင့်ငွေကို ပြန်လည်ဖြေကြားပေးမယ်လို့ လင်းသီဟလျှပ်စစ်နဲ့ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက်ကနေ ကြေညာထားတာဖြစ်ပါတယ်။

“ယူနစ်ဂဏန်းနဲ့ မီတာနံပါတ် သေသေချာချာမြင်ရအောင်တော့ ရိုက်ပို့ပေးဖို့လိုပါတယ်။ ဘေလ်ကိုလည်း ပုံပို့လာတဲ့ သက်ဆိုင်ရာနံပါတ်ကို ပြန်ပို့ပေးပါမှာ။ ဘေလ်ဆောင်ဖို့အတွက်ကိုလည်း ပုံမှန်ဆို ၁၂ လပိုင်း လမကုန်ခင် ဆောင်ရမှာပါ၊ ဒါပေမယ့် ကျွန်တော်တို့က ၁ လပိုင်း ၃၁ ရက်နေ့အထိ နောက်ဆုတ်ပေးထားပါတယ်။ နိုင်ငံတော်က ကြေညာထားတာကတော့ ၁ လပိုင်း ၂၅ ရက်ထိပါပဲ၊ ကျွန်တော်တို့ကတော့ ရက်ထပ်တိုးပြီး ၃၁ ရက်နေ့ထိ အချိန်ပေးထားပါတယ်၊ ဒါကလည်း အခြေအနေအပေါ်မူတည်ပြီး ထပ်ပြီး ရွှေ့ဖို့လိုသလားကိုတော့ လကုန်ပြီးမှ ပြန်သုံးသပ်ရမှာပေါ့၊ Lockdown ကာလက ပိုကြာသွားရင်တော့ ၁ လပိုင်းအစား ၂ လပိုင်းအထိ ထပ်တိုးပေးသင့်ရင်လည်း တိုးပေးရမှာပါ၊ ကျွန်တော်တို့ Lockdown ဧရိယာတွေ လမ်းထိပ်ကလုံခြုံရေးတွေကိုလည်း လက်ကမ်းစာစောင်လေးတွေ လိုက်ပေးထားပါတယ်။ အကယ်၍ Viber ကနေ ပို့ဖို့အခက်အခဲရှိတဲ့ အိမ်တွေရှိရင်တော့ ပြီးခဲ့တဲ့ ၁၀ လပိုင်းတုန်းက အသုံးယူနစ်အတိုင်းပဲ ပြန်ထည့်ပေးမှာပါ”လို့ လင်းသီဟလျှပ်စစ်နဲ့ အထွေထွေဝန်ဆောင်မှု ကုမ္ပဏီလီမိတက် အမှုဆောင်ဒါရိုက်တာ ဦးနေမျိုးအောင်က ပြောပါတယ်။

တောင်ကြီးမြို့မှာတော့ မူလက အိမ်တိုင်ရာရောက် မီတာဖတ်ပေးခဲ့ပေမယ့် အခု ကိုဗစ်ကာလအတွင်း Stay at home နဲ့lock down သတ်မှတ်ခံထားရတဲ့ ဧရိယာအတွင်းက နေအိမ်တွေကို Viber ကနေ ဓာတ်ပုံရိုက်ပို့ပေးကြဖို့ ကြေညာထားတာပဲဖြစ်ပါတယ်။

မိမိအိမ်ရှိ မီတာဘောက်စ်ကနေ မီတာနံပါတ်နဲ့ ယူနစ်ဂဏန်းတို့ကို သေသေချာချာမြင်ရအောင် ဓာတ်ပုံရိုက်ပြီး ကြေညာထားတဲ့ ဖုန်းနံပါတ်တွေကို ပို့ပေးရင် မီတာကျသင့်ငွေကို ပြန်လည်ဖြေကြားပေးမယ်လို့သိရပါတယ်။ ဒါ့အပြင် မီတာနောက်ဆုံးဆောင်ရမယ့် ရက်ကိုလည်း ဇန်နဝါရီလကုန်ထိ ရွှေ့ဆိုင်းပေးထားတာဖြစ်ပါတယ်။

Wave Money ၊ Kpay ၊ CBpay အစရှိတဲ့ စနစ်တွေနဲ့ မီတာခပေးချေနိုင်ဖို့အတွက်တော့ အခုလတ်တလောမှာ ပြင်ဆင်နေတာဖြစ်ပြီး ဖေဖော်ဝါရီလကုန်ခန့်မှာ စတင်အသုံးပြုနိုင်ဖို့ မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။

တောင်ကြီးမြို့ကိုတော့ နိုဝင်ဘာ ၂၁ ရက်ကနေ ဒီဇင်ဘာ ၅ ရက်ထိ Stay at home ကာလအဖြစ် သတ်မှတ်ကြေညာထားပါတယ်။ အခုလက်ရှိ ရှမ်းပြည်နယ်မှာ ကိုဗစ်အတည်ပြုလူနာ (၄၄၅)ဦး၊ သေဆုံးသူ ၂ ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ (၁၇၈( ဦးရှိပြီဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #တောင်ကြီး #မီတာခ

Related posts

Leave a Comment

VOM News

FREE
VIEW