ကချင်နေရပ်ပြန်စစ်ရှောင်တွေရဲ့  အနာဂါတ်

ရေးသားသူ -သရ

 

“နှစ်ဘက်စလုံး လာနေတဲ့ နေရာဆိုတော့ နှစ်ဘက်စလုံးက မသင်္ကာဖြစ်ပြီး ရေထဲမှာ ဘာထည့်ထားမှန်း မသိဘူးနော အဲ့ဒီလိုမျိုး စိုးရိမ်တယ်လေ “

 

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် မိုင်းနား (KBC) စစ်ရှောင်စခန်းမှာ ဆယ်စုနှစ်တစ်ခုစာ နေလာခဲ့ရပြီး သူ့မွေးရပ်မြေကို  ပြန်ရတော့မှာမို့ ဦးမရန်နော်တောင် ဝမ်းသာပေမယ့် စိုးရိမ်စိတ်နဲ့ တွေးဆစွာ တလုံးချင်း ပြောပြနေတာပါ။

 

ဟိုးတုန်းကနဲ့ မတူတော့တဲ့ သူ့ဇာတိကျေးရွာလေးက ခြုံအတိနဲ့ ပျက်စီးနေတဲ့နေအိမ်တွေ နောက်ပြီး ၂ဖက် လက်နက်ကိုင်တွေ တဖွဲ့ပြီးတဖွဲ့ နေခဲ့လေတော့ ရေတွင်းတွေထဲ သောက်မရအောင် အဆိပ်သို့မဟုတ် တခုခုခပ်ခဲ့မလား သံသယစိတ်ကြောင့် မြင်နေရပေမယ့် မသောက်ရဲတဲ့ ရေတွင်းတွေအကြောင်း  သူတိုမိသားစု အဲ့ဒီရွာလေးကို ပြန်နေတဲ့အခါ အဓိကလိုအပ်မယ့် သောက်သုံးရေးကိစ္စအကြောင်း တွေးပူနေတာပါ။

 

သူ့မွေးရပ်မြေကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၂ ရက်နေ့က နေရပ်ပြန်တွေကို ပြန်အခြေချနေထိုင်ဖို့ မိုင်းရှင်းလင်းရေးတွေလုပ်နေတဲ့ ဒဘတ်ယန်ကျေးရွာပါ။

 

ဦးနော်တောင်တို့ ဒဘတ်ယန်ကျေးရွားမှာ အရင်က အိမ်ခြေ ၃၀၀ ကျော်ရှိနေခဲ့တာလို့ သိရပါတယ်။ ကချင်ပြည်နယ်အတွင်း တပ်မတော်နဲ့ KIO/KIA တို့ ၂၀၁၁ ခုနှစ် ဇွန်လအတွင်းက တစ်ကျော့ပြန် တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့လို့ အဲ့ဒီရွာကလူတွေ မြစ်ကြီးနာမြို့နဲ့ ဝိုင်းမော်မြို့က စစ်ရှောင်စခန်းတွေဆီ တိမ်းရှောင်ခဲ့ကြရတာပါ။ တစ်ချို့လည်း လိုင်ဇာဘက်က စစ်ရှောင်စခန်းတွေဆီ တိမ်ရှောင်သွားကြတယ်လို့ ပြောပါတယ်။

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲကျင်းပပြီးနောက် နိုဝင်ဘာ ၁၂ ရက်နေ့ကတော့ ဦးနော်တောင်ရော မြစ်ကြီနားမြို့နဲ့ ဝိုင်းမော်မြို့အနီး စစ်ရှောင်စခန်း ၁၇ ခုမှာ နေထိုင်ကြတဲ့ စစ်ရှောင်အိမ်ထောင်စု ၂၁၆ စုက လူဦးရေ ၁၀၀၀ ကျော် ကိုယ့်အိမ်ကိုယ့်ယာနဲ့ ကိုယ့်တောင်ယာမှာ လုပ်ကိုင်စားသောက် နေနိုင်တော့မယ့်ဆိုတဲ့ စိတ်အားထက်သန်မှုအပြည့်နဲ့ ဒဘတ်ယန်ကျေးရွားလေးဆီ သွားခဲ့ကြပါတယ်။ အဲ့ဒီနေ့ကတော့ ကျေးရွာရဲ့ စာသင်ကျောင်း ဝိုင်းလေးထဲမှာ နေရပ်ပြန်ဖို့ စာရင်းပေးနေသူတွေနဲ့ စည်းကားလို့ပေါ့။

 

အဲ့ဒီရွာမှာ နေထိုင်သူအများစုဟာ တောင်ယာတွေမှာ နှမ်း ၊ မုံညှင်း နဲ့ လိမ္မော်ခြံစိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ကြပြီး ရေဝင်ရေထွက်ကောင်းတဲ့ နေရာတွေမှာတော့ စပါးစိုက်ပျိုးတဲ့အလုပ် လုပ်ကိုင်သူတွေများပါတယ်။ သူတို့ စစ်ရှောင်ရတုန်းက ချန်ထားခဲ့ရတဲ့ ကျွဲ၊နွား တွေကလည်း တောတွေထဲရောက်ပြီး အရိုင်းဝင်နေကြပြီဖြစ်လို့ နေရပ်ပြန်အခြေချတဲ့အခါ သူတို့ရဲ့ တောင်ယာလုပ်ငန်းတွေမှာ အသုံးပြုလို့ မရနိုင်တော့ပါဘူး။

 

“ မြက်တွေတအားထူသွားပြီ စိတ်ထဲမကောင်းဘူး ဒါပေမယ့် ပျော်ပျော်ရွှင်ရွှင်ပြန်နေရမယ်ဆိုရင်တော့ အဆင်ပြေပါတယ် ၊ အခုဖြစ်တာက ကျွဲတွေ နွားတွေ မရှိတော့ဘူး ဆိုတော့ လုပ်စားဖို့ နည်းနည်းတော့ ခက်မယ်လို့ထင်တာပဲ“ဆိုပြီး အရင်က ဒဘတ်ယန်ကျေးရွာမှာ ပြန်နေဖို့ ပြင်ဆင်နေတဲ့ ကိုလခရီးဘရန်နန်က သူတို့လုပ်ငန်းအတွက် လိုအပ်လာမယ့်အရာတွေကို ပြောပါတယ်။

 

သူ့မှာ အရင်က တောင်ယာ ၁၀ ဧကလောက် ပိုင်ဆိုင်ခဲ့တယ်လို့ ပြောပါတယ်။ အခုတော့ သူ့ရဲ့တောင်ယူလုပ်ငန်းတွေမှာ စိန်ခေါ်မှုတွေ ရှိလာတော့မှာဖြစ်ပါတယ်။ စစ်ဘေးသင့်လို့ နေအိမ်တွေ ပျက်ဆီးနေတဲ့ ရွာဟောင်းလေးကလည်း ကဇူးချောင်းက ကြည်လင်တဲ့ ရေစီးသံနဲ့ ကမ်းတစ်ဖက်ဆီသွယ်တန်း ဆောက်လုပ်ထားတဲ့ ကဇူးတံတားလေးရှိနေပုံက ရွာရဲ့ အေးမြသာယာတဲ့ အလှကို ပြသနိုင်နေပါသေးတယ်။

 

ဒီလိုအေးချမ်းသာယာတဲ့ ရွာကလေးတွေဟာ စစ်ကြောင့် ခြောက်ကပ်နေခဲ့တာ ၁၀ စုနှစ် တစ်ခုကြာခဲ့ပါပြီ၊ စစ်ဘေးကြောင့် ပျက်စီးနေတဲ့ရွာတွေရဲ့ ခြောက်သွေ့မှုကို ဖယ်ရှားပစ်လိုက်နိုင်တာကတော့ စစ်ရှောင်စခန်းတွေဆီ ရောက်နေတဲ့ပြည်သူတွေကို နေရပ်ပြန်ပို့တဲ့ လုပ်ငန်းတွေဖြစ်ပါတယ်။

 

ကချင်ပြည်နယ်မှာ စစ်ရှောင်တွေ ပထမဆုံး နေရပ်ပြန်ပို့မှု စခဲ့တာကတော့ နန်ဆမ်ယန်ကျေးရွာက အိမ်ထောင်စု ၁၇ စု ကို ၂၀၁၉ ဇန်နဝါရီလက ပြန်ပို့ခဲ့တာကနေ စခဲ့တာပါ။ လွယ်လွယ်လေးတော့ မဟုတ်ခဲ့ပါဘူး။ တပ်မတော်နဲ့ ကေအိုင်အို/ ကေအိုင်အို တပ်တွေနဲ့ နီးကပ်တဲ့ အနေအထားက ရွာလေးမို့ အပစ်အခတ် ရပ်စဲမှုမလုပ်ရသေးခင် မပြန်သင့်သေးဘူး။ နေရပ်ပြန်တွေနေတဲ့အခါ မိုင်းရှင်းလင်းရေး လုပ်ပြီးပြီလား ၊ ဘာတွေ လုပ်ကိုင်စားသောက်ကြမလဲ ဆိုတဲ့ ဝေဖန်သံ စိတ်ပူသံတွေ တော်တော် ထွက်ခဲ့ပါတယ်။

 

အဲ့ဒီစစ်ရှောင်တွေကို နေရပ်ပြန်ပို့ပေးခဲ့သူ ဦးဖော်လားကန်ဖန်ကတော့ “ တစ်ဖက်ကလည်း ကေအိုင်အို / ကေအိုင်အေဟာ ကချင်ပြည်သူလူထုကို အကာအကွယ်ပေးမယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ လုပ်ခဲ့တာ ၊ တပ်မတော်ကလည်း ပြည်သူလူထုကို အကာအကွယ်ပေးဖို့ဆိုပြီး ရည်ရွယ်ကြတာပဲ၊ အခုသူတို့ အကာအကွယ် ပေးမယ်ဆိုတဲ့ ပြည်သူတွေက ဘယ်လိုဖြစ်နေပြီလဲ ဒီတော့ တော်လောက်ပြီ၊ ပြည်သူလူထုကို မျက်နှာမူသင့်ပြီလို့ အန်ကယ်ကတော့ ယူဆတယ်လေ ” ဆိုပြီး သူပထမဆုံး အစပျိုးခဲ့တဲ့ လုပ်ငန်းလေးကနေ ပြည်နယ်အတွင်းက စစ်ရှောင်တွေ နေရပ်ပြန်ပို့ဖို့အထိ တွင်တွင်ကျယ်ကျယ် အကောင်အထည်ဖော် လုပ်ဆောင်လာမှုတွေကို တွေ့ရတော့ ကြည်နူးနေသယောင် ပြောပြခဲ့ပါတယ်။

 

နန်ဆမ်ယန်ကျေးရွာကို နေရပ်ပြန်ကိစ္စတွေ စလုပ်တုန်းက အကူအညီအနည်းငယ်သာရှိပါတယ်။ အဲ့ဒီရွာက ပြည်သူတွေ၊ ဘာသာရေးခေါင်းဆောင်တွေက ဦးစီးပြီး လုပ်ဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။

 

အခုဆို အိမ်ထောင်စု ၉၈ စု ပြန်ရောက်နေပါပြီ၊ စုပေါင်းစိုက်ပျိုးဖို့ ဆိုပြီးမြေဧက ၁၀၀ ကို မိုင်းရှင်းလင်းတာ၊ ကျေးရွာနေအိမ်တွေ လမ်းတွေကို မိုင်ရှင်းလင်းတာတွေကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်က ဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

 

အခုတော့ အဲ့ဒီရွာလေးက ပြန်စည်ကားနေပြီး အိမ်ထောင်စု ၁၁၇ စုအထိ ပြန်နေထိုင်နေကြပါပြီ။ ၂၀၂၀ ရွေးကောက်ပွဲမှာတောင် မဲပေးခွင့် ရှိသူ ၅၁၁ ယောက် ဆန္ဒမဲပေးခွင့် ရခဲ့ကြပါတယ်။ နန်ဆန်ယန်ကျေးရွာ ဒေသခံတွေကတော့ သူတို့ရဲ့ နေအိမ်ပြင်ဆင်ရေး ၊ စာဝတ်နေရေး လုပ်ကိုင်စားသောက်မှုတွေထက် အားလုံးရဲ့ အလိုချင်ဆုံးအရာက “တိုက်ပွဲတွေ နောက်ထပ် မဖြစ်စေချင်တော့ဘူး ” လို့ သူတို့ရဲ့လိုလားချက်ကို ပြောကြပါတယ်။

 

အဲ့ဒီလိုနဲ့ အရပ်ဘက် ဒေသခံပြည်သူတွေရဲ့ ဆောင်ရွက်နေမှု အထမြောက် အောင်မြင်လာတဲ့အခါ ဒီကိစ္စကို ပံ့ပိုးနိုင်ဖို့ ၂၀၁၉ မေလ ၈ ရက်နေ့မှာ အမျိုးသားပြန်လည်သင့်မြတ်ရေးဗဟိုဌာန (NRPC)က ကချင်ပြည်နယ်အတွင်းက နေရပ်ပြန်စွန့်ခွာရသူတွေ ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ဆိုပြီး ဖွဲ့ခဲ့တာကလည်း အရေးပါလှပါတယ်။ အဲ့ဒီအဖွဲ့ကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးစိုးအောင် ဦးဆောင်ပါတယ်။

 

ကချင်ပြည်နယ်အစိုးရအဖွဲ့ကလည်း ဝန်ကြီးတွေနဲ့ ဌာနဆိုင်ရာ တာဝန်ရှိသူတွေပါဝင်တဲ့ ကော်မတီ ၉ ခု ဖွဲ့စည်းထားပြီး ရေ ၊ မီး နဲ့ နေအိမ် ထောက်ပံ့ပေးဖို့ သက်ဆိုင်ရာကော်မတီအလိုက် ဆောင်ရွက်နေခဲ့ကြပါတယ်။ နေရပ်ပြန်ပြည်သူတွေရဲ့ ဆန္ဒက အပစ်အခတ်ရပ်စဲရေးကိစ္စ အတွက် တွန်းအားတစ်ရပ်ပါ ဒါပေမယ့် နှစ်ဖက်လက်နက်ကိုင် အဖွဲ့တွေရဲ့ အပစ်အခတ်ရပ်စဲရေး ထူးထူးခြားခြား ဖြစ်လာတဲ့အထိတော့ မရောက်ခဲ့ကြပါဘူး။

 

နန်ဆန်ယန်ကျေးရွာအပါအဝင် ဒတ်ဘတ်ယန်နဲ့ တာလောကြီး ကျေးရွာတွေက နေရပ်ပြန် စစ်ရှောင်အိမ်ထောင်စု ၁၉၀ ကျော်ရဲ့ ပျက်စီးနေတဲ့ နေအိမ်တွေကို ပြန်ဆောက်ပေးတာ၊ တစ်အိမ်ကို ၂ သိန်း ၇ သောင်းတန်းဖိုးရှိတဲ့ ဆိုလာနဲ့ ဘတ်ထရီမီးချောင်းအစုံ ထောက်ပံ့တာတွေ ဆောင်ရွက်ပေးခဲ့ပါတယ်။ ပျက်စီးသွားတဲ့ အိမ်အတွက် ငွေကျပ် ၇၅ သိန်းတန် အိမ်အသစ် တည်ဆောက်ပေးမှာဖြစ်ပြီး တစ်ဝက်တစ်ပျက် ပျက်စီးခဲ့တဲ့ အိမ်တွေအတွက် ပြင်ဆင်စရိတ် ငွေကျပ် ၃၅ သိန်းကို အိမ်ပိုင်ရှင်ဆီ ပေးအပ်ဖို့ လုပ်ဆောင်ခဲ့တာ သိရပါတယ် ။ ဒါကတော့ တရုတ်နိုင်ငံကနေ မြန်မာနိုင်ငံက နေရပ်ပြန်ကိစ္စတွေ အတွက် ယွမ်သန်း ၂၀၀ ကူညီမယ့်အထဲက သြဂုတ်လ ၅ ရက်နေ့မှာ လှူးဒါန်းတဲ့ ယွမ် ၄ သန်းနဲ့ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။

 

နန်ဆန်ယန်ကျေးရွာအပါအဝင် ကျေးရွာ ၃ ရွာက နေရပ်ပြန်တွေကို ထောက်ပံ့ကူညီတာက “ နန်ဆန်ယန်ရွာမှာ ပြန်နေထိုင်တဲ့ ၉၈ အိမ်ထောင်စုကို ရေရရှိရေးနဲ့ ဓာတ်အားလိုင်း မရသေးတဲ့ အခြေအနေမှာ မီလင်းဖို့ ဆိုလာ၊ ဘတ်ထရီနဲ့ မီးချောင်းတွေကူညီတာ၊ နေအိမ်ပျက်နေတဲ့ အလုံးတွေကို ပြင်ဆင်ပေးတာ ၊ နေထိုင်မရအောင်ပျက်နေတဲ့ အိမ်တွေကို အသစ်ဆောက်ပေးတာနဲ့ လက်ရှိလျှပ်စစ်မီး ရရှိသွားပြီဖြစ်တဲ့ တာလောကြီးကျေးရွာမှာ မီတာဘောက်နဲ့ မီးကြိုးသွယ်တန်းစရိတ် ထောက်ပံ့ပေးတယ် ” လို့ ကချင်ပြည်နယ်အစိုးရအဖွဲ့ ညွှန်ကြားရေးမှူး ဦးဇော်ဇော်ကပြောခဲ့ပါတယ်။ အဲ့ဒီလို ကူညီခဲ့တဲ့ အိမ်ထောင်စု အရေအတွက်ကတော့ နန်ဆန်ယန်ကျေးရွာမှာ ၉၈ စု ၊ ဒဘတ်ယန်ကျေးရွာမှာ ၃၄ စုနဲ့ တာလောကြီးကျေးရွာမှာ ၅၆ စု လို့ သိရပါတယ်။

 

၂၀၂၀ ဇန်နဝါရီ ၆ ရက်နေ့က မြစ်ကြီးနားမြို့ မြို့တော်ခန်းမမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး အပါအဝင် တာဝန်ရှိသူတွေနဲ့ ကချင်ပြည်နယ်အစိုးရအဖွဲ့ တာဝန်ရှိသူတွေ စစ်ဘေးသင့်ကျေးရွာ ၁၇ ခုက စစ်ရှောင်တွေ နေရပ်ပြန်ရေးအတွက် ဆောင်ရွက်ဖို့ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။ ဒါဟာ အစိုးရဘက် နေရပ်ပြန်ကိစ္စဆောင်ရွက်လာမှု ဖြစ်ပါတယ်။

 

၂၀၂၀ ပြည့်နှစ်  ဇူလိုင် (၁၀) ရက်နေ့က နေပြည်တော်၊ လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (lDPs) ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နဲ့ ကချင်ဒေသ စစ်ဘေးသင့်ပြည်သူတွေကို အကူအညီပေးရေးကော်မတီ (KHCC) တို့ ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ပါတယ်။

 

အဲ့ဒီအစည်းအဝေးမှာ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ (lDPs) ပြန်လည်နေရာချထားမှု အကောင်အထည် ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့ ဥက္ကဌ ဒုတိယဝန်ကြီး ဦးစိုးအောင်နဲ့ အဖွဲ့ဝင်တွေ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့က လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးနေလင်းထွန်း၊ လူမှုရေးဝန်ကြီး ဦးနေဝင်း၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးထွန်းဇော်၊ ကချင်ဒေသ စစ်ဘေးရှောင် ပြည်သူများ ကူညီစောင့်ရှောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ ခလမ်ဆမ်ဆွန်နဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ကြပါတယ်။

 

ဒါကိုကြည့်တာနဲ့ နေရပ်ပြန်ကိစ္စရပ်တွေအတွက် အစိုးရ ၊ အရပ်ဘက်နဲ့ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေ ဘာသာရေးခေါင်းဆောင်တွေ ပူးပေါင်းလုပ်ဆောင်ပြီး အားကောင်းလာမယ့် အနေအထားဆိုတာ သိနိုင်ပါတယ်။

 

(KHCC) ကို နီပွန်ဖောင်ဒေးရှင်းက နေရပ်ပြန်ကိစ္စတွေ ဆောင်ရွက်ဖို့ အမေရိကန် ဒေါ်လာ ၅ သန်း ထောက်ပဲ့ပြီးနောက်ပိုင်း ဇူလိုင် ၄ ရက်နေ့မှာ မြစ်ကြီးနား စီတာပူရပ်ကွက်က စစ်ရှောင်အိမ်ထောင်စု ၁၀ စုက လူဦးရေ ၄၄ ဦးကို သူတို့ရဲ့ နေရပ် ဝိုင်းမော်မြို့နယ် ရွှေညောင်ပင်ကျေးရွာကို  ပထမအကြိမ် နေရပ်ပြန်ပို့ခဲ့ပါတယ်။

 

သူတို့စွန့်ပစ်ထားခဲ့တဲ့ နေအိမ်တွေ ယိုယွင်းပျက်စီးနေတာနဲ့ သောက်သုံးရေရရှိရေး၊ အိမ်သာ တည်ဆောက်ပေးမှုအတွက် တစ်အိမ်ထောင်လျှင် မြန်မာကျပ်ငွေ သိန်း ၇၀ လောက် အကုန်ကျခံ တည်ဆောက်ပေးခဲ့တယ်လို့ သိရပါတယ်။

 

နောက်ထပ်ကတော့ တနိုင်းမြို့ RC စစ်ရှောင်စခန်းမှာ ခိုလှုံနေတဲ့ နမ်ခမ်း အင်္ဂါဂါးကျေးရွာတွေက  စစ်ရှောင်အိမ်ထောင်စု (၂၆) စု လူဦးရေ ၁၂၈ ဦးကို အောက်တိုဘာ ၂၂ ရက်က တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက် မြို့ရှောင်လမ်းမှာပဲ နေအိမ်တွေဆောက်လုပ်ပြီး နေထိုင်နိုင်ဖို့ စီစဉ်ပေးခဲ့ပါတယ်။

 

“ သူတို့အားလုံး ၃၂ စု ရှိမယ်၊ သူတို့ရွာကို ပြန်ချင်သလား မပြန်ချင်ဘူးလား အစည်းအဝေးထိုင်တယ်လို့ ပြောပါတယ်။ အစည်းအဝေးထိုင်ပြီးတော့မှ ၂၆ မိသားစုက ရွာကိုမပြန်ဘူး၊ ပြန်လို့လည်း အခြေအနေ မကောင်းတဲ့အတွက် မပြန်တော့ဘူးပေါ့၊ ဒီမှာအခြေချမယ် ဆိုပြီးမှ သူတို့ဆုံးဖြတ်တယ်။ မိသားစု ၆ စု ကတော့ ကမ့်မှာ (တနိုင်းမြို့ RC စစ်ရှောင်စခန်း) ကျန်ခဲ့တယ်။ သူတို့ကတော့ ရွာပြန်မယ်ပေါ့ အဲ့ဒီလို သူတို့ဟာသူတို့ ဆုံးဖြတ်ပြီးတော့မှ ကျွန်တော်တို့ရုံးကို ကမ့်တာဝန်ခံတွေက စာတင်ပါတယ်။ အဲ့ဒီစာကို အစိုးရဆီ တင်ပြပြီးတော့မြေနေရာလည်း သူတို့ရှာထားတဲ့ မြေနေရာမှာ ကျွန်တော်တို့က ပြန်တည်ဆောက်ပေးတဲ့ အပိုင်းပဲရှိပါတယ် “ ဆိုပြီး အဲ့ဒီအချိန်က မေးခဲ့ရာမှာ (KHCC) ဒုတိယအတွင်းရေးမှူး (၁) ဖာသာနော်လတ်က ပြောပါတယ်။

 

Nippon Foundation ကနေ KBC ကို ဂျပန်အစိုးရကထောက်ပံ့တဲ့ အမေရိကန်ဒေါ်လာ ၅ သန်းနဲ့  ပူတာအို၊ မိုးမောက်၊ မံစီ၊ မြစ်ကြီးနား၊ ဝိုင်းမော်မြို့နယ်တွေက စစ်ရှောင်အိမ်ထောင်စုတွေ နေရပ်ပြန်ကိစ္စတွေဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

(KHCC) ကတော့ ကချင်စစ်ရှောင် အိမ်ထောင်စု ၈၀၀ ကျော် လူဦးရေ ၃၀၀၀ ကျော် နေရပ်ပြန်နိုင်ရေးကို ၂၀၂၁ နွေရာသီအကုန်မှာ အပြီးပြန်ပို့သွားဖို့ ဆောင်ရွက်နေတယ်လို့ ဒုတိယအတွင်းရေမှူး (၃) ဦးခါးလီကပြောပါတယ်။ နိုဝင်ဘာလ မတိုင်ခင်က ချီဖွေဘက်က ၃ ရွာ၊ ဗန်းမော်ဘက်က (၈) ရွာလောက်နဲ့ ပူတာအိုဘက်ကတော့ လုံးဇွပ်ကျေးရွာက စစ်ရှောင်စခန်း အာလုံးကို ပြန်ပို့နိုင်အောင် ဆောင်ရွက်ခဲ့တယ်လို့ ပြောပါတယ်။

 

(KHCC) က စစ်ရှောင်တွေ နေရပ်ပြန်နိုင်ဖို့ ကျေးရွာ ၂၂ ရွာ တင်ပြခဲ့ပြီး တရားဥပေဒစိုးမိုးရေးနှင့် လုံခြုံရေးအခြေအနေ စိတ်မချရလို့ ၄ ရွာကို ခွင့်ပြုပေးနိုင်ခြင်းမရှိဘူးလို့ ကချင်ပြည်နယ် နယ်လုံဝန်ကြီးက ဇူလိုင်လ ၁၇ ရက်က ပြုလုပ်တဲ့ ပြည်နယ်အစိုးရအဖွဲ့ သတင်းစာရှင်လင်းပွဲမှာ ပြောခဲ့ပါတယ်။

 

ကျန်တဲ့ ၁၈ ရွာထဲက ရွှေညောင်ပင်ကျေးရွာက စစ်ရှောင်အိမ်ထောင်စု ၁၀ စု လူဦးရေ ၆၀ ကျော်ကို ဇူလိုင်လ ၄ ရက်နေ့က ပြန်ပို့ထားတာတွေ့ရပါတယ်။ KHCC ကတော့ ကချင်ပြည်နယ်အတွင်း ကေအိုင်အိုနဲ့ အစိုးရထိန်းချုပ်နယ်မြေက စစ်ဘေးရှောင်တွေအားလုံး နေရပ်ပြန်ရေး ကိစ္စကို  ၂၀၂၃ မှာ အပြီးသတ် ဆောင်ရွက်ဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

 

၂၀၂၀ အထွေထွေရွေးကောက်ပွဲ ကျင်းပပြီးနောက်ပိုင်း နိုဝင်ဘာ ၁၂ ရက်နေ့က ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာက စစ်ဘေးရှောင်အိမ်ထောင်စု ၂၁၆ စုနေပြန်လည်အခြေချနေထိုင်ဖို့ စာရင်းကောက်ယူခဲ့ပြီး အဲ့ဒီအိမ်ထောင်စုတွေရဲ့  နေအိမ်တွေကို  (KHCC) က ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီမှာ အပြီးတည်ဆောက်မယ်လို့ သိရပါတယ်။ မတ်လမှာ အားလုံးပြန်လာနိုင်အောင် စီစဉ်ပေးသွားမှာလို့လည်း ပြောပါတယ်။ ပျက်စီးနေတဲ့ နေအိမ်တွေအတွက် ပြင်ဆင်စရိတ် တစ်အိမ်ကို ၁၀ သိန်း နဲ့ ၁၅ သိန်းဝန်းကျင် ပေးမှာဖြစ်ပြီး အသစ်ဆောက်ရမယ့် အိမ်တွေအတွက် သိန်း ၄၀ – ၄၅ သိန်းတန် တန်ဖိုးနည်း နေအိမ်တည်ဆောက်ပေးသွားမယ်လို့ (KHCC) တွဲဘက်အတွင်းရေးမှူး – ၃ ဦးခါးလီက ပြောပါတယ်။

 

နေရပ်ပြန် စစ်ရှောင်တွေကတော့ သူတို့နေထိုင်တဲ့ ဝန်းကျင်နဲ့ တောင်ယာလုပ်ငန်း လုပ်ကိုင်တဲ့နေရာတွေမှာ မိုင်းအန္တရာယ် ကင်းရှင်ရေး၊ သောက်သုံးရေ ရရှိရေး၊ စာသင်ကျောင်း၊ ဘုရားကျောင်းနဲ့ ကျေးလက်ဆေးပေးခန်းတွေ ဆောင်ရွက်ပေးစေချင်နေကြတာပါ။ သူတို့အတွက် နေအိမ်တွေ ပြင်ဆင်တည်ဆောက်ပေးပြီးတဲ့အခါ အရင်က တောင်ယာလုပ်ငန်း လုပ်ကိုင်ဖို့ မွေးမြူထားတဲ့ ကျွဲ၊ နွားတွေ မရှိတော့တဲ့အတွက် အခက်အခဲ ကြုံနိုင်တယ်လို့ နေရပ်ပြန်ပြည်သူ ဦးလခရီး ဘရန်နန်က ပြောပါတယ်။ ဒဘတ်ယန်ကျေးရွာမှာ အမှန်တကယ် နေထိုင်တဲ့ အိမ်ထောင်စု ဟုတ် ၊ မဟုတ်ကို ဝိုင်းမော်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနက စီစစ်ပြီး စာရင်းသွင်းပေးတယ်။ သူတို့အတွက် အခက်အခဲ ဖြစ်နေတာကတော့ စစ်ရှောင်စခန်းရောက်မှ အိမ်ထောင်စု ခွဲသွားတဲ့သူတွေရဲ့ နေအိမ်တည်ဆောက်ရေးဖြစ်ပြီး ဒါကိုတော့ လ.ဝ.က အတည်ပြုထားတဲ့ မြေနေရာထဲမှာပဲ နေထိုင်သွားဖို့ မျှော်လင့်တယ်လို့ ပြောပါတယ်။

 

“ ကျွန်မတို့က စစ်ရှောင်ရောက်မှ အိမ်ထောင်ကျတာဖြစ်တော့ အိမ်ထောင်စုခွဲရမှာ ရုံးတွေဘာတွေ သွားလေ့သွာထ မရှိတော့ ဘာလုပ်ရမယ့် မသိဘူး မှတ်ပုံတင်လုပ်သလို စစ်ရှောင်စခန်းမှာ လာလုပ်ပေးစေချင်တယ်” လို့ ဒဘတ်ယန်ကျေးရွာက မဒေါန်စိန်းက ပြောပါတယ်။

 

ဆယ်နှစ်နီးပါးကြာနေပြီဖြစ်လို့ မြေနေရာအမှတ်အသားတွေ ပျောက်ကုန်တာနဲ့ တောင်ယာနယ်နိမိတ် သတ်မှတ်ချက်အတည်ပြုဖို့ကိုတော့ ၂၀၁၀ ခုနှစ်က ကောက်ယူထားတဲ့ စာရင်းအတိုင်း စီစစ်ပြီး နေရာချထားပေးသွားမယ်လို့ ဝိုင်မော်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းဦးစီးဌာန ဦးစီးဌာနမှူး ဦးသိန်းလှိုင်ဝင်းက ပြောပါတယ်။ အဲ့ဒါအပြင် ဒဘတ်ယန်ကျေးရွာကို ပြန်လာကြတဲ့ နေရပ်ပြန် စစ်ရှောင်တွေကို မေးကြည့်တော့ ကျန်းမာရေး အစောင့်အရှောက် တာဝန်ယူမယ့် ကိစ္စတော့မသိရသေးဘူးလို့ ပြောပါတယ်။

 

အဲ့ဒီကျေးရွာကို ပြန်ပို့ဖို့ စီစဉ်နေတဲ့ နေရပ်ပြန်စစ်ရှောင် အိမ်ထောင်စုတွေဟာ ဝိုင်းမော်မြို့နဲ့ မြစ်ကြီးနားက စစ်ရှောင်စခန်း ၁၇ ခုမှာ နေထိုင်ခဲ့သူတွေ ဖြစ်ပြီး အိမ်ထောင်စု ၂၁၆ စုမှာ လူဦးရေ ၇၀၀ ကျော် ပါဝင်တယ်လို့ သိရပါတယ်။  နေရပ်ပြန်တွေ နေထိုင်တဲ့အခါ လုံခြုံဖို့နဲ့ မိုင်းရှင်းလင်းရေးကိစ္စတွေကိုတော့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အင်ဂျင်နီယာဌာနက တာဝန်ယူ ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

 

မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် အင်ဂျင်နီယာဌာန တာဝန်ရှိသူကတော့ “ မိုင်းရှင်းလင်းရေးကဏ္ဍကို တစ်ရက်တည်း အပြီး မဆောင်ရွက်ပေးနိုင်ပေမယ့် နေရပ်ပြန်ပြည်သူတွေရဲ့ ဆန္ဒအတိုင်း တစ်ရက်ချင်း ဆောင်ရွက်ပေးသွားမယ်”လို့ ပြောခဲ့ပါတယ်။

 

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်၊ ဒဘတ်ယန်ကျေးရွာက စစ်ဘေးရှောင်အိမ်ထောင်စု ၂၁၆ စု နေရပ်ပြန် အခြေချ နေထိုင်နိုင်ဖို့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် အင်ဂျင်နီယာဌာနက တာဝန်ယူပြီး မြစ်ကြီးနား – ဗန်းမော် ကားလမ်းဘေးက အိမ်ထောင်စု ၅ စုရဲ့နေအိမ်နဲ့ ဒဘတ်ယန်ကျေးရွာအတွင်းက အိမ်ထောင်စု ၃၀ အတွက် မိုင်းရှင်းလင်းရေးကိစ္စကို နိုဝင်ဘာ ၁၃ ရက်နေ့ကစပြီး ဆောင်ရွက်ခဲ့ပါတယ်။

 

နေရပ်ပြန်ပြည်သူတွေရဲ့ လုံခြုံရေးအတွက် တာဝန်ယူ ဆောင်ရွက်ပေးသွားမယ့်ကိစ္စကို ခမရ (၃၈၁) က ဗိုလ်ကြီး ရန်မျိုးအောင်က “ မသင်္ကာတာတွေ့လျှင် ကိုယ်တိုင်မလုပ်ကြပါနဲ့ ကျွန်တော်တို့ကို အကြောင်းကြားပါ၊ ကျွန်တော်တို့ ရောက်အောင်လာခဲ့ပါမယ်၊ ကျွန်တော်တို့ကို မပြောချင်လျှင် ဒီမှာ ဦးလေးတို့၊ အဒေါ်တို့၊ ညီတို့ ညီမတို့ရဲ့ ခေါင်းဆောင်တွေရှိတယ်၊ သူတို့ကတစ်ဆင့်ပြော ကျွန်တော်တို့ဆီကို ရောက်တယ်” ဆိုပြီး နေရပ်ပြန်လာကြမယ့် ဒဘတ်ယန်ကျေးရွာက ပြည်သူတွေကို ပြောထားတာလည်း တွေ့ရပါတယ်။

 

အဲ့ဒီလို ဆောင်ရွက်ပေးတဲ့အပြင် နေရပ်ပြန်စစ်ရှောင်တွေ သူတို့ရွာကနေ နောက်တစ်ကြိမ် ထွက်မသွားရဖို့က အရေးအကြီးဆုံးအရာဖြစ်ပါတယ်။ ဒါက နှစ်ဖက်လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ အပစ်ရပ် လက်မှတ်ထိုးရေးကိစ္စနဲ့ ပက်သက်နေတာဖြစ်လို့ နေရပ်ပြန်ကိစ္စတွေ အကောင်အထည်ဖော်နေတဲ့ KHCC တွဲဘက် အတွင်းရေးမှူး (၃) ဦးခါးလီကို မေးကြည့်တော့ အခုနေရပ်ပြန်ကိစ္စတွေ ဆောင်ရွက်မှုအပေါ် အစိုးရ၊ တပ်မတော်နဲ့ ကေအိုင်အို / ကေအိုင်အေရဲ့ သဘောတူညီမှု ရရှိထားတယ်လို့ ပြောပါတယ်။ ဒါက နေရပ်ပြန်လာသူတွေအတွက် အနည်းငယ် စိတ်သက်သာရာရစေတယ်လို့ ပြောနိုင်ပါတယ်။

 

ဒဘတ်ယန်ကျေးရွာမှာ အရင်က ကျေးရွာဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သူ ဦးအောင်မြတ်ကတော့ “ ကျွန်တော်တို့ ရွာသူရွာသားတွေဘက်ကတော့ စစ်ပွဲဆိုတာတွေနဲ့ သေနတ်သံဘယ်ကြားချင်ပါ့မလဲ သို့သော်ငြားလည်း အဖွဲ့အစည်းတွေက ပြေလည်မှုမရှိရင် အချိန်မရွေးပြန်ဖြစ်နိုင်တာပေါ့၊ ပြည်သူတွေကတော့ ရှောင်သင့်ရင် ပြန်ရှောင်ရုံပဲတက်နိုင်တာပေါ့၊ ရွာသူရွာသားတွေကတော့ အေးအေးဆေးဆေး လုပ်ကိုင်စားသောက် နေချင်တာပေါ့၊ အဲ့ဒါကြောင့် နှစ်ဖက်သော လက်နက်ကိုင်တပ်ဖွဲ့တွေကို တောင်းဆိုချင်ပါတယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့ပြည်သူလူထုမျက်နှာကို ကြည့်ပြီးမှ အတတ်နိုင်ဆုံးအဖက်ဖက်က လျှော့စရာရှိတာတွေ လျှော့ပြီး ပြေလည်မှုရအောင် ကြိုးစားသွားခိုင်းချင်တဲ့ဆန္ဒတော့ ရှိပါတယ်” လို့ သူတို့ဆန္ဒကို ဖွင့်ပြောပြပါတယ်။

 

အဲ့ဒီမှာ ပြန်လာတဲ့ စစ်ရှောင်အိမ်ထောင်စု ၂၁၆ စုဟာ မြစ်ကြီးနားမြို့နဲ့ ဝိုင်းမော်မြို့က စစ်ရှောင်စခန်း ၁၇ ခုမှာ နေထိုင်ကြသူတွေ ဖြစ်ပါတယ်။ ဒဘတ်ယန်ကျေးရွာမှာ စစ်ဘေးမရှောင်ခင်က အိမ်ခြေ ၃၀၀ ကျော်ရှိပြီး လူဦးရေ စုစုပေါင်း ၁၅၀၀ ကျော်တယ်လို့ ကျေးရွာဥက္ကဋ္ဌဟောင်း ဦးအောင်မြတ်ရဲ့အပြောအရ သိရပါတယ်။

 

ဒဘတ်ယန်ကျေးရွာကို ပြန်လာကြမယ့် အိမ်ထောင်စုတွေရဲ့ အနာဂတ် မျှော်လင့်ချက် ကလေးတွေ ပညာရေးကိစ္စအတွက်ပါ ဆောင်ရွက်စရာတွေက အများကြီး ဖြစ်နေခဲ့တာပါ။ လက်ရှိမှာတော့ ဒဘတ်ယန်ကျေးရွာက ကလေးတွေ ပညာသင်ကြားနိုင်ဖို့ ဝိုင်းမော်မြို့မှာ ကျောင်းဆောင်တစ်ခု ဖွင့်ပေးထားတယ်လို့ သိရပါတယ်။  ဦးမရန်နော်တောင်ကတော့ “ ဘေးအနီးအနားမှာ ကျောင်းတွေကလည်း မရှိသေးတော့ အဆောင်တွေမှာထားပြီး ကျောင်းတက်ခိုင်းရတော့မှာပဲ”ဆိုပြီး  ကိုဗစ်ကာလပြီးလို့ ကျောင်းတွေပြန်ဖွင့်တဲ့အခါ စစ်ကြောင့်ပျက်စီးနေတဲ့ ကျောင်းတွေနဲ့ ကလေးတွေရဲ့ ပညာရေးအတွက် ဆောင်ရွက်ပေးစေချင်ကြောင်း ပြောပါတယ်။

 

ကချင်ပြည်နယ်အတွင်းက စစ်ရှောင်တွေ နေရပ်ပြန်ရေးကိစ္စနဲ့ပတ်သက်ပြီး ဒီဇင်ဘာ ၁ ရက်နေ့က မြောက်ပိုင်းတိုင်းစစ်ဌာနချုပ် မလိခရိပ်သာမှာ ကချင်နှစ်ခြင်းခရစ္စယာန်အဖွဲ့ချုပ် ဥက္ကဋ္ဌ တစ်နည်းအားဖြင့် နေရပ်ပြန်ကိစ္စတွေ လုပ်ဆောင်နေတဲ့ KHCC ဥက္ကဋ္ဌနဲ့ တာဝန်ရှိသူတွေက တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

 

အဲ့ဒီမှာ နေရပ်ပြန်စစ်ရှောင်အရေးနဲ့ ငြိမ်းချမ်းရေးအတွက် ဆုမွန်ကောင်းတောင်းပေးဖို့ ကအဓိက ပါဝင်နေပါတယ်။ ကချင်ပြည်နယ်က စစ်ဘေးရှောင်တွေရဲ့ သူတို့နေရပ်ပြန် အခြေချပြီးမှ နောက်တစ်ကြိမ် စစ်ရှောင်စခန်းတွေဆီ ပြန်မသွားရဖို့ ဆန္ဒအတွက် အားတက်စရာတစ်ခု ဖြစ်လာမလားဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရတော့မှာပါ။

 

ဆယ်စုနှစ်တစ်ခုနီးပါး နေရပ်စွန်ခွာရသူတွေ ပြန်အခြေချ နေထိုင်နိုင်ရေးမှာ  အဆင်ပြေပြေနေထိုင်ရေး ၊ သူတို့ဇာတိချက်ကြွေမွေးရပ်မြေကိုထားခဲ့ပြီး နောက်ထပ်တခါ ပြန်မပြေးရစေဖို့  မြန်မာနိုင်ငံငြိမ်းချမ်းရေး အထမြောက်အောင်မြင်လာပါစေလို့  သူတို့ဘုရားဝတ်ပြုတိုင်း ဆုတောင်းတဲ့ထဲမှာ မဖြစ်နေပါကြမယ်ဆိုတာတော့ မြေကြီးလက်ခတ်လွဲမယ်မထင်ပါဘူး။

 

မြန်မာပြည်ကြီးငြိမ်းချမ်းပါစေ

 

သရ

 

#voiceofmyanmar #VOM #ကချင်စစ်ရှောင်

Related posts

Leave a Comment

VOM News

FREE
VIEW