ခင်ပွန်းဖြစ်သူကို လူငှားသတ်တဲ့ ဇနီး နဲ့ အပေါင်းပါတွေကို ဖမ်းမိ

ဒီဇင်ဘာ ၈-၂၀၂၀
ကောင်းလက်ျာ(VOM)

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ မေတ္တာလင်းမြိုင်ကျေးရွာမှာနေတဲ့ အမျိုးသားတစ်ဦးအသတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရာကနေ ချုပ်ချယ်တဲ့ ခင်ပွန်းကို လူငှားသတ်ခိုင်းသူ ဇနီးဖြစ်သူနဲ့ ကျူးလွန်သူအပေါင်းပါတွေကို မနေ့ ဒီဇင်ဘာ ၇ ရက်နေ့ ညပိုင်းက ဖမ်းဆီးရမိခဲ့တယ်လို့မြဝတီမြို့မရဲစခန်းမှူး ဒု-ရဲမှူး အောင်ကျော်ဦးက ပြောပါတယ်။

” မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးနေတာပါ။ မနေ့ညက ဝန်ခံထွက်ဆိုခဲ့ပြီး ဆွေမျိုးတွေဆီတောင် ဝင်ထွက်သွားလာခွင့်မပြုဘဲ ချုပ်ချယ်လွန်းတာ စိတ်ပျက်ပြီး လူငှားသတ်ခိုင်းခဲ့တာပါ။ ငွေပေးထားတာတောင် ကျပ်တစ်သိန်းပဲ ရှိပါသေးတယ်”လို့ ရဲမှူး အောင်ကျော်ဦးကပြောပါတယ်။

မေတ္တာလင်းမြိုင်ကျေးရွာမှာနေတဲ့ ဦးမျိုးအေး (၄၅နှစ်)ဆိုသူဟာ နိုဝင်ဘာလ၂၉ ရက် မနက်ပိုင်းက နေအိမ်ရှေ့ခန်းမှာ ဓားဒဏ်ရာတွေနဲ့ သေဆုံးနေခဲ့တာဖြစ်ပြီး ဇနီးဖြစ်သူမှ အဲ့ဒီနေ့မတိုင်မီ ည ၉ နာရီခန့်ကတည်းက အိပ်ခန်းထဲဝင်အိပ်နေတာဖြစ်တယ်လို့ စစ်ဆေးထွက်ဆိုခဲ့တာကြောင့် နယ်မြေခံရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးခဲ့တာဖြစ်ပါတယ်။

အဲ့ဒီလိုစစ်ဆေးရာက ဒီဇင်ဘာ ၇ ရက်နေ့ညပိုင်းမှာ ဇနီးဖြစ်သူ ဒေါ်ဇာနည်မြင့်(၄၂နှစ်)ဟာ တစ်မြို့တည်းနေ ဝေနိုင်ဖြိုး(ခ)ကုလား (၂ဝ နှစ်)၊ မိုးမင်းသန်း(ခ) ပေါက်ပန်း(၃၃ နှစ်)တို့ နှစ်ဦးကို ငွေပေး သတ်ခိုင်းတယ်ဆိုတာကို စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ မြဝတီမြို့မရဲစခန်းကနေ သိရပါတယ်။

အမှုနဲ့ပတ်သက်လို့ဒေါ်ဇာနည်မြင့်နဲ့ပြစ်မှုကျူးလွန်တဲ့ အမျိုးသားနှစ်ဦးကို မြဝတီမြို့မရဲစခန်းမှ (ပ)၅၆/၂၀၂၀၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၃၀၂ (လူသတ်မှု)နဲ့ ဖမ်းဆီးအမှုဖွင့်ထားတယ်လို့ သိရပါတယ်။

Photo -ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #မြဝတီ #လူသတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW