ရန်ကုန်မြို့က မြို့နယ် ၂ခုမှာ ဦးကျော်မြင့်ကို ပုဒ်မသုံးခုနဲ့အမှုထပ်ဖွင့်ထား

ဒီဇင်ဘာ ၁၂-၂၀၂၀
အေးချမ်းသူ(VOM)

နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခြင်းခံလိုက်ရတဲ့ နှင်းဆီပါတီဥက္ကဌ ဦးကျော်မြင့်ကို ရန်ကုန်မြို့ရှိ လှိုင်မြို့နယ်နဲ့ လှိုင်သာယာမြို့နယ်တို့မှာ ပုဒ်မသုံးခုနဲ့အမှုဖွင့်ထားပြီး ငွေကြေးခဝါချတဲ့အမှုအတွက် ထပ်မံစစ်ဆေးနေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေက VOMကိုပြောပါတယ်။

“ပုဒ်မ နှစ်ခုနဲ့အမှုဖွင့်ထားတာဗျ၊ ငွေကြေးခဝါချမှုကတော့ စစ်ဆေးနေတုန်း၊ စစ်ဆေးလို့ပေါ်ရင် ထပ်ဆွဲမယ်”လို့ ဦးမျိုးခိုင်ဆွေကပြောပါတယ်။

ဦးကျော်မြင့်ကို ဒီဇင်ဘာ ၇ရက်နေ့က လှိုင်မြို့မရဲစခန်းမှာ (ပ) ၁၆၆၇/၁၉၉၀၊ ငွေရေးကြေးရေးဥပဒေပုဒ်မ-၈၂ ၊ (ပ) ၁၆၆၈/၂၀၁၆ ခုနှစ်ငွေရေးကြေးရေးအဖွဲ့အစည်းများဥပဒေပုဒ်မ-၁၇၁နဲ့ အမှုဖွင့်ထားတယ်လို့ ဦးမျိုးခိုင်ဆွေက VOMကိုပြောပါတယ်။

အမှုတွဲကို တရားရုံးအမြန်ဆုံးတင်ပို့နိုင်ရေးအတွက် ဆောင်ရွက်နေပြီး ရန်ကုန်တိုင်းအထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးစိုးနောင်ဦးနဲ့အဖွဲ့က ငွေကြေးခဝါချမှုအတွက် ထပ်မံစစ်ဆေးနေတယ်လို့ အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနဗဟိုမှ ပြောရေးဆိုခွင့်ရှိသူ ညွန်ကြားရေးမှူး ဦးမျိုးခိုင်ဆွေကရှင်းပြပါတယ်။

လှိုင်သာယာမြို့မရဲစခန်းမှာလည်း လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအက်ဥပဒေပုဒ်မ-၁၃(၁)နဲ့ အမှုဖွင့်ထားကြောင်း တိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

” လှိုင်သာယာမြို့မရဲစခန်းမှာလည်း UDPပါတီဥက္ကဋ္ဌကို လူဝင်မှုကြီးကြပ်ရေးဆိုင်ရာပုဒ်မ- ၁၃(၁)နဲ့ အမှုဖွင့်လှစ်ထားပြီး ရုံးထုတ်မယ့်နေ့ကိုတော့ အတိအကျမသိဘူး”လို့ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးကပြောပါတယ်။

ဦးကျော်မြင့်ရဲ့အမှုကို လိုက်ပါဆောင်ရွက်ပေးသူ တရားလွှတ်တော်ရှေနေ့ဦးနေလင်းထွန်းက ” ငွေကြေးခဝါမှုလို့မကြားဘူး၊ လိုင်စင်မရှိဘဲ ငွေချေးလို့ ဗဟိုဘဏ်ကနေ ခွင့်ပြုချက်မရှိဘဲ ချေးလို့ တရားစွဲတာ၊ လ.ဝ.ကဥပဒေနဲ့ တရားစွဲတာတော့ မကြားဘူးဗျ”လို့ VOMကိုပြောပါတယ်။

UDPပါတီဥက္ကဌဦးကျော်မြင့်ကို နိုဝင်ဘာလ ၁၂ရက်နေ့က မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်တရားရုံးကနေ ထောင်ပြေးမှုပုဒ်မ-၂၂၄နဲ့ ထောင်ဒဏ် ၂နှစ်ချမှတ်ခဲ့ပြီးနောက် ဒီဇင်ဘာ ၄ရက်နေ့မှာ ရန်ကုန်မြို့ရှိ အင်းစိန်ထောင်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။

UDPပါတီဥက္ကဋ္ဌကို ထောင်ပြေးမှုနဲ့ တရားစွဲ ဖမ်းဆီးခံရပြီးနောက်ပိုင်း တရားမဝင်လွှဲပြောင်းရယူထားသည့် ငွေကြေးတွေနဲ့ ပါတီအတွက် အသုံးပြုထားတာကို စစ်ဆေးတွေ့ရှိခဲ့တာကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နှင်းဆီပါတီ(ခေါ်) UDPပါတီကို အောက်တိုဘာ(၁၇)ရက်နေ့မှာ နိုင်ငံရေးပါတီအဖြစ်ကနေ ဖျက်သိမ်းခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #ဦးကျော်မြင့်

Related posts

Leave a Comment

VOM News

FREE
VIEW