ပြည်တွင်းလေကြောင်းလိုင်းတွေ ဒီဇင်ဘာလ ၁၆ ရက်ကစပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြု

ဒီဇင်ဘာ ၁၃-၂၀၂၀
သိင်္ဂီထွန်း (VOM)

ပြည်တွင်းလေကြောင်းလိုင်း ခရီးစဉ်တွေ (Domestic Scheduled ၊ Flights)ကို ဒီဇင်ဘာ ၁၆ ရက်နေ့စပြီး ပုံမှန်အတိုင်း ပြန်လည်ပြေးဆွဲခွင့်ပြုလိုက်ပြီဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနကပြောပါတယ်။

“ခရီးစဉ်တွေကတော့အရင်လောကြောင်းလိုင်းတွေပြေးဆွဲတဲ့မြို့အကုန်လုံးအားလုံးပြေးဆွဲမှာပါ။ ကျနော်တို့ကတော့ အရင်ပုံမှန်လိုပဲ သွားလို့ရတယ်ဆိုပြီး ပြန်ဖွင့်တာပါ၊ ဒါပေမယ့် ခရီးသွားတွေကတော့ ကိုယ်သွားမယ့် ဒေသ၊ တိုင်းဒေသကြီးနဲ့ပြည်နယ်တွေရဲ့စည်းကမ်းချက်တွေကိုလိုက်နာရမှာပါ။ ကျန်းမာရေးက လိုက်နာရမယ့်စည်းကမ်းချက်တွေနဲ့အညီ လုပ်ဆောင်ရမယ်။ ကျန်းမာရေးက PSO ထွက်လိမ့်မယ်၊ အဲ့ဒါတွေကိုလိုက်နာပြီး ရောဂါကာကွယ်ရေးအတွက် လမ်းညွန်ချက်တွေနဲ့အညီ ပြေးဆွဲမှာဖြစ်တယ်။ ၁၆ ရက်နေ့ကနေစပြီးတော့ပြန်ပြေးဆွဲခွင့်ပြုတယ်၊ လေကြောင်းလိုင်းတွေကနေ လက်မှတ်ရောင်းပြီးသား အဆင်သင့်ရှိတယ်ဆိုရင်တော့ တန်းပြေးဆွဲလို့ရေးတာပေါ့”လို့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးမျိုးမင်းဦးကပြောပါတယ်။

အခုလိုပြန်လည်ပြေးဆွဲခွင့်ပြုတဲ့အပေါ် ခရီးသွားတွေ၊ လေဆိပ်မှာတာဝန်ထမ်းဆောင်ကြသူတွေ ၊လေယာဉ်မှူးတွေ၊လေယာဉ်ဝန်ထမ်းတွေ စတဲ့ လေကြောင်းလိုင်းနဲ့ဆက်စပ်သူတွေကတော့ ကျန်းမာရေးကထုတ်ပြန်မယ့် ကိုဗစ်စည်းကမ်းချက်တွေကို လိုက်နာရမှာဖြစ်ပါတယ်။

ဒါ့အပြင် ခရီးသွားတွေအနေနဲ့ လေယာဉ်မစီးနင်းမှီ Test kit နဲ့ ကိုဗစ်ပိုးရှိမရှိကို စစ်ဆေးခံယူရမှာဖြစ်တယ်လို့သိရပါတယ်။

ဒါ့ကြောင့် လေကြောင်းလိုင်းတွေပြေးဆွဲမယ့် နေပြည်တော်ကောင်စီ ၊ တိုင်းဒေသကြီး ၊ ပြည်နယ်တွေမှာခရီးသွားတွေကို ကိုဗစ်ပိုးရှိ၊မရှိ စစ်ဆေးဖို့ swab ယူစစ်ဆေးနိုင်မယ့် ကိုဗစ်စစ်ဆေးရေး နေရာတွေကို သတ်မှတ်ထားရှိဖို့လည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။

ပြည်တွင်းလေကြောင်းလိုင်းတွေ ပျံသန်းပြေးဆွဲမှုကို စံလုပ်ထုံးလုပ်နည်း (SOP) နဲ့အညီဆောင်ရွက်သွားဖို့အတွက် Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ ရဲ့ လမ်းညွှန်မှုအရ ဆောင်ရွက်ခြင်းဖြစ်တယ်လို့ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနက ဒီဇင်ဘာလ ၁၂ ရက်နေ့မှာ တရားဝင်သတင်းထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ပြည်တွင်း လေကြောင်းလိုင်းသယ်ယူပို့ဆောင်ရေးကဏ္ဍမှာ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလ အထိ ဝင်ငွေ အမေရိကန်ဒေါ်လာ ၂၈၁ ဒသမ ၈၇၅ သန်းရရှိခဲ့ပြီး ကာလတူ ၂၀၂၀ ခုနှစ် ဇန်နဝါရီလကနေ ဒီဇင်ဘာလအထိ ၅၃ ဒသမ ၃၁၅ သန်းသာရရှိခဲ့တာကြောင့် ကာလတူနိူင်းယှဉ်ရင် ကိုဗစ်ကြောင့် ၈၁ ရာခိုင်နှုန်း ကျဆင်းမှုရှိခဲ့တယ်လို့ စစ်တမ်းမှာဖော်ပြထားပါတယ်။

Photo-YACL
#voiceofmyanmar #VOM #ရန်ကုန် #ပြည်တွင်းလေကြောင်းလိုင်း #ပြန်လည်ပြေးဆွဲခွင့်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW