မုံရွာသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံမှူ ၄ နှစ်ပြည့် အထိမ်းအမှတ် ကျင်းပပြုလုပ်

ဒီဇင်ဘာ ၁၃-၂၀၂၀
ကိုတိုးကြီး(VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ ရုံကြီးရပ်ကွက်၊ ဗိုလ်ချုပ်လမ်း၊ မြို့တော်ခန်းမရှေ့မှာ ဒီကနေ့ညနေပိုင်းက မုံရွာမြို့အခြေစိုက် အလဲဗင်းသတင်းထောက် ကိုစိုးမိုးထွန်း လုပ်ကြံသတ်ဖြတ်ခံရမှူ ၄ နှစ်ပြည့် အထိမ်းအမှတ်အနေနဲ့ မုံရွာမြို့ခံ သတင်းထောက်တွေက နှာခေါင်းစည်းတွေနဲ့ လက်ကမ်းစာစောင်တွေ ဖြန့်ဝေခဲ့တယ်လို့ သိရပါတယ်။

” သတင်းထောက် တစ်ယောက် လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုကိစ္စ အမှုမှန် မပေါ်ပေါက်သ၍ ကျန်သတင်းထောက်ထုကို ခြိမ်းခြောက်နေတယ်လို့ ခံစားရတယ်။ သတင်းထောက်တွေဆိုတာ တိုင်းပြည်ရဲ့ နားမျက်စိတွေဖြစ်သလို ပြည်သူတွေအတွက်လည်း ပြည်စောင့်ခွေးတွေဖြစ်တယ် ၊ အမှုမှန်ပေါ်ဖို့ အချိန်တွေ ကျန့်ကြာနေတာဟာ ပြည်စောင့်ခွေးတွေ မဟောင်ရဲအောင် ပိတ်ပင်ထိန်းချုပ်တာနဲ့တူတယ် ” လို့ ဓာတ်ပုံ သတင်းထောက် ကိုအောင်နေမျိုးက ပြောပါတယ်။

သတင်းထောက် ကိုစိုးမိုးထွန်းဟာ ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာလ ၁၃ ရက် ည ၁၁ နာရီကျော် အချိန်က မုံရွာမြို့၊ အောင်ချမ်းသာရပ်ကွက်၊ ဂေါက်ကွင်းအရှေ့ဘက်အနီး၊ ပြည်ထောင်စုလမ်းမကြီးပေါ်မှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပါတယ်။

အဲ့ဒီ လူသတ်မှုကို မုံရွာမြို့မရဲစခန်းက ရာဇသတ်ကြီး ဥပဒေပုဒ်မ- ၃၀၂ အရ အမှုဖွင့် အရေးယူခဲ့ပေမယ့် ၄ နှစ်ပြည့်တဲ့အချိန်ထိ တရားခံဖော်ထုတ်နိုင်ခဲ့ခြင်းမရှိသေးပါဘူး။

ယူနက်စကိုရဲ့ မှတ်တမ်းတွေအရ ၁၉၉၃ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အထိ ကမ္ဘာ့နိုင်ငံ အသီးသီးမှာ သတင်းသမား ၁၃၇၀ ဦး လုပ်ကြံသတ်ဖြတ်ခံခဲ့ရပြီး အဲ့ဒီ လုပ်ကြံသတ်ဖြတ်မှုတွေမှာ သတင်းသမား ၈၇၀ ဦးကို လုပ်ကြံသတ်ဖြတ်သူတွေက သတင်းသမားတွေဖြစ်မှန်း သိပါလျက်နဲ့ လုပ်ကြံသတ်ဖြတ်ခဲ့ကြတာဖြစ်ပါတယ်။

ဒါ့အပြင် အမှုမှန်ဖော်ထုတ်ပြီး တရားရုံးရှေ့မှောက် တရားစီရင်ခွင့် ၁၄ ရာခိုင်နူန်းသာ ပို့ဆောင်နိုင်ခဲ့ပြီး ကျန် ၈၆ ရာခိုင်နှုန်း ဖြစ်တဲ့ သတင်းသမား လုပ်ကြံသတ်ဖြတ်သူတွေဟာ လွတ်မြောက်နေဆဲဖြစ်တယ်လို့ ယူနက်စကိုရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

အဲ့ဒီ မှတ်တမ်းတွေအရ မြန်မာနိုင်ငံအတွင်း လုပ်ကြံသတ်ဖြတ်ခံရတဲ့ ဂျပန်နိုင်ငံ သတင်းထောက် နာဂါအီ နဲ့ ပြည်တွင်းသတင်းထောက် ကိုပါကြီး ၊ ကိုစိုးမိုးထွန်း တို့ ၃ ဦးအနက် ကိုစိုးမိုးထွန်းဟာ ယူနက်စကို ရဲ့ သတင်းသမား လုပ်ကြံသတ်ဖြတ်ခံရမှု မှတ်တမ်းဝင် သတင်းသမားတစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

ဒီကနေ့ ပြုလုပ်တဲ့ ကိုစိုးမိုးထွန်း ၄ ပြည့် အထိမ်းအမှတ်ပွဲကို ပွဲစီစဉ် ကျင်းပသူတွေက ငြိမ်းစုစီဥပဒေအရ မုံရွာမြို့နယ်ရဲတပ်ဖွဲ့မှူးကို ရက်ကြိုပြီး အကြောင်းကြားခဲ့ပေမယ့် ကိုဗစ် ၁၉ ရောဂါကြောင့် ပွဲကျင်းပခွင့်မပြုခဲ့တာကြောင့် မုံရွာသတင်းသမားတွေက ကိုစိုးမိုးထွန်းကိုယ် အောက်မေ့ရည်စူးပြီး နှာခေါင်းစည်းတွေဖြန့်ဝေတာ နဲ့ အမှုမှန် ဖော်ထုတ်ပေးရေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာကို ပြုလုပ်ခဲ့ကြတာဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာ #သတင်းထောက်ကိုစိုးမိုးထွန်း # ၄နှစ်ပြည့်

Related posts

Leave a Comment

VOM News

FREE
VIEW