လောင်းကစားလုပ်ငန်းတွေကို ဒေသခံအချို့နဲ့ ရာအိမ်မှူး/ဆယ်အိမ်မှူးတွေက ပူးပေါင်းလုပ်ကိုင်နေ

ဒီဇင်ဘာ ၁၆-၂၀၂၀
သူရိန်(VOM)

ဧရာဝတီတိုင်း၊ ဝါးခယ်မမြို့နယ်မှာ တရားမဝင်လောင်းကစားလုပ်ငန်း‌တွေကို ဒေသခံအချို့နဲ့ ကျေးရွာ ရာအိမ်မှူး/ဆယ်အိမ်မှူး‌တွေကပါ ပူးပေါင်းလုပ်ကိုင်နေကြတဲ့အတွက် ဖမ်းဆီးရေးလုပ်ငန်းတွေမှာ အခက်အခဲရှိနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောပါတယ်။

” ကျေးရွာတွေမှာရှိတဲ့ နှစ်လုံးထီ၊ သုံးလုံးထီ၊ ချဲ၊ ဖဲတွေကို တင်းတင်းကြပ်ကြပ် အရေးယူပေးဖို့ တင်ပြဖူးပါတယ်။ တင်ပြခဲ့တော့ ဒီနေရာမှာ ဖြစ်နေတာက ရာအိမ်မှူး/ဆယ်အိမ်မှူးတွေရှိတယ်လေ၊ ၁၀ အိမ် တစ်ယောက်၊ အိမ် ၁၀၀ တစ်ယောက်ရှိတယ်လေ။ အဲ့ဒီပုဂ္ဂိုလ်တွေနဲ့ လောင်းကစားသမားတွေနဲ့က ပေါင်းပြီးတော့ အကြံအဖန်တွေလုပ်နေကြတော့ တော်ရုံတန်ရုံသွားဖမ်းတော့ မိတာလည်းရှိတယ်၊ မမိတာလည်းရှိတယ်”လို့ဝါးခယ်မမြို့နယ် အမှတ်-၁ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်က ပြောပါတယ်။

ဒီလောင်းကစားဝိုင်းတွေရှိနေတာက အောက်ခြေအုပ်ချုပ်ရေးအဖွဲ့အစည်းတွေဖြစ်တဲ့ ရပ်/ကျေး အုပ်ချုပ်ရေးမှူး၊ ရာအိမ်မှူး ၊ဆယ်အိမ်မှူးတွေက ပူးပေါင်းလုပ်ကိုင်နေတာဖြစ်ပြီး အခုလိုမျိုး လုံးဝမရှိအောင်ဆောင်ရွက်ပေးဖို့လိုသလို ပြည်သူတွေဘက်ကလည်း ပူးပေါင်းပါဝင်ဖို့လိုတယ်လို့ ဦးဌေးအောင်ကပြောပါတယ်။

”ဘာဖြစ်လို့ မမိတာလည်းဆိုတော့ ဟိုက ရဲလာပြီဆို ရာအိမ်မှူးတို့ ဆယ်အိမ်မှူးတို့ကိုပြောရတယ်ကွ။ အဲ့ဒီတော့ လုပ်တဲ့အကောင်တွေနဲ့ပေါင်းပြီး လက်ထောက်ချထားတဲ့အခါကြတော့ ဘယ်လိုမှ မမိတော့ဘူး၊ လာလည်း လာရော ပြေးကြတော့ အကုန်လွတ်တာပါတယ်၊ အဲ့ဒီတော့ ဒေသခံပြည်သူတွေကလည်း ပူးပေါင်းပါဝင်ရမှာဖြစ်သလို အုပ်ချုပ်တဲ့ အာဏာပိုင်တွေဘက်ကလည်း နည်းနည်း နားလည်မှုရှိပြီး ပူးပေါင်းကြမယ်ဆိုရင် အဆင်ပြေပါတယ်”လို့ လွှတ်တော်ကိုယ်စားလှယ် ဦးဌေးအောင်ကဆက်ပြောပါတယ်။

ဝါးခယ်မမြို့နယ်မှာ တရားမဝင်လောင်းကစား နှစ်လုံးထီ ၊ ချဲထီ ၊ဖဲဝိုင်း ၊ ကြက်တိုက် စတာ‌တွေရှိနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ ၂၀၁၉ခုနှစ်အတွင်းကလည်း လွှတ်တော်ကို အဆိုတစ်ရပ်အနေနဲ့တင်ပြခဲ့ပြီး အစိုးရက အရေးယူဆောင်ရွက်ပေးပါ့မယ်လို့ ကတိပေးကာဆောင်ရွက်နေတယ်လို့လည်း သိရပါတယ်။

”လောင်းကစား သမားတွေကို ဖမ်းတာထက် ဒိုင်တွေကို ဖမ်းစေချင်ပါတယ်၊ အမြစ်က သူတို့က စတာပါ၊ အခုဖမ်းတာတွေ တွေ့ရတာ ဒိုင်မမိဘဲ အလုပ်မရှိလို့ ရောင်းစားနေတဲ့ လူငယ်တွေ အဘိုးကြီးတွေ အဘွားကြီးတွေကိုပဲ ဖမ်းနေကြတော့ နည်းနည်းတော့လွဲနေတယ်လို့ ပြည်သူတစ်ဦး အနေနဲ့မြင်ပါတယ်”လို့ ဝါးခယ်မမြို့ခံ ဒေါ်အေးစန္ဒာကပြောပါတယ်။

လောင်းကစားလုပ်ငန်းတွေကို ကျေးလက်တောရွာတွေမှာ အများဆုံးပြုလုပ်နေတာကို တွေ့ရပြီး တရားခံတွေ ဖမ်းဆီးရမိပြီး လောင်းကစားပြုလုပ်တာတွေ ပျောက်ကွယ်သွားဖို့အတွက် ရဲတပ်ဖွဲ့နဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက လက်ရှိဖမ်းဆီးရေးထက် ပိုမိုကောင်းမွန်တဲ့ နည်းလမ်းနဲ့ဆောင်ရွက်နိုင်ဖို့လိုပါတယ်။

#voiceofmyanmar #VOM #ဝါးခယ်မ #လောင်းကစား #ကျေးရွာတာဝန်ရှိသူတွေ #ပူးပေါင်းလုပ်နေ

Related posts

Leave a Comment

VOM News

FREE
VIEW