မန္တလေးက လေဆိပ်ဝန်ထမ်းတစ်ဦးမှာ ကိုဗစ်ပိုးစစ်ဆေးတွေ့ရှိ

ဒီဇင်ဘာ ၁၈-၂၀၂၀
သက်ထားခင်(VOM)

မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှာ လေကြောင်းတွေ ပြန်လည်ပြေးဆွဲနိုင်ဖို့အတွက် လေဆိပ်ကဝန်ထမ်းတွေကို ဒီဇင်ဘာ ၁၇ရက်နေ့ မနက်ပိုင်းက ကိုဗစ်ပိုး ရှိ၊မရှိ စစ်ဆေးလိုက်ချိန် ဝန်ထမ်းတစ်ဦးမှာ ပိုးတွေ့ခဲ့တယ်လို့ တံတားဦးမြို့နယ်ကျန်းမာရေးဦးစီးဌာနကနေ သိရပါတယ်။

” လေယာဉ်စီးတဲ့သူတွေ ကိုဗစ် ကင်းရှင်းဖို့အတွက် MJAS ဝန်ထမ်းတွေနဲ့ ဌာနဆိုင်ရာက ဝန်ထမ်းတွေနဲ့ ကားသမားတွေကို ကိုဗစ်ရှိ၊မရှိ စစ်ဆေးပေးတာဖြစ်ပါတယ်၊ ကျွန်တော်တို့ အဓိကက ခရီးသည်တွေကို ၃၆ နာရီအတွင်းမှာ ကိုဗစ်ပိုးမရှိမှ စီးခွင့်ပြုပါမယ်၊ လေဆိပ်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်နဲ့အညီ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာခြင်းရှိ၊မရှိ စစ်ဆေးပြီးမှ ကိုက်ညီမှုရှိမှ ခွင့်ပြုတာဖြစ်ပါတယ်”လို့ တံတားဦးမြို့နယ်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမြင့်ဦးက ပြောပါတယ်။

လေဆိပ်မှာ ခရီးသည်တွေနဲ့ အဓိကတိုက်ရိုက်ဆက်ဆံရမယ့် MJAS ဝန်ထမ်းတွေ ၊လေဆိပ်ရဲတပ်ဖွဲ့ဝင်တွေ ၊လ.ဝ.ကဝန်ထမ်းတွေ ၊အကောက်ခွန်ဝန်ထမ်းတွေ၊ လေကြောင်းကဝန်ထမ်းတစ်ချို့နဲ့ အငှားယာဉ်လိုင်းကဝန်ထမ်းတွေ စုစုပေါင်း ၃၆၀ ကျော်ကို RDT Test နဲ့ စစ်ဆေးပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို စစ်ဆေးလိုက်တဲ့အချိန်မှာ MJAS မှ ဝန်ထမ်းဖြစ်တဲ့ အမျိုးသမီးတစ်ဦးမှာ ကိုဗစ်ပိုးတွေ့ရှိခဲ့တာဖြစ်ပြီး အဲ့ဒီအမျိုးသမီးဟာ မန္တလေးမြို့၊ ချမ်းအေးသာစံမြို့နယ်နေသူလို့ သိရတဲ့အတွက် တံတားဦးပြည်သူ့ဆေးရုံကို ပို့ဆောင်ကုသပေးနေတယ်လို့ သိရပါတယ်။

လေဆိပ်မှာလည်း ကျန်းမာရေးဝန်ကြီးဌာနက ညွန်ကြားထားတဲ့အတိုင်း Social Distancing နဲ့အညီ လုပ်ဆောင်ထားတယ်လို့ မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်မှ MJAS ဌာနမှူး ဦးတင်မောင်ကျော်က ပြောပါတယ်။

ဒီဇင်ဘာလ ၁၉ ရက်နေ့က စတင်ပြီး လေကြောင်းပြန်ပြေးဆွဲဖို့အတွက် Golden Myanmar Airlines နဲ့ Air KBZ တို့မှ အကြောင်းကြားထားပြီး ရန်ကုန်-မန္တလေး-မြစ်ကြီးနားတို့ကို ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

#voiceomyanmar #VOM #မန္တလေး #လေဆိပ်ဝန်ထမ်း #ကိုဗစ်ပိုးတွေ့

Related posts

Leave a Comment

VOM News

FREE
VIEW