ပဲခူးတိုင်းဝန်ကြီးချုပ်ကို USDP ကိုယ်စားလှယ်လောင်းက ကန့်ကွက်လွှာတင်သွင်း

ဒီဇင်ဘာ ၃၀-၂၀၂၀
ကောင်းလက်ျာ(VOM)

ကျင်းပပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ မဲရလဒ်အသာစီးနဲ့ အနိုင်ရထားခဲ့တဲ့ လက်ရှိ ပဲခူးတိုင်းဝန်ကြီးချုပ်ကို USDP ပါတီ ပြိုင်ဖက်ကိုယ်စားလှယ်လောင်းက ‌မဲဆွယ်ကာလမှာ ငွေကြေးပေးပြီး မဲဆွယ်တယ်ဆိုပြီး အရေးယူပေးဖို့ ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)ကို ‌တင်ပြထားခဲ့တယ်လို့ သိရပါတယ်။

” ‌ရွေးကောက်ပွဲမတိုင်မီညက ငွေကြေးပေးဝေနေတဲ့ ရုပ်သံဖိုင်တွေမှာအထင်အရှားမြင်ရတယ်။ နောက်ပြီး ရုပ်သံသက်သေ လူသက်သေတွေ စနစ်တကျ ဆုဆောင်ပြင်ဆင်ပြီးမှ ကျွန်တော်ကန့်ကွက်လွှာတင်ခဲ့တာပါ”လို့ ရေတာရှည်မြို့နယ်တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၂ မှာ ဝန်ကြီးချုပ်နဲ့ယှဉ်ပြိုင်ခဲ့သူ USDP ပါတီမှ ဦးအောင်နိုင်ထွန်းက ပြောပါတယ်။

NLDပါတီဝင်၊ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းဟာ ဒေသတွင်းသာမက လူမှုကွန်ရက်စာမျက်နှာတွေမ‌ှာပါ ပြောစကားအဆန်းတွေကြောင့် လူသိများသူ ဖြစ်ပြီး ရေတာရှည်မြို့နယ် တိုင်းဒေသကြီးမဲဆန္ဒနယ်အမှတ်-၂ ကနေ ၂၀၂၀ရွေးကောက်ပွဲမှာ ထပ်မံအနိုင်ရရှိထားသူတစ်ဦးလည်းဖြစ်ပါတယ်။

ဝန်ကြီးချုပ်ဦးဝင်းသိန်းဟာ ရေတာရှည်မြို့နယ်၊ ရေနီမြို့က ကျေးရွာတစ်ရွာမှာ မဲဆန္ဒရှင်ပြည်သူအချို့ကို မဲဆွယ်နေချိန် ဗိုလ်ချုပ်ပုံပါ ငွေစက္ကူအချို့ ပေးဝေနေတဲ့ ရုပ်သံဗွီဒီယိုဖိုင်တစ်ခုကလည်း လူမှုကွန်ရက်စာမျက်နှာပေါ်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ကန့်ကွက်လွှာ တင်သွင်းခံရတာနဲ့ ပတ်သက်လို့ ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းကို ဖုန်းနဲ့ဆက်သွယ်စုံစမ်းမေးမြန်းခဲ့ပေမယ့် လက်ခံ‌ဖြေဆိုမှုမရှိခဲ့ပါဘူး။

နိုဝင်ဘာ ၈ ရက်နေ့က ပဲခူးတိုင်းဝန်ကြီးချုပ် ဦးဝင်းသိန်းရဲ့ သီးသန့်အင်တာဗျူးတစ်ခုမှာ ဗိုလ်ချုပ်ပုံပါ ငါးရာကျပ်တန်ငွေစက္ကုတွေကို ကလေးငယ်တွေကိုသာ ပေးဝေတာဖြစ်ပြီး ဗိုလ်ချုပ်ကို သတိရဖို့နဲ့ အမှတ်တရပေးဝေခြင်းသာဖြစ်တယ်လို့ဖြေကြားထားပါတယ်။

တိုင်းနှင့်ပြည်နယ်အသီးသီးမှာတော့ ၂၀၂၀ရွေးကောက်ပွဲအနိုင်ရ NLDပါတီက ကိုယ်စားလှယ်‌၂၀၀ ကျော်ကို USDP ပါတီမှ ကန့်ကွက်လွှာတွေ တင်သွင်းထားသလို USDP အနိုင်ရကိုယ်စားလှယ် ၁၇ ဦးကိုလည်း NLDပါတီမှ ကန့်ကွက်လွှာ တင်သွင်းထားတယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ NLDပါတီရဲ့ တိုင်းလုံးကျွတ်အနိုင်ရ‌နယ်မြေတစ်ခုဖြစ်တဲ့ ပဲခူးတိုင်းအတွင်း NLDပါတီကိုယ်စားပြု အနိုင်ရလွှတ်တော်ကိုယ်စားလှယ် ၉ ဦးကို ပြိုင်ဘက် USDPပါတီက ကန့် ကွက်လွှာတင်ထားတယ်လို့ စုံစမ်းသိရပါတယ်။

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ တိုင်းဒေသကြီးအမှတ်-၂ နေရာမှာ NLDပါတီမှ ဦးဝင်းသိန်း(လက်ရှိဝန်ကြီးချုပ်)နဲ့ USDP ပါတီက ဦးအောင်နိုင်ထွန်းတို့ အဓိကယှဉ်ပြိုင်ခဲ့ကြပြီး NLD ပါတီက ခိုင်လုံမဲ ၆၀၀၀၀ ကျော်နဲ့ USDP ပါတီက ခိုင်လုံမဲ၂၀၀၀၀ ကျော်ရရှိခဲ့တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ပဲခူး #ဝန်ကြီးချုပ် #USDPပါတီ #ကန့်ကွက်လွှာတင်သွင်း

Related posts

Leave a Comment

VOM News

FREE
VIEW