သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်းတွေ သိန်း ၃၀၀ ကျော်ဖိုး ပျောက်ဆုံးနေ

ဒီဇင်ဘာ ၃၁-၂၀၂၀
ကိုတိုးကြီး(VOM)

ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်- ၃ ရပ်ကွက်၊ မင်းဓမ္မလမ်း ၊ အမျိုးသား ပြန်လည်သန်းစွမ်းရေး ဆေးရုံဝန်းထဲက ဗဟိုကာကွယ်ဆေးသိုလ်လှောင်ရေး အအေးခန်း(ရန်ကုန်)အတွင်းရှိ ရေခဲသေတ္တာတွေထဲက HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးပုလင်းတွေ သိန်း ၃၀၀ကျော် ခိုးယူခံရပြီး ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

အဲ့ဒီလို ပျောက်ဆုံးနေတဲ့အတွက် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟိုကာကွယ်ဆေး အအေးခန်း ဦးစီးအရာရှိက ဘုရင့်နောင်နယ်မြေရဲစခန်းမှာ ဒီဇင်ဘာ ၂၈ ရက်နေ့ ညနေပိုင်းက အမှုဖွင့်ခဲ့တယ်လို့ အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့ကနေ သိရပါတယ်။

အမှုဖွင့်တိုင်တန်းတဲ့ တရားလို ဦးစီးအရာရှိဟာ သြဂုတ်လ ၁၉ ရက်နေ့စပြီး အဲ့ဒီဆေးတွေကို စနစ်တကျ ထည့်သွင်းသိမ်းဆည်းထားတာဖြစ်တယ်လို့ ရဲစခန်းကို တိုင်တန်းရာမှာ ဖော်ပြထားပါတယ်။

” အဲ့ဒီလို စနစ်တကျ ထည့်သွင်းသိမ်းဆည်းထားတဲ့ ကာကွယ်ဆေးပုလင်းတွေထဲကနေ ၂၃.၁၁. ၂၀၂၀ ရက်နေ့အထိ ဗဟိုတိုးချဲ့ ကာကွယ်ဆေးထိုး လုပ်ငန်း ဌာနစိပ် (နေပြည်တော်)မှာ ဆေးနမူနာ ပြသရန်အတွက် (၁၀) ပုလင်းနဲ့ တိုင်းဒေသကြီး နဲ့ပြည်နယ် အသီးသီးမှာ HPV သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေး ထိုးနှံဖို့အတွက် ဆေးပုလင်း (၅၅၉ ၇၉၉) ပုလင်း ထုတ်ယူဖြန့်ဝေပေးပို့ခဲ့တာရှိတယ်၊နောက်ပြီး တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေမှာ HPV သားအိမ်ခေါင်းကင်ဆာဆေးထိုးနှံပြီးလို့ လက်ကျန်ဆေးပုလင်းတွေ ပြန်လည်စုစည်းတဲ့အခါ ဆေးပုလင်း ( ၆၂၆၁) ပုလင်း ရရှိတဲ့အတွက် အဲ့ဒီ ဆေးပုလင်းတွေကို ရေခဲသေတ္တာအမှတ်- BC(2)ထဲမှာ သိမ်းဆည်းခဲ့တာဖြစ်တယ်၊ အအေးခန်း ဆေးသိုလ်လှောင်ရုံထဲမှာ နောက်ဆုံး သိမ်းဆည်းတဲ့ ဆေးပုလင်းစုစုပေါင်း(၁၉၀ ၅၅၂) ပုလင်းဖြစ်တယ်လို့ သိရတယ်၊ အဲ့ဒီ ဆေးပုလင်းတွေ ထုတ်သွင်း ပြုလုပ်တဲ့အခါ ထုတ်ပေး လက်ခံ Batchnumber အမှတ်တွေ ပြုလုပ်ကြတာဖြစ်ပါတယ်၊ ၂၂.၁၂.၂၀၂၀ ရက်နေ့မှာ ဆေးပုလင်းတွေကို နောက်ဆုံး မျက်မြင်စစ်ဆေးစာရင်း ကောက်ယူတဲ့အခါ ဆေးပုလင်း (၁၈၄ ၇၄၂) ပုလင်းကိုပဲ စစ်ဆေးတွေ့ရှိရပြီး ကာကွယ်ဆေးပုလင်း (၅၈၁၀) ပုလင်း ကွာဟနေတယ် ၊ အဲ့ဒီ ကွာဟနေတဲ့ ဆေးပုလင်းတွေဟာ ခိုးယူပျောက်ဆုံးနေတာဖြစ်တယ်ဆိုပြီး အမှုဖွင့်ထားတာ ဖြစ်တယ်”လို့ ဆေးပုလင်းပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ စစ်ဆေးဆောင်ရွက်နေတဲ့ ဘုရင့်နောင်နယ်မြေရဲစခန်းက ရဲအရာရှိတစ်ဦးကပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ HPV ဆေး ၁ ပုလင်းကို ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဒေါ်လာ ၊ မြန်မာကျပ်ငွေ ၆၀၆၆ ကျပ်ဖြစ်ပြီး ပျောက်ဆုံး ဆေးပုလင်း ( ၅၈၁၀) အတွက် အမေရိကန်ဒေါ်လာ ၂၆၁၄၅ ဒေါ်လာ ၊ မြန်မာ ကျပ်ငွေ ၃၅၂ သိန်း ၄ သောင်း ၃ ထောင် ၄ ရာ ၆၀ ကျပ်ရှိတယ်လို့ သိရပါတယ်။

အဲ့ဒီအမှုကိုတော့ ဘုရင်နောင်နယ်မြေရဲစခန်းက (ပ)၁၃၉၃/၂၀၂၀၊ ပြည်သူပိုင်ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေပုဒ်မ- ၆(၁) အရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

” မြန်မာနိုင်ငံမှာ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ယူပြီး ကာကွယ်ဆေး ထိုးနှံပေးရတဲ့ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းစဉ်တွေရှိတယ်၊ အဲ့ဒီ လုပ်ငန်းစဉ်တွေထဲမှာ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး HPV ဆိုတာ လုပ်ငန်းစဉ်အမှတ်-၁၃ ဖြစ်ပြီး ဆယ်ကျော်သက် အရွယ် အပျိုဖော်ဝင်စအရွယ်မှာ ၂ ကြိမ်ထိုးပေးရတယ် ၊ ၁ ကြိမ်နဲ့ ၁ ကြိမ်ဟာ ၁၂ လခြားပြီး ထိုးပေးရတာပါ၊ ကမ္ဘာမှာ အမျိုးသမီးတွေ အဖြစ်များတဲ့ ကင်ဆာ ရောဂါထဲမှာ သားအိမ်ခေါင်း ကင်ဆာရောဂါက စတုတ္ထမြောက် ကင်ဆာဖြစ်လို့ HPV ဆေးတွေဟာ မရှိမဖြစ် အလွန်အရေးကြီးတယ်”လို့ သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ မြမြဝင်းကပြောပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ သားအိမ်ခေါင်း ကင်ဆာ ရောဂါဖြစ်ပွားသူ ၆၄၇၂ ဦးရှိပြီး အဲ့ဒီရောဂါကြောင့် သေဆုံးသူ ၃၈၅၆ ယောက်ရှိနေသလို မြန်မာ့အမျိုးသမီး ဦးရေ ၁ သိန်းမှာ ၂၁ ယောက် ရောဂါဖြစ်ပွားကာ ၁၃ ဦး သေဆုံးတဲ့အတွက် အရှေ့တောင်အာရှနိုင်ငံတွေမှာ မြန်မာနိုင်ငံက သားအိမ်ခေါင်းကင်ဆာဖြစ်ပွားမှု ဒုတိယအများဆုံး နိုင်ငံဖြစ်ပါတယ်။

အဲ့ဒါကြောင့် မြန်မာအမျိုးသမီးငယ်တွေ သားအိမ်ခေါင်းကင်ဆာရောဂါ ကြိုတင်ကာကွယ်ဆေး ထိုးနှံနိုင်ဖို့အတွက် HPV ဆေးဝါးတွေ ဝယ်ယူတင်သွင်းရာမှာ နိုင်ငံတော်ဘဏ္ဍာက ၂၀ ရာခိုင်နူန်း ပံ့ပိုးထည့်ဝင်ပြီး နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်တဲ့ Gavi -the vaccine alliance အဖွဲ့က ၈၀ ရာခိုင်နူန်း ကုန်ကျခံ ကူညီပံ့ပိုးပေးထားတာဖြစ်တယ်လို့ သိရပါတယ်။

Photo – အင်တာနက်
#voiceofmyanmar #VOM #ရန်ကုန် #သားအိမ်ကင်ဆာဆေးပုလင်း #သိန်းသုံးရာကျော်ခိုးယူခံရ

Related posts

Leave a Comment

VOM News

FREE
VIEW