မုံရွာမြို့ရဲ့ နှစ်သစ်ကူးညမှာ ဒဏ်ရာရသူ ၁ ဒါဇင်ကျော် ဆေးရုံရောက်

ဇန်နဝါရီ ၁-၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ရဲ့ မနေ့ ၂၀၂၀၊ဒီဇင်ဘာ ၃၁ရက်နေ့ နှစ်သစ်ကူးညမှာ ဒဏ်ရာရရှိတဲ့ လူငယ် ၁ ဒါဇင်ကျော် မုံရွာပြည်သူ့ ဆေးရုံကြီး ကုတင် ၅၀၀ အရေးပေါ် ဌာနကို ရောက်ရှိလာတယ်လို့ မှုခင်းဆေးစာဌာနကနေ သိရပါတယ်။

“အဓိကကတော့ အပျော်လွန်ပြီး ဆိုင်ကယ်လဲလို့ ပွန်းပဲ့၊ ပေါက်ပြဲ ဒဏ်ရာရသူတွေများတယ် ၊ ဒီမနက် ၁ နာရီမှာ ရောက်လာတဲ့ လူနာကတော့ နှစ်သစ်ကူး ဗျောက်အိုးဖောက်တာ လက်ထဲမှာ ဗျောက်အိုးကွဲလို့ လက်တစ်ဖက် ပြင်းထန်ဒဏ်ရာရသူ ၁ ယောက် ထပ်ရောက်တယ် ၊ စာရင်းတော့ ချုပ်လို့ မရသေးဘူး၊ အခု လတ်တလောစာရင်းအရကတော့ နှစ်သစ်ကူး အပျော်လွန် ဒဏ်ရာရသူ ၁၇ ယောက်ရှိတယ်”လို့ မှုခင်းဆေးစာမှတ်တမ်းဌာနက ရဲဝန်ထမ်းတစ်ယောက်က ပြောပါတယ်။

အဲ့ဒီ လူနာအရေအတွက်ဟာ ပြီးခဲ့တဲ့ ၂၀၁၉/၂၀၂၀ နှစ်သစ်ကူးညက ထိခိုက်ဒဏ်ရာရတဲ့ လူနာအရေအတွက်ထက် တဝက်ခန့်မက လျော့ကျခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

” ကုန်လွန်ခဲ့တဲ့ ခရစ်သက္ကရာဇ် နှစ်သစ်ကူးညတွေမှာ ခိုက်ရန်ဖြစ်ပွားမှုတွေကြောင့် လူငယ်တချို့ အသက်သေဆုံးခဲ့ရတဲ့ ဖြစ်စဉ်တွေရှိခဲ့ပေမယ့်၊ ဒီနှစ်မှာတော့ လူငယ်အမျာစုဟာ ကိုယ့်အိမ်ထဲကကိုယ် နှစ်သစ်ကြိုတာ အများစုဖြစ်တဲ့အတွက် အခုလို အမှုအခင်းတွေ လျော့နည်းကျဆင်းသွားတာ ဖြစ်တယ်”လို့ မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒု-ရဲမှူးကြီး သောင်းညွှန့်က ဝေဖန်မှတ်ချက်ပြု ပြောကြားထားပါတယ်။

မုံရွာမြို့မှာ ၂၀၂၁ နှစ်သစ်ကာလကို စောင့်ကြိုကျတဲ့ လူငယ်တွေဟာ မြို့ရဲ့ အပန်းဖြေနေရာတွေဖြစ်တဲ့ ကန်သာယာ အပန်းဖြေဥယျာဉ်နဲ့ ချင်းတွင်း မြစ်ကမ်းနေရာတွေမှာ စုဝေးကြတယ်လို့လည်း သိရပါတယ်။

နှစ်သစ်ကူးကာလမှာ ကိုဗစ်-၁၉ ရောဂါကြောင့် လူစုလူဝေးမဖြစ်ပေါ်စေဖို့ သက်ဆိုင်ရာက ကြိုတင်တားမြစ်အမိန့်တွေထုတ်ပြန်ပြီး ရဲတပ်ဖွဲ့က လုံခြုံရေး တိုးမြှင့်ချထားတဲ့အတွက် လူငယ်အချင်းချင်း ခိုက်ရန်ဖြစ်ပွားတာ ရန်ပွဲတွေကြောင့် အသက်သေဆုံးတာ မရှိဘူးလို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #မုံရွာ #နှစ်သစ်ကူးည #ဒဏ်ရာရသူ

Related posts

Leave a Comment

VOM News

FREE
VIEW