သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်း ခိုးယူသူတွေကို ဖမ်းမိ

ဇန်နဝါရီ ၂ -၂၀၂၁
ကိုတိုးကြီး (VOM)

ရန်ကုန်တိုင်း ၊ မရမ်းကုန်းမြို့နယ်၊ အမှတ်- ၃ ရပ်ကွက်၊ မင်းဓမ္မလမ်း အစိုးရပိုင် အမျိုးသားပြန်လည်သန်းစွမ်းရေး ဆေးရုံအတွင်းက ဗဟိုကာကွယ်ဆေးသိုလ်လှောင်ရေး အအေးခန်း(ရန်ကုန်)အတွင်းရှိ ရေခဲသေတ္တာတွေထဲက HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်း
တွေကို ခိုးယူသူနဲ့ ဖြန့်ဖြူးရောင်းချနေသူတွေကို မနေ့ ဇန်နဝါရီ ၁ ရက်နေ့ ညနေပိုင်းက ခိုးရာပါ ဆေးပုလင်းတွေနဲ့အတူ ဖမ်းဆီးရမိပြီးဖြစ်တယ်လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံးကနေ သိရပါတယ်။

” ဆေးပုလင်းကိစ္စ တိုင်ချက်ရတာနဲ့ ပုဂ္ဂလိက ဆေးရုံ၊ ဆေးခန်းနဲ့ ဆေးဆိုင်တွေကို ခရိုင်ရဲတပ်ဖွဲ့မှူးကိုယ်တိုင် မြေပြင်ကွင်းဆင်းပြီး ခြေရာခံ စုံစမ်းတယ် ၊ နောက်တော့ ပန်းဘဲတန်းမြို့နယ်၊ အမှတ်-၃ ရပ်ကွက် ၊ ၂၇ လမ်း(အပေါ်)က ဆေးဆိုင်မှာ အဲ့ဒီ ခိုးရာပါ ဆေးတွေ ဖြန့်ဖြူးရောင်းချနေတာကို စတင် ခြေရာခံမိတယ်”လို့ ရန်ကုန်အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့ရုံး မှုခင်းနှိမ်နင်းရေးဌာနစိပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ခိုးယူခံရတဲ့ HPV သားအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေးပုလင်းတွေကို အမျိုးသား ပြန်လည်သန်းစွမ်းရေးဆေးရုံက ဗဟိုကာကွယ်ဆေး သိုလ်လှောင်ရေးအအေးခန်း(ရန်ကုန်)မှာ အငယ်တန်းစာရေး တာဝန်ထမ်းဆောင်နေတဲ့ ဦးဝဏ္ဏ ဆိုသူက သာကေတမြို့၊ ရှုခင်းသာရပ်ကွက် ၊ ရှုခင်းသာအိမ်ယာမှာ နေထိုင်တဲ့ ကားမောင်းသူ ဦးနေစိုးမြင့် (ခ) ရာဂျူး ဆိုသူကို ပေးပြီး ရောင်းခိုင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဦးနေစိုးမြင့် (ခ) ရာဂျူးဟာ HPV သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေး ၁ ပုလင်းကို ၁၅၀၀ ကျပ်နဲ့ ပန်းဘဲတန်းမြို့၊ အမှတ်-၃ ရပ်ကွက်၊ ၂၇ လမ်းက ဦးတင်အေး(ခ) တင်လှ(ခ) မိုဟာမက်အီလီရက် ဆိုသူရဲ့ ဆေးဆိုင်မှာ ရောင်းချခဲ့တာဖြစ်ပြီး အဲ့ဒီ ဆေးဆိုင်က ဆေး ၁ ပုလင်းကို ၃ သောင်း ၃ ထောင်ကျပ်နဲ့ ပြန်လည် ဖြန့်ဖြူး ရောင်းချတဲ့အခါ ဖမ်းဆီးရမိတာဖြစ်တယ်လို့ ဘုရင့်နောင်နယ်မြေရဲစခန်းကနေ သိရပါတယ်။

အသက် ၉ နှစ်နဲ့ ၁၀ နှစ် အရွယ် မြန်မာ အမျိုးသမီးငယ်တွေ သားအိမ်ခေါင်း ကင်ဆာ ရောဂါ ကင်းဝေးစေဖို့ စီမံချက်နဲ့ အခမဲ့ ထိုးနှံပေးနိုင်ရန် HPV ဆေး ၁ ပုလင်းကို နိုင်ငံတော် အစိုရက အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဒေါ်လာ မြန်မာကျပ်ငွေ ၆၀၆၆ ကျပ်ဖြင့် ပြည်ပကနေ ဝယ်ယူတင်သွင်း သိုလ်လှောင်ထားတဲ့ ဆေးပုလင်းတွေဖြစ်ပါတယ်။

“ပန်းဘဲတန်းဆေးဆိုင်က ဆေးပုလင်း ၆၄၃ ပုလင်း ၊ သာကေတက ကားသမားအိမ်က ဆေးပုလင်း ၂၁၆၀ ပုလင်းကို ပြန်လည် သိမ်းဆည်းရခဲ့တာ ဖြစ်တယ်”လို့ အဲ့ဒီအမှုကို စုံစမ်းဖော်ထုတ်ရာမှာ ပါဝင်တဲ့ ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ခိုးယူခံရတဲ့ ဆေးပုလင်းတွေဟာ ဆေးသိုလ်လှောင်ရုံ ရေခဲသေတ္တာအမှတ်-BC(2)ထဲမှာ သိမ်းဆည်းခဲ့တာဖြစ်ပြီး အအေးခန်း ဆေးသိုလ်လှောင်ရုံထဲမှာ နောက်ဆုံးအကြိမ် သိမ်းဆည်းထားတဲ့ ဆေးပုလင်းစုစုပေါင်း(၁၉၀ ၅၅၂) ပုလင်းဖြစ်တယ်လို့လည်း သိရပါတယ်။

” ၂၀၂၀၊ ဒီဇင်ဘာ ၂၂ ရက်နေ့မှာ ဆေးပုလင်းတွေကို နောက်ဆုံး မျက်မြင်စစ်ဆေးစာရင်း ကောက်ယူချိန်မှာတော့ ဆေးပုလင်း (၁၈၄ ၇၄၂) ပုလင်းကိုပဲ စစ်ဆေးတွေ့ရှိရတယ်။ ကာကွယ်ဆေးပုလင်း (၅၈၁၀) ပုလင်း ကွာဟနေတဲ့အတွက် ခိုးယူပျောက်ဆုံးနေတယ်ဆိုကာ အမှုဖွင့်ထားတာ ဖြစ်ပါတယ်”လို့ အဲ့ဒီ ဆေးပုလင်း ပျောက်ဆုံးနေတာနဲ့ ပတ်သက်လို့ စစ်ဆေးဆောင်ရွက်နေတဲ့ ဘုရင့်နောင်နယ်မြေရဲစခန်းက ရဲအရာရှိ တစ်ယောက်ကပြောပါတယ်။

ပျောက်ဆုံးသွားတဲ့ HPV ဆေးပုလင်းတွေဟာ ဆေး ၁ ပုလင်းကို ကာလတန်ဖိုး အမေရိကန် ဒေါ်လာ ၄ ဒသမ ၅ ဒေါ်လာ ၊ မြန်မာကျပ်ငွေ ၆၀၆၆ ကျပ်ဖြစ်ပြီး ပျောက်ဆုံး ဆေးပုလင်း ( ၅၈၁၀) ပုလင်းအတွက် အမေရိကန် ဒေါ်လာ ၂၆၁၄၅ ဒေါ်လာ ၊ မြန်မာ ကျပ်ငွေ ၃၅၂ သိန်း ၄ သောင်း ၃ ထောင် ၄ ရာ ၆၀ ကျပ်ဖြစ်ပါတယ်။

အဲ့ဒါကြောင့် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန ၊ ဗဟို ကာကွယ်ဆေး အအေးခန်း ဦးစီးအရာရှိက ဒီဇင်ဘာ ၂၈ ညနေပိုင်းက ဘုရင့်နောင်နယ်မြေရဲစခန်းကို သွားရောက်တိုင်တန်းကာ အမှုဖွင့်ခဲ့တာဖြစ်ပါတယ်။

အဲ့ဒီအမှုကိုတော့ ရဲစခန်း (ပ) ၁၃၉၃/၂၀၂၀ ပြည်သူပိုင် ပစ္စည်းကာကွယ်စောင့်ရှောက်ရေး ဥပဒေ ပုဒ်မ ၆ (၁) အရ အမှုဖွင့် စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #သားအိမ်ခေါင်းကာကွယ်ဆေး #ခိုးသူဖြန့်ဖြူးသူ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW