ကောက်ရိုးတင်တဲ့ကားမီးလောင်ပြီး လူ ၁ ဦးသေဆုံး

ဇန်နဝါရီ ၄ – ၂၀၂၁
ဂျန်ကိုးလ် (VOM)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဂွေးကုန်း – ရေနံချောင်းလမ်းမပေါ် အိုင်ဇောက်ကျေးရွာအနီးမိုင်အမှတ်(၂၅/၇)ဖာလုံနှင့်(၂၆/ဝ)ဖာလုံကြားမှာ မနေ့ ဇန်နဝါရီ ၃ရက်နေ့နေ့လယ်ပိုင်းက ကောက်ရိုးတင်လာတဲ့ ဒိုင်နာကားတစ်စီးမီးလောင်ကာ လူ ၅ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။

လူ ၅ ဦးဒဏ်ရာရရှိတဲ့အထဲက လူ ၁ဦးဟာ မနေ့ည ၁၁နာရီခန့်မှာ သေဆုံးခဲ့တာဖြစ်ပါတယ်။

”ကောက်ရိုးတွေနဲ့ကား အိတ်ဇောပွတ်တိုက်ထိမိရာကနေ အပူရှိန်လွန်ကဲပြီး မီးလောင်တာဖြစ်ပြီး မီးလောင်မှုကြောင့် ကားပေါ်ပါသူကျား(၅)ဦးဒဏ်ရာရရှိခဲ့တယ်၊ နတ်မောက်ပြည်သူ့ဆေးရုံကို ပို့ဆောင် ဆေးကုသမှုခံယူနေတယ်”လို့ နတ်မောက်ရဲစခန်း တာဝန်ကျရဲအရာရှိက ဇန်နဝါရီ၃ရက်နေ့ညနေပိုင်းက အတည်ပြုပြောပါတယ်။

မီးလောင်သွားတဲ့ကားဟာ ယာဉ်မောင်း ဘိုပြုံး(ခ)တိုင်းထက်ဇော် နဲ့ ယာဉ်နောက်လိုက် ကိုပု(ခ)မင်းခိုင်စိုး ချောင်းဆုံကျေးရွာ၊ ရေနံချောင်းမြို့နယ်နေသူတို့ မောင်းနှင်တဲ့ ဒိုင်နာအဖြူရောင် မော်တော်ယာဉ်ဖြစ်တယ်လို့ ရဲမှတ်တမ်းတွေအရ သိရပါတယ်။

သေဆုံးသူဟာ နတ်မောက်မြို့နယ်ပိတောက်ကုန်းကျေးရွာမှာနေတဲ့ အသက် (၂၈) နှစ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး နတ်မောက်ပြည်သူ့ဆေးရုံကြီးကတဆင့် မကွေးတိုင်းဆေးရုံကြီးကို လွှဲပြောင်းဆေးကုသမှုခံယူနေစဉ် ဖြစ်စဉ်ကရရှိလာတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးသွားတာဖြစ်တယ်လို့ သေဆုံးသူရဲ့ဖခင်ဖြစ်သူ ဦးခင်မောင်ဌေးက ရဲစခန်းကို ဖုန်းဆက်အကြောင်းကြားတာဖြစ်တယ်လို့ နတ်မောက်ရဲစခန်းကနေ သိရပါတယ်။

မီးလောင်ပြီးလူသေဆုံးခဲ့တဲ့အမှုကို ရာဇသတ်ကြီးပုဒ်မ-၂၈၅/ ၃၀၄(က)/ ၃၃၇-၃၃၈နဲ့ အမှုဖွင့်ပြီး စစ်ဆေးနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #နတ်မောက် #ကောက်ရိုးတင်ကားမီးလောင် #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW