မဟာချိုင်က လော့ခ်ဒေါင်းချခံထားရတဲ့ ပုဇွန်ဈေးမှာ ကိုဗစ်ပိုးတွေ့ မြန်မာလုပ်သား ၁၃၀ ကျော်ကို ဆေးရုံပို့

ဇန်နဝါရီ ၄-၂၀၂၁
ကောင်းလက်ျာ(VOM)

ထိုင်းနိုင်ငံမှာ ခရိုင်အချို့ ကိုဗစ်ကူးစက်မှု အရေးပေါ်အခြေအနေကြေညာခဲ့ပြီးနောက် ဒီကနေ့မနက်ကစတင်ကာ Lock Down သတ်မှတ်ခံထားရတဲ့ ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်ရှိ ပုဇွန်ဈေးမှာ ကိုဗစ်လူနာတွေ အများအပြားတွေ့ရှိခဲ့ပါတယ်။

ကိုဗစ်ပိုးတွေ့မြန်မာလုပ်သား ၁၃၀ ကျော်ကို ရဲလုံခြုံရေးကားတွေနဲ့ ဆေးရုံပို့ဆောင်နေတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာရွှေ့ပြောင်းအလုပ်သမား‌အရေးဆောင်ရွက်နေသူတွေဆီကနေ သိရပါတယ်။

” လော့ခ်ဒေါင်းချထားတဲ့ မဟာချိုင်၊ ပုဇွန်ဈေးမှာပဲ ပိုးတွေ့လူနာ ၉၀၀ ကျော်တယ်။ အဲ့ဒီအထဲက ၁၃၀ ကျော်ကို ဆေးရုံပို့တာပါ။ အုပ်စု‌တွေခွဲထုတ်လိုက်တဲ့ အနေအထားလို့ယူဆရတယ်”လို့ မြန်မာရွှေ့အလုပ်သမားအခွင့်အရေးကွန်ရက်(MWRN) ဒါရိုက်တာဦးစိန်‌ဌေးကပြောပါတယ်။

အရေးပေါ် အခြေအနေ ကြေညာထားတဲ့ ထိုင်းနိုင်ငံမြို့ကြီးတွေထဲက ဆမွတ်ဆာခွန်ခရိုင်၊ မဟာချိုင်ရပ်မှာ ဇန်နဝါရီလ ၃ရက်နေ့က ကိုဗစ်ရောဂါပိုး ထပ်တွေ့သူ ၅၄၁ ဦးရှိနေတဲ့အထဲမှာ ထိုင်းနိုင်ငံသား ၈၆ ဦးသာ ပါဝင်‌နေပြီး ကျန်တာတွေက မြန်မာရွှေ့ပြောင်းလုပ်သားတွေဖြစ်နေတယ်လို့ ACC မဟာမိတ်အဖွဲ့ကနေ သိရပါတယ်။

လက်တလောအနေနဲ့ ဆမွတ်ဆာခွန်ခရိုင်ထဲက ပိုးတွေ့လူနာ ၁၉၄၅ ဦးထဲမှာ ထိုင်းနိုင်ငံသား ၁၆၀ ဦးနဲ့ မြန်မာအပါအဝင် ရွှေ့ပြောင်းလုပ်သား ၁၇၈၅ ဦးရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အပြင်‌သွားလာဝင်ထွက်ခြင်း ကန့်သတ်ခံထားရသူတွေနဲ့ ပိုးကူးစက်မခံရသူတွေကို အဖြူရောင် ၊ ပိုးကူးစက်ခံနေရပြီး ဆေးရုံသွားရမယ့်လူနာကို အနီရောင် နဲ့ ပိုးကူးစက်ခံထားရပေမယ့် သူတပါးကို ကူးစက်ဖို့မရှိသူကို အစိမ်းရောင်အဖြစ် အရောင်သတ်မှတ်ချက် လက်ပတ်တွေနဲ့ ခွဲထုတ်နေတာဖြစ်တယ်လို့လည်း သိရပါတယ်။

” သူတို့ဟာကလည်း ခွဲထုတ်တယ်တာပြောနေကြတာ သမီးတို့အခန်းထဲမှာ သုံးဦးနေတာ လက်ပတ်သုံးရောင်လာတပ်သွားတယ်။ သမီးက ၁၉ ရက်နေ့ကတည်းက ပိုးတွေ့ထားတာကို အခု အဖြူရောင်ပတ်ပေးတယ်”လို့ ပုဇွန်
ဈေးအနီး အဆောင်မှာနေတဲ့ မသူဇာအေးက ပြောပါတယ်။

အခုလို အရောင်လက်ပတ်တွေ သီးခြားပတ်ပေးပြီး လူအုပ်စုခွဲထုတ်နေပေမယ့် နိုင်ငံသား၊ နိုင်ငံခြားသားမခွဲစေလိုကြောင်းနဲ့ လက်တလောကုသမှုအနေနဲ့ ပိုးတွေ့ထားသူအားလုံးနီးပါးဟာ မည်သည့်ကုသမှုမှ မခံရသေးဘူးလို့ ရွှေ့ပြောင်းမြန်မာအလုပ်သမားအချို့က ပြောပါတယ်။

Photo – ရဲမင်း(ACC)
#voiceofmyanmar #VOM #ထိုင်း #မြန်မာရွှေ့ပြောင်း #ကိုဗစ်

Related posts

Leave a Comment

VOM News

FREE
VIEW