မိုးကုတ်မြို့နယ်မှာ မြေထပ်ပြိုပြန်လို့ လူတစ်ဦးသေဆုံး

ဇန်နဝါရီ ၄-၂၀၂၁
ကိုတိုးကြီး (VOM)

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ မနေ့ ဇန်နဝါရီ ၃ရက်နေ့ နဲ့ ဒီကနေ့ ဇန်နဝါရီ ၄ရက်နေ့ ၂ရက်ဆက်တိုက် မြေပြိုကျမှုဖြစ်ပွားခဲ့ပြီး မြေပိသေဆုံးသူ ၂ ယောက်နဲ့ ဒဏ်ရာရသူ ၁ ယောက်ရှိခဲ့တယ်လို့ သိရပါတယ်

မိုးကုတ်မြို့နယ်အနောက်ပိုင်း ကျောက်ဆင်အုပ်စုကျေးရွာ ၊ ဘော်မားကျေးရွာ ၊ ဘော်မား ကျောက်မျက်တူးဖော်ရေး လုပ်ကွက်ထဲမှာ ဒီကနေ့မနက် ၁၀ နာရီ အချိန်က ကျောက်တွင်း မြေပြိုကျလို့ ကျောက်တူးဖော်နေသူ လူတစ်ယောက် မြေပိသေဆုံးခဲ့တယ်လို့ မြတ်စေနာမွန် လူမှုကူညီရေး အဖွဲ့ကနေ သိရပါတယ်။

“ဒီမနက် သေဆုံးသူက မောင်မင်းထွန်း (ခ)အာကာ အသက် ၂၁ နှစ် ဆိုသူဖြစ်တယ်၊ DB ရုပ်အလောင်းကို ပါရမီလူမှုကူညီက သွားထုတ်တာဆိုတော့ ဒဏ်ရာရသူ ရှိ၊မရှိ အတိအကျ မသိရသေးဘူး “လို့ မြတ်စေတနာမွန် လူမှုကူညီရေးအဖွဲ့ဝင် ကိုဖိုးလပြည့်က ပြောပါတယ်။

ဘော်မား ကျောက်မျက်လုပ်ကွက်ထဲမှာ ကျောက်တူးဖော်နေတဲ့ အလုပ်သမားတစ်ယောက် မြေပိပြီးသေဆုံးနေတာကို ဒီကနေ့မနက် မိုးလင်ချိန်ကျမှ ပတ်ဝန်းကျင်က သိခဲ့ရတာဖြစ်ပါတယ်။

ဒါ့အပြင် မနေ့ ဇန္နဝါရီ ၃ ရက် နေ့ခင်းပိုင်းကလည်း မိုးကုတ်မြို့နယ်၊ ရှောလီဝိုင်းအုပ်စု၊ ဘရန်သျှို ငါးရန့်အင်းအထက်ဘက် ကျောက်မျက် လုပ်ကွက်တခုမှာ ကျောက်တွင်းမြေပြိုကျရာကနေ လူ ၁ ဦးသေဆုံးပြီး ၁ ဦး ဒဏ်ရာရခဲ့တာလည်း ဖြစ်ပွားခဲ့ပါသေးတယ်။

အဲ့ဒီ လူသေဆုံးတာတွေနဲ့ ပတ်သက်လို့ မိုးကုတ်မြို့နယ် ရဲတပ်ဖွဲ့က သေမှုသေခင်းအမှုဖွင့်ပြီး စစ်ဆေးသွားမယ်လို့ သိရပါတယ်။

မိုးကုတ်မြို့မှာ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်အတွင်း စက်တင်ဘာ ၁၆ရက်နေ့ကလည်း မြေပြိုလို့ လူ ၃ ယောက်သေဆုံးတဲ့ဖြစ်စဉ် ဖြစ်ခဲ့ပြီး သြဂုတ်လ ၁၂ရက်နေ့ကလည်း တွင်းပြိုကျလို့ အလုပ်သမား ၁ ဦးသေဆုံးခဲ့တဲ့အပြင် ဒီဇင်ဘာ ၂ရက်နေ့ကလည်း ကျောက်တွင်းလုပ်ကွက်ဟောင်း မြေပြိုလို့ အောင်စီဂျင်ပြတ်ကာ လူ ၁ ဦးသေဆုံးခဲ့တဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။

Photo – မြတ်စေတနာမွန် လူမှုကူညီရေး
#voiceofmyanmar #VOM #မိုးကုတ် #နှစ်ရက်ဆက်တိုက်မြေပြို #လူသေဆုံး

Related posts

Leave a Comment

VOM News

FREE
VIEW