စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့  ၁၀စုနှစ်ကြာမက်နေခဲ့ရတဲ့ နေရပ်ပြန်အိပ်မက်ရှည်

မင်းထက်စံ

 

အစိုးရမင်းများ ရုံးစိုက်ရာ နေပြည်တော်တွင် နှစ်သစ်ကူးကာလကို အုံးအုံးထ မီးရှုးမီးပန်းများ ပစ်လွတ်ကာ  ကြိုဆိုခဲ့ကြသည်။နေပြည်တော်နှင့် မိုင်ပေါင်း ၆၀၀နီးပါး ကွာဝေးသော မြန်မာနိုင်ငံ မြောက်ဖျားမြို့တော် မြစ်ကြီးနားမြို့ရှိ အစွန်ပိုင်း ဂျာမိုင်ကောင်း စစ်ရှောင်စခန်းတွင်တော့ တိတ်ဆိတ်မှု ဖုံးလွမ်းလျက်။

 

ထိုစခန်းတွင် နေထိုင်နေရသော စစ်ရှောင်သူတို့အဖို့တော့ ကိုဗစ်ကာလလည်း ဖြစ်သည့်အတွက် ပျော်ပွဲ ရွှင်ပွဲမပါဘဲ ည၁၂ နာရီတိတိတွင် နှစ်သစ်တွင် ကောင်းခြင်းမင်္ဂလာများဆောင်ကြဉ်းပေးဖို့ရန်နှင့် ငြိမ်းချမ်းစွာနေထိုင်နိုင်ရေးတို့ကို ဆုတောင်းလျက်ရှိသည်။

 

လွန်ခဲ့သည့် ဆယ်နှစ်ကျော်ကာလများကတော့ ယခုလို ခရစ္စမတ်နှင့် နှစ်သစ်ကူးကာလများတွင် အိမ်တွင်ကြက်ရှိ ကြက် ၊ ဝက်ရှိ ဝက် ချက်ပြုတ်စားသောက်ကာ အကပဒေသာများဖြင့် ပျော်ပါးခဲ့ရသော အချိန်များသည် ပါးစပ်ရာဇဝင်လေးလို ဖြစ်ခဲ့လေပြီ။

 

“ပွဲကတော့ ပျော်ချင်တာပေါ့နော့။ ပျော်လို့မှ မရတော့တာ” ဟု ဆိုခဲ့သူမှာ ဂျာမိုင်ကောင်းစစ်ရှောင်စခန်းမှအသက်၄၆ နှစ်အရွယ် ဒေါ်ခေါန်မိုင် ဖြစ်သည်။ သူ(မ)သည် လွန်ခဲ့သည့် ဆယ်နှစ်က နမ်ဆန်ယန်တွင် နေအိမ်ကောင်းကောင်းဖြင့် အဆင်ပြေပြေနေခဲ့ရသော်လည်း အစိုးရတပ်မတော်နှင့် ကေအိုင်အေတို့ တိုက်ပွဲများ ၎င်းတို့ကျေးရွာအနီးတွင် ဖြစ်ပွားခဲ့ပြီးနောက် နေရပ်စွန့်ခွာခဲ့ရသူ ဖြစ်သည်။ထိုအချိန်က သူ့မှာ ကိုယ်ဝန်မပေါ့မပါးဖြင့် ပြေးခဲ့ရသည့်အဖြစ်က ဘဝ၏ မေ့မရသည့် အဖြစ်အပျက်ပင်ဖြစ်သည်။

 

စစ်ဘေးရှောင်အမျိုးသမီးတွေရဲ့  ၁၀စုနှစ်ကြာမက်နေခဲ့ရတဲ့ နေရပ်ပြန်အိပ်မက်ရှည်

မေ့မရသည့် အဖြစ်အပျက်

 

၂၀၁၁ ဇွန်လကုန်ပိုင်းက ဖြစ်သည်။ မိုးရာသီဖြစ်သည့်အတွက် မိုးစပါးစိုက်ပျိုးရန် ပြင်ဆင်နေသည့်ကာလ။ဟင်သီးဟင်းရွက်များအပြင် ပန်းပင်များလည်း စိုက်ပျိုးထားပြီး စိုစိုပြေပြေဖြင့် အေးချမ်းနေသည့် သူတို့မိသားစုဘဝကို လက်နက်ကြီးသံများက ချေမွပစ်လိုက်လေသည်။ ပေါက်ကွဲသံများ ၊ သေနတ်ပစ်ခတ်သံများက အဆက်မပြတ်။ ဆန်အိတ်များထမ်းကာ တောထဲသို့ ပြေးပုန်းခဲ့ကြသည်။ သူတို့ရွာသားအချို့က လိုင်ဇာဘက် ထွက်ပြေးခဲ့ကြသည်။ ထိုအချိန်က မခေါန်မိုင်သည် အသက်၃၆ အရွယ် ကိုယ်ဝန် ၃လကျော် လေးလထဲကလေးသုံးယောက်နှင့် သေနတ်သံ တညံညံကြားသည့်ကြားက ဆန်အိတ်များသယ်ကာ တောထဲသို့ပြေးပုန်းခဲ့ကြသည်။ သူတို့မိသားစုစိတ်ထဲတွင် တိုက်ပွဲပြင်းထန်မှုမှာ ခဏတာဟုသာ

ထင်မှတ်ထားကြသည်။ တောထဲတွင် ပုန်းနေရသည့် တစ်ပတ်အကြာတွင် သူတို့ထင်သလို အခြေအနေမျိုးမဟုတ်တော့။ မိုင်းတွေကွဲ လက်နက်ကြီးတွေကျထားသည်မှာ ဖွတ်ဖွတ်ကြေနေပြီ။ ရွာထဲတွင် မည်သူမျှမရှိတော့။ အိမ်တွင် ထမင်းချိုင်တစ်လုံးနှင့် စောင်အပါး ၃ထည်ထည့်ကာ ကြုံရာကားဖြင့် မြစ်ကြီးနားသို့ပြွတ်ပြွတ်သိပ်သိပ်ဖြင့် လိုက်စီးခဲ့ကြသည်။ မြစ်ကြီးနားတွင်အခန်းငှားမည်ဆိုသော်လည်း အခန်းခက မတတ်နိုင်။ “အခန်းခက စျေးများ စားဖို့က မရှိ။ စိတ်ဆင်းရဲတယ်လေ။ ရှက်လဲရှက်တယ်။ အားလည်းငယ်တယ်လေ” ဟု ထိုအချိန်က အဖြစ်အပျက်ကို မျက်ရည်များဝဲကာ သူ(မ)က ပြန်ပြောပြသည်။

ထို့အတွက် အေဒင်ရှိ ဘုရားကျောင်းတွင် ကလေးများကို အပ်နှံကာ  အိမ်က ပစ္စည်းများယူရန် နမ်ဆန်ယန်သို့ ပြန်ခေါက်ခဲ့သည်။ လမ်းတွင် ကေအိုင်အေတပ်ဖွဲ့ဝင်များက သေနတ်ဖြင့် ချိန်ထားသည်။ ကချင်လားဗမာလားဟုမေးရာ ကချင်ဟုဖြေဆိုသည့်အခါ မြစ်ကြီးနားကလာကြောင်းနှင့် နမ်ဆန်ယန်အိမ်တွင် ပစ္စည်းများ လာယူကြောင်း ရှင်းပြကာ အိမ်တွင် ကျန်ရှိသော ပစ္စည်းအနည်းငယ်ကို ပြန်သယ်ယူခွင့်ရခဲ့ကြသည်။ ထို ပစ္စည်းများကို မြစ်ကြီးနားတွင် ခဏအပ်နှံကာ မလိဇွပ်ယန်ကျေးရွာရှိ မောင်ဖြစ်သူထံတွင် အခင်းလုပ်ကာ နေထိုင်ခဲ့ကြသည်။ သူ(မ)၏ ကိုယ်ဝန် ၈ လခန့်အချိန် ညဘက် မလိဇွပ်ယန်တွင် တိုက်ပွဲထပ်ဖြစ်ပြန်သည်။ ကိုယ်ဝန် အရင့်အမာကြီးဖြင့် တောထဲသို့ ထွက်ပြေးခဲ့ရသည်။

 

“၃ ရက်တိတိ တောထဲ ဝါးရုံးကြားထဲတွင် မြေကြီးပေါ်တွင် ဘာအခင်းမှ မရှိဘဲ အိပ်ခဲ့ရတယ်” ဟု သူ(မ)ကဆိုသည်။

 

ည ၁၀နာရီခန့်အချိန်တွင် ဘယ်ဘက်က ပစ်မှန်းမသိသော သေနတ်ကျည်များက ဝါးတောထဲသို့ ရောက်ရှိလာသည်။ မြေကြီးတွင် ပြားပြားဝပ်ထားရပြီး ဝါးပင်အတုန်းအရုန်းလဲကျကုန်သည်။ သူမ၏ မျက်နှာတွင်လည်းခြစ်ရာများဖြင့် သွေးတရဲရဲ။ တိုက်ပွဲများ ငြိမ်ကျသွားသည့်အခါမှ နှစ်ခြင်းဘုရားကျောင်းမှ သင်းအုပ်ဆရာများက လာရောက်ခေါ်ယူသည့်အတွက်

စက်လှေဖြင့် မြစ်ကြီးနားသို့ ရောက်ရှိကာ ဂျာမိုင်ကောင်း စစ်ရှောင်စခန်းတို့ ရောက်ရှိလာခြင်းဖြစ်သည်။ကိုယ်ဝန်အရင့်အမာကြီး ဖြစ်နေသည့်အတွက် ရပ်ရွာကပင် သူနာပြုများဖြင့် အဆက်အသွယ်ပြုလုပ်ပေးကာ မြစ်ကြီးနားဆေးရုံတွင် တက်ရောက်ကာ မိန်းကလေးတဦး မွေးဖွားခဲ့သည်။ ထိုကလေးမလေးပင် ယခုတတိယတန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ထိုကဲ့သို့ ကြေကွဲဖွယ်အဖြစ်အပျက်မှာ ဒေါ်ခေါန်မိုင်တစ်ယောက်ထဲတော့မဟုတ်။ တိုက်ပွဲဖြစ်ချိန်ကိုယ်ဝန်ဆောင်ဖြင့် ပြေးလာရသည့် စစ်ဘေးရှောင်အမျိုးသမီးများစွာ ရှိနေသည်။

 

နမ်ဆန်ယန်ကျေးရွာမှ အသက် ၃၄ နှစ်အရွယ် မထုဆန်ကလည်း ” အဲတုန်းက ကိုယ်ဝန်က ၇ လထမင်းချက်နေရင်းနဲ့ ဗုံးသံတွေ သေနတ်သံတွေ ဗြုန်းကနဲကြားတော့ ကြောက်ပြီး ငိုရင်း ပြေးရင် ဘုရားကျောင်းမှာ ပုန်းခဲ့ရတယ်” ထိုအချိန်က ကြုံတွေ့ခဲ့ပုံကို ပြောပြသည်။

 

ကချင်စစ်ဘေးရှောင်စခန်းတခုမြင်ကွင်း

လက်ရှိတွင်တော့ သူတို့၏ ကလေးများပင် မူလတန်းကျောင်းတက်နေသည့်အရွယ်ပင် ရောက်ရှိလို့နေပေသည်။ဆယ်နှစ်တာ ကာလအတွင်း နေစားအလုပ် တစ်ရက်လျှင် ငါးထောင် ခြောက်ထောင် ရရှိသည့်ငွေများကို စုစည်းကာ နေအိမ်အတည်တကျဖြင့် အေးအေးချမ်းချမ်း နေထိုင်ဖို့ ပြင်ဆင်ထားသော်လည်း ကိုဗစ်ကာလတွင် စားဝတ်နေရေးအကြပ်အတည်းကို ဖြေရှင်းလိုက်ရသည်။

 

တိုက်ပွဲဖြစ်စဉ်က ၅နှစ်ဝန်ကျင်မိန်းကလေးများပင် ခုချိန်တွင် အပျိုဝင်ခါစအရွယ်ဖြစ်လာပြီဖြစ်သည့်အတွက် ၁၀ပေ အခန်းကျဉ်းတွင် မိသားစုအလိုက်နေထိုင်ရသော သူတို့အဖို့ အခက်အခဲများနှင့် စိုးရိမ်စိတ်များ ပြည့်နှက်လျက်ရှိသည်။ အခြားမိသားစုများကပ်လျက်ရှိသော အခန်းကျဉ်းထဲတွင် အဝတ်အစားလဲရာတွင် လုံခြုံမှုမရှိခြင်း ၊ စုပေါင်းရေချိုးကန်တွင် ရေချိုးရခြင်းတို့က ထိုအမျိုးသမီးများအတွက် မလိုလားအပ်သော လိင်ပိုင်ဆိုင်ရာ ပြသာနာများဖြစ်ပေါ်စေနိုင်သည်။ စားဝတ်နေရေးအခက်အခဲအပြင် အမျိုးသမီးဂုဏ်သိက္ခာအတွက် ပြသာနာရှိနိုင်သည့်အနေအထားတွင်း အေးချမ်းစွာ နေရပ်ပြန်နိုင်ရေးကို မျှော်လင့်ချက်နေကြရသည်။

လက်ရှိတွင် အစိုးရကလည်း စစ်ရှောင်သူများအား နေရပ်ပြန်ပို့ရန် နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို စီမံချက်များဖြင့် လုပ်ဆောင်ပေးနေသည်။သို့သော်လည်း ထင်သလောက်တော့ ခရီးမပေါက်ချေ။

 

ကချင်စစ်ဘေးရှောင်စခန်းတခုမှ အသက်မွေးမှုတခု

 

နေရပ်ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး

 

အစိုးရနှင့်ကေအိုင်အေတို့ နှစ်၂၀ နီးပါး တည်ဆောက်ထားသော ငြိမ်းချမ်းရေးသည် ၂၀၁၁ခုနှစ် ဇွန်လ ၈ရက်နှင့် ၉ ရက်တို့တွင် ပျက်ပြယ်ခဲ့ပြီး တိုက်ပွဲများ တကျော့ပြန်ဖြစ်ပွားခဲ့သည်။ ထိုတိုက်ပွဲများကြောင့်နေရပ်စွန့်ခွာလာရသူမှာ ၂၀၁၄ ခုနှစ်တွင် ကောက်ယူသောစာရင်းအရ လူဦးရေ တစ်သိန်းသုံးသောင်းဝန်ကျင်ခန့်ရှိပြီး ကျေးရွာပေါင်း ၃၆၇ ရွာရှိခဲ့သည်။

 

လက်ရှိအစိုးရသည် ၂၀၁၉ခုနှစ်တွင်  ကချင်ပြည်နယ်တွင်း စစ်ရှောင်စခန်းရှိ ဒုက္ခသည်များကို နေရပ်ပြန်ပို့ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံချက်ကို စတင်ခဲ့သည်။ ကျေးရွာ၂၄ ရွာကို ကနဦးလျာထားပြီး ၁၇ ရွာကိုရွေးချယ်ကာ  စစ်ရှောင်သူများကို စာရင်းပေးသွင်းစေပြီး နေရပ်ပြန်ပို့ပေးနေသည်။ ထိုအစီအစဉ်ကိုလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကချင်ပြည်နယ်အတွင်းရှိ နေရပ်စွန့်ခွာရသူများ ပြန်လည်နေရာချထားမှု အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းအဖွဲ့နှင့် ကချင်ဒေသ စစ်ဘေးရှောင်ပြည်သူများအား ကူညီစောင့်ရှောက်ရေး ကော်မတီ(KHCC)တို့က အကောင်အထည်ဖော် ဆောင်ရွက်နေခြင်းဖြစ်သည်။ ဒီဇင်ဘာ ၁၆အစည်းအဝေးအရမူကျေးရွာ ၉ ရွာ နှင့် အိမ်ထောင်စုပေါင်း တစ်ထောင်ကျော် နေရပ်ပြန်ရန် စာရင်းပေးသွင်းထားသည့်ဟုဆိုသည်။ ထိုကျေးရွာများအတွက် ကျေးရွာများအတွင်း မိုင်းရှင်းလင်းရေး လုပ်ငန်းများကို တပ်မတော်ကတာဝန်ယူဆောင်ရွက်ပေးလျက်ရှိသည်။ တပ်မတော်၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက  ကချင်ပြည်နယ် စစ်ဘေးရှောင်များအား နေရပ်ပြန်ရေးအတွက် ကနဦးရွေးချယ်ထားသော ကျေးရွာများအနက် ဦးစားပေးထားသည့် ဝိုင်းမော်မြို့နယ်အတွင်း ကျေးရွာ ၂ ရွာတွင် မိုင်းရှင်းလင်းရေးများပြုလုပ်ခဲ့ပြီးတိုက်မိုင်းကိုယ်ထည် ၁၀ လုံးကို ရှင်းလင်းရရှိခဲ့ကြောင်း ဒီဇင်ဘာလအတွင်းက သတင်းမီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့သည်။ လက်ရှိ စစ်ဘေးရှောင်စခန်းတွင် နေထိုင်သူအများစုကို မေးမြန်ရာတွင်  နေရပ်ပြန်ရန်ကို စိုးရိမ်စိတ်များဖြင့် ဝိရောဓိဖြစ်နေကြဆဲဖြစ်ပြီး ငြိမ်းချမ်းစွာနေထိုင်ရမည်လောဆိုသည်ကိုမူမေးခွန်းထုတ်စရာဖြစ်နေဆဲဖြစ်သည်။

 

“ငြိမ်းချမ်းမယ်ဆိုရင်တော့ ကိုယ့်ရွာကိုယ်ပြန်နေမယ်။ ဒါပေမယ့် မငြိမ်းချမ်းဘူးဆိုရင်တော့ နေလို့အဆင်မပြေဘူးလေ။ ပြန်ပြေးလာရမှာ ကြောက်တယ်” ဟု အသက် ၄၆ နှစ်အရွယ် မနန်လီက သူ၏ အမြင်ကို ပြောပြသည်။

 

ကချင်ငြိမ်းချမ်းရေး ကွန်ရက်က ဒေါ်ခွန်ဂျာကလည်း စစ်ဘေးရှောင်များအတွက် အစိုးရ၏အကောင်အထည်ဖော်မှု ၊ တပ်မတော်၏ အခန်းကဏ္ဍ နှင့် ကိုဗစ်ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၏လက်တွေ့လုပ်ဆောင်နိုင်မှုများမှာ အကန့်သတ်ရှိနေသည့်အတွက် စစ်ဘေးရှောင်များအတွက် နေရပ်ပြန်မှုမှာလုံခြုံစိတ်ချမှုမှာ မရေရာမှုများ ပြည့်နှက်နေကြောင်း မှတ်ချက်ပြုသည်။ လက်ရှိ နေရပ်ပြန်များအတွက်တပ်မတော်၏ မိုင်းရှင်းလင်းမှုမှာလည်း ကျေးရွာ ရပ်ကွက်အတွင်းသာရှင်းလင်ခြင်းသာဖြစ်ပြီး တောင်ယာမလုပ်ရ ၊ ခြံထဲမသွားရ ၊ ငါးသွားမဖမ်းရ နှင့် တောထဲတွင် ဟင်းရွက်သွားမခူးရ စသဖြင့် တင်းကြပ်နေထားသည့်အတွက် အဆင်မပြေမှုများ ကြုံတွေ့ရနေရကြောင်း ၎င်းက ရှင်းပြသည်။

 

ကချင်စစ်ဘေးရှောင်စခန်းက အမျိုးသမီးတဦး

ကချင်ပြည်နယ်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ၊စစ်ဘေးရှောင်များအတွက် နေရပ်ပြန်ရေးနှင့်ပြန်လည်ထူထောင်ရေးလုပ်ငန်းစဉ်များမှာ စစ်ရှောင်စခန်းများတွင် အမျိုးသမီးအများစုရှိသော်လည်း ထိုစီမံကိန်းများတွင် အမျိုးသမီးပါဝင်မှုမှာ နည်းပါးပြီး ဆုံးဖြတ်ချက်ချသည့် အဆင့်တွင် အမျိုးသမီးများပါဝင်ခွင့်မရကြကြောင်း အရပ်ဘက်အဖွဲ့အစည်းလုပ်ဆောင်နေသူတို့က​ တူညီစွာ ပြောဆိုကြသည်။

လက်ရှိအစိုးရလက်ထက် လွှတ်တော်သက်တမ်းတွင်လည်း (ပြည်ထောင်စုလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်တွင်ပါ) ဆယ်စုနှစ်ကြာလာသော ကချင်ပြည်နယ် စစ်ဘေးရှောင်ပြန်လည်ထူထောင်ရေးနှင့်ပတ်သက်၍လွှတ်တော်တွင် အဆိုတင်သွင်းမှုမှာ အားနည်းခဲ့သည်။ စစ်ရှောင်တာဝန်ခံအချို့ကို မေးမြန်ရာတွင် မသိရှိနှင့် တင်ပြဖူးခြင်း မရှိဟု မှတ်ချက်ပြုကြသည်။

 

လက်ရှိ ကချင်ပြည်နယ်ရှိ စစ်ဘေးရှောင်စခန်းများကို အဓိကထောက်ပံ့နေသည်မှာ ကမ္ဘာ့စာနပ်ရိက္ခာအဖွဲ့(WFP)ကဖြစ်ပြီး ၁၀၀ ရာခိုင်နှုန်း ၇၅ ရာခိုင်နှုန်းစသဖြင့် ရာခိုင်နှုန်းလိုက် ထောက်ပံ့ပေးလျက်ရှိကာ မိဘမဲ့များ ၊သက်ကြီးရွယ်အိုများနှင့် မုဆိုးမများကို ၁၀၀ရာခိုင်နှုန်း တစ်သောင်းခွဲကျပ် ၊ အလုပ်လုပ်နိုင်သည့်မိသားစုဝင်များကို ၇၅ရာခိုင်နှုန်း တစ်သောင်းတစ်ထောင်ကျပ် ထောက်ပံ့ပေးလျက်ရှိသည်။ ဆန် ဆီဆားတော့  ထောက်ပံ့ခြင်း မရှိပေ။ စစ်ရှောင်များမှာ ဆယ်စုနှစ်ကြာလာပြီဖြစ်သည့်အတွက် ယခင်ကလိုအလှူရှင်လာရောက်မှုမှာ မရှိသလောက်ရှားပါးခဲ့လာပြီး အခက်အခဲများဖြင့် ရင်ဆိုင်နေရဆဲ ဖြစ်သည်။

 

ကချင်ပြည်နယ်တွင်း စစ်ရှောင်များအတွက် နေရပ်ပြန်ပို့ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက်တရုတ်နိုင်ငံမှာ ကနဦး ယွမ် ၄ သန်းထောက်ပံ့ထားကာ ၂၀၂၀ နှစ်ကုန်ပိုင်းက ထိုစီမံချက်ကိုအကောင်အထည်ဖော်လျက်ရှိသည်။ တရုတ်အစိုးရက ကချင်စစ်ဘေးရှောင်များအတွက် ယွမ် သန်း ၂၀၀ကူညီရန် ကတိပြုထားသည်။ ဂျပန်နိုင်ငံကလည်း အမေရိကန်​ဒေါ်လာ ၅ သန်း ကူညီထောက်ပံပေးထားသည်။ လွန်ခဲ့သည့် သုံးနှစ်ခန့်ကပင် စစ်ရှောင်များအတွက် နေရပ်ပြန်ရန်အတွက် အစိုးရက မြေပြင်ကွင်းဆင်မှုများ ပြုလုပ်ခဲ့သော်လည်း အကောင်အထည်ဖော်နိုင်ခြင်းမရှိခဲ့ပေ။ ကူညီထောက်ပံ့မှုများရရှိမှသာအစိုးရက လုပ်ဆောင်ပေးနိုင်သည့်အနေအထားလည်း ဖြစ်နေသည်။

 

ဂျာမိန်ကောင်းရှိ စိန်ဂျိုးဇက်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးနော်လီက ” နေရပ်ပြန်မယ့်သူတွေက မလုံခြုံဘူးလို့ ခံစားကြရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကေအိုင်အေနဲ့ အစိုးရက လက်မှတ်မထိုးသေးဘူး။ ပြီးတော့ စုဆောင်းရေးကလည်း ရှိနေသေးတော့ ကျွန်တော်တို့လည်း စိတ်မချဘူး” ဟု ဆိုသည်။

 

 

Htoi Genter And Development Foundation ၏ဒါရိုက်တာ ဒေါ်နန်ပူ၏ အဆိုအရမူ အရပ်ဘက်အဖွဲ့အစည်းများစုပေါင်း၍ ကောက်ယူထားသည့် နေရပ်ပြန်ရေးနှင့်ပတ်သက်၍ သုတေသန စာရင်းများအရ စစ်ရှောင်စခန်းရှိ အမျိုးသမီး ၈၅ ရာခိုင်နှုန်းမှာ နေရပ်ပြန်ချင်သော်လည်း လတ်တလောတွင် မပြန်ရဲသေးကြောင်း ဖြေဆိုသည်။

 

“အမျိုးသမီးဂုဏ်သိက္ခာပြည့်ဝစွာနဲ့ သူတို့ရဲ့ လုံခြုံမှုကို အာမခံချက်ရှိအောင် လုပ်ပေးပြီးမှသာ ပြန်ဖို့ စီစဉ်ပေးသင့်တယ်” ဟု ၎င်းက မှတ်ချက်ပေးသည်။

 

ကေအိုင်အိုဘက်လည်း ကချင်ပြည်နယ်တွင် တပ်မတော်နှင့် နှစ်ဦးနှစ်ဖက် အပစ်ခတ်များရပ်စဲထားပြီးနေရပ်စွန့်ခွာလာရသည့် စစ်ဘေးရှောင်များကို နေရပ်ပြန်ရန် ဦးစားပေးဆောင်ရွက်ကာ ပဏာမအပစ်ခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ရန် ညှိနှိုင်းဆွေးနွေးမည့် သဘောထားရှိနေသည်။ လတ်တလောတွင် နေရပ်ပြန်ပို့လျှင် ရင်ဆိုင်ရမည့် ပြသာနာကြီးကြီးမားမားတစ်ခုရှိနေသည်။ ယင်းမှာ မြေယာပိုင်ဆိုင်မှုပြသာနာဖြစ်သည်။ နေရပ်စွန့်ခွာလာခဲ့ရသည့် စစ်ရှောင်များ၏ လယ်ယာမြေနှင့်တောင်ယာများမှာ တရုတ်တို့၏တစ်ရှူးငှက်ပျောစိုက်ခင်းများ ဖြစ်နေလေပြီ။ ပြည်နယ်အစိုးရကလည်း တရုတ်တို့၏ တစ်ရှူးငှက်ပျောစိုက်ခင်းဆိုလျှင် မထိရဲ မတို့ရဲ။ ကချင်ပြည်နယ်တွင်း အရပ်ဘက်အဖွဲ့အစည်းများက ထိုပြသာနာကို ဖြေရှင်းစဉ်းစားပေးရန် အဆိုပြုထားကြသည်။

မည်သို့ပင်ဆိုစေ စစ်ဘေးရှောင်များအားလုံး နေရပ်ပြန်ကာ အေးချမ်းစွာနေထိုင်ရေးမှာ ငြိမ်းချမ်းရေးရှိမှသာဖြစ်မည်။

 

ကချစ်စစ်ဘေးရှောင်ကလေးငယ်တဦး

 

၂၀၂၁ ငြိမ်းချမ်းရေး လားရာ

 

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၀၂၁ နှစ်သစ်မိန့်ခွန်းတွင် ၂၀၂၀အလွန် ငြိမ်းချမ်းရေးဖွဲ့စည်းတည်ဆောက်မှုအသစ်( New Peace Architecture)ကို အရှိန်အဟုန်နှင့် ဖော်ဆောင်သွားမည်ဟုပြောဆိုသွားသည်။ လွန်ခဲ့သည့် ၅နှစ်တာ အစိုးရ၏ ငြိမ်းချမ်းရေးတည်ဆောက်မှု မူဝါဒမှာ ထင်သလောက်ခရီးမပေါက်ခဲ့သည့်အတွက် အမှန်တကယ်ဖော်ဆောင်နိုင်မည်လောဆိုသည်မှာ မေးခွန်ထုတ်စရာ ဖြစ်နေဆဲဖြစ်သည်။

 

အစိုးရက တစ်နိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်(NCA)တွင် ကေအိုင်အို ပါဝင်လာရေးမှာ ၂၀၁၅ကတည်းက ကြိုးပမ်းခဲ့သော်လည်း လက်ရှိအချိန်ထိ ပါဝင်လာခြင်းမရှိသေးပေ။ တပ်မတော်နှင့်ကေအိုင်အေတို့သည် ၂၀၁၈ခုနှစ်ကတည်းက တိုက်ပွဲဖြစ်ပွားမှု မရှိသလောက်နည်းပါးသွားသော်လည်း ကေအိုင်အေပါဝင်သော  မြောက်ပိုင်းမဟာမိတ်တပ်ဖွဲ့များဖြစ်သော ရခိုင်တပ်မတော် (AA)နှင့် တအာင်းလွတ်မြောက်ရေးတပ်မတော် (TNLA)တို့မှာ တပ်မတော်နှင့်တိုက်ပွဲများ

ဖြစ်ပွားနေဆဲ ဖြစ်သည်။ ထို့အတွက် ကချင်ပြည်နယ်၏ ငြိမ်းချမ်းရေးမှာ အစိုးရ ၊ တပ်မတော် နှင့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တို့အကြား ဆွေးနွေးမှု ရလာဒ်အပေါ် မူတည်နေသည်။

 

တကောင်းနိုင်ငံရေးလေ့လာမှုအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးရဲမျိုးဟိန်းကမူ ” မြောက်ပိုင်းအဖွဲ့တွေနဲ့တွဲထားတဲ့ဆွေးနွေးမှုက ထင်သလောက်မပေါက်ဘူး။ အစိုးရဘက်ကလည်း ထိရောက်တဲ့ ကြိုးပမ်းမှုကို မတွေ့ရဘူး”ဟု မှတ်ချက်ပေးသည်။

 

သို့သော်လည်း ၂၀၂၀ ခုနှစ် ဒီဇင်ဘာလအတွင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် မြစ်ကြီးနားလာရောက်သည့်ခရီးစဉ်တွင် တစ်နိုင်ငံလုံး အပစ်ခတ်ရပ်စဲရေးသဘောတူညီမှု စာချုပ် (NCA)သည် လိုင်ဇာက စတင်ခဲ့သော်လည်း ယင်းစာချုပ်ချုပ်ဆိုသည့်အဖွဲ့တွင် ကေအိုင်အေမပါဝင်ခြင်းကို စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုမှုများသည် တပ်မတော်နှင့်ကေအိုင်အေတို့ကြား အပြုသဘောဆောင်ပြီး ငြိမ်းချမ်းရေးဆွေးနွေးပွဲများအတွက် အလားအလာကောင်းများ ဖြစ်နေသည်။

 

ငြိမ်းချမ်းရေးတည်ဆောက်မှုတွင် တပ်မတော်က သဘောထားကြီးပြီး တိုင်းရင်းသားအရေးကို ယုံကြည်မှုတည်ဆောက်ကာ ဦးစားပေးဆောင်ရွက်လျှင် အဆင်ပြေနိုင်မည်ဖြစ်ကာ တနည်းဆိုရလျှင် စစ်ဘက် အရပ်ဘက် ဆက်ဆံရေးအားကောင်းပြီး အစိုးရက ဆောင်ရွက်ခဲ့လျှင်အောင်မြင်မှုရရှိမည်ဖြစ်သည်။ လတ်တလောတွင် ကေအိုင်အေသည် ပဏာမ အပစ်ခတ်ရပ်စဲရေး သဘောတူစာချုပ်လက်မှတ်ထိုးမည်ဟုသော သတင်းများထွက်ပေါ်လျက်ရှိသည်။

 

“ငြိမ်းချမ်းရေးနဲ့ပတ်သက်ရင် အစိုးရဆောင်ရွက်မှုအပိုင်း အားနည်းပါတယ်” ဟု ဦးဆန်းအောင်ကလည်းဆိုသည်။

လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပထမဆုံး အစိုးရနှင့် တပ်မတော် ရှေ့ဆက်လုပ်ငန်းစဉ်များကို ညှိနှိုင်းပြီးမှသာ တိုင်းရင်းသားလက်နက်ကိုင်များနှင့်ညှိနှိုင်းမှု လွယ်ကူမည်ဖြစ်ပြီး အစိုးရက သဘောထားတစ်မျိုးတပ်မတော်ဘက်မှ သဘောထားတစ်မျိုးဖြစ်နေလျှင် တိုင်းရင်းသားများနှင့် ညှိနှိုင်း၍ လွယ်ကူမည်မဟုတ်ပေ။

 

” ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ငြိမ်းချမ်းရေးကို အရှိန်အဟုန်နဲ့ ဖော်ဆောင်မယ်ဆိုရင် တပ်နဲ့ညှိပြီးဘယ်လိုဆက်သွားမလဲဆိုတာ သဘောတူဖို့ လိုပါတယ်” ဟု ဦးရဲမျိုးဟိန်းက ၎င်း၏ အမြင်ကို ပြောပြသည်။

 

ကေအိုင်အေသည် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆွေးနွေးမှုများတွင် တရုတ်၏ လွမ်းမိုး အရိပ်အကဲပြမှုအပေါ်လုပ်ရှားနေရသည်ဟု ငြိမ်းချမ်းရေးအကဲခတ်များက တူညီစွာ မှတ်ချက်ပြုကြသည်။ သို့သော်လည်း ၎င်းတို့မှာ မသက်သာသည့်အနေအထားမို့ လွမ်းမိုးခံရနေခြင်းဖြစ်ပြီး အစိုးရဘက်က ကေအိုင်အေကို လုပ်နိုင်ကိုင်နိုင်ဖြစ်သော ရွေးချယ်စရာလမ်းကြောင်းများကို ဖွင့်ပေးထားပါက တရုတ်အပေါ် မှီခိုနေရမှုအနေအထားလျော့နိုင်မည်ဟုလည်း ဆိုကြသည်။

 

၂၀၂၀ခုနှစ်တွင် အစိုးရသည် ကိုဗစ်အကြပ်အတည်းကာလများဖြင့် ရင်ဆိုင်နေရသော်လည်း ရွေးကောက်ပွဲအပြီးတွင် အနိုင်ရပါတီဖြစ်သော NLD ပါတီက တိုင်းရင်းသားများအရေးကို ပွဲဦးထွက် ညှိနှိုင်းမှုများလုပ်လာသည့်အတွက် အစိုးရသစ်ဖွဲ့ပြီးသည့်ကာလတွင် ငြိမ်းချမ်းရေးကိစ္စသည် ဦးစားပေးဆောင်ရွက်မည့်အနေအထားတော့ ရှိနေသည်။ ထိုအတွက် ၂၀၂၁သည် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးပွဲ ဆက်တိုက်ဖြစ်ပေါ်လာနိုင်ပေသည်။ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင်

ဦးဆန်းအောင်က အစိုးရ ၊ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်တို့သည် လိုချင်လုပ်ချင်သော ဆန္ဒများထက် ဖြစ်နိုင်မည့်လမ်းကြောင်းများကို သဘောတူညီကာ အားစိုက်လုပ်ဆောင်ပါက ငြိမ်းချမ်းရေးခရီးရှေ့ဆက်နိုင်မည်ဖြစ်ကြောင်း အကြံပြုပြောဆိုသည်။

 

ဆယ်စုနှစ်ကြာလာပြီဖြစ်သော ကချင်ငြိမ်းချမ်းရေးအတွက်မူ ဂျာမိုင်ကောင်း စိန့်ဂျိုးဇက်စစ်ဘေးရှောင်စခန်းတာဝန်ခံ ဦးနော်လီကတော့

 

“ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘာမှမျှော်လင့်ချက်မှ မထားရဲတော့ဘူး” ဟု မှတ်ချက်ပြုလိုက်သည်။

 

မိမိနေရပ်ကိုပြန်ရတဲ့ မိသားစုတွေမှာလည်း စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် ဒေါ်ခေါန်မိုင်အပါအဝင် မိန်းမသားတွေက ပိုပူပန်နေကြသလို မပြန်ရသေးတဲ့ စစ်ဘေးရှောင်တွေမှာလည်း အရင်ကပျော်ရွှင်စွာနေခဲ့ရတဲ့ဘဝတွေကို တမ်းတရင်းဖြင့်သာ အသက်ရှင်သန်ရပ်တည်ဖို့ အားမွေးနေထိုင်ရင်း မပြီးဆုံးသေးတဲ့ အိပ်မက်ရှည်တွေနဲ့ အိပ်မပျော်ညတွေများနေဆဲ ။

 

#voiceofmyanmar #VOM #အမျိုးသမီးအရေး #စစ်ဘေးရှောင်အမျိုးသမီးများ

 

 

 

ဓါတ်ပုံ သက်ဝေနှင်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW