မူးယစ်ဆေးဝါးသွားဖမ်းတဲ့ နယ်ထိန်းရဲအရာရှိတစ်ဦး ဓားခုတ်ခံရ

ဇန်နဝါရီ ၈ – ၂၀၂၁
ကိုတိုးကြီး (VOM)

တနင်္သာရီတိုင်း ၊ မြိတ်မြို့ ၊ မြိတ်မြို့မရဲစခန်းမှာ နယ်ထိန်းတာဝန် ထမ်းဆောင်နေတဲ့ ရဲအရာရှိတစ်ဦး မနေ့ ဇန်နဝါရီ ၇ ရက် ညပိုင်းက
မူးယစ်ဆေးဝါး သွားရောက်ဖမ်းဆီးချိန် ဓားနဲ့ခုတ်ခံရတယ်လို့ မြိတ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်တစ်ဦးနဲ့အဖွဲ့ဟာ မြိတ်မြို့ ၊ အောင်မဂ်လာရပ်ကွက် ၊သုခလမ်းထဲက နေအိမ်တစ်အိမ်ကို မူးယစ်ဆေးဝါးဖမ်းဝရမ်းနဲ့ သွားရောက်ဖမ်းဆီးချိန် မူးယစ်ဆေးဝါး သတင်းရရှိထားသူ ကျော်ထွန်း (ခ) ဂျနားဆိုသူက နယ်ထိန်းခေါင်းဆောင် ရဲအရာရှိကို ဓားနဲ့ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားခဲ့တာဖြစ်ပါတယ်။

“ဓားခုတ်ခံရတဲ့ ရဲအရာရှိကိုတော့ ဆေးရုံမှာ အတွင်းလူနာအဖြစ် တင်ထားရတယ်၊ တရားခံကိုတော့ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ကျော်မိုးသက်ကိုယ်တိုင် လိုက်လံဖမ်းဆီးနေပါတယ်”လို့ မြိတ်မြိုမရဲစခန်းက တာဝန်မှူး ရဲအရာရှိတစ်ဦးက ပြောပါတယ်။

ဒီကနေ့ နေ့လယ်ပိုင်းမှာတော့ ဓားနဲ့ခုတ်ပြီး ထွက်ပြေးတိမ်းရှောင်သွားသူ ကျော်ထွန်း (ခ) ဂျနား၊ အသက် ၄၃ နှစ်ဆိုသူကို တနင်္သာရီမြို့နယ်၊ အော်ကြီးကျေးရွာက ဥယျာဉ်ခြံတစ်ခုထဲမှာ ဖမ်းဆီးရမိပြီး ဖမ်းမိတဲ့သူကို စနစ်တကျ လွှဲပြောင်းပေးနိုင်ရေး ဆက်လက်လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo – မြိတ်ခရိုင်ရဲတပ်ဖွဲ့
#voiceofmyanmar #VOM #မြိတ် #မူးယစ်ဖမ်း #ရဲအရာရှိ #ဓားနဲ့ခုတ်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW