မင်္ဂလာဈေးကို ၁၄ ရက်နေ့ ပြန်ဖွင့်နိုင်ဖို့ သက်ဆိုင်ရာကို စာတင်ထား

ဇန်နဝါရီ ၉ -၂၀၂၀
ယဉ်ပပထွန်း (VOM)

ရန်ကုန်မြို့၊ မင်္ဂလာတောင်ညွှန့်မြို့နယ်ရှိ မင်္ဂလာဈေးကို ဇန်နဝါရီ ၁၄ ရက်နေမှာ ပြန်လည်ဖွင့်နိုင်ဖို့အတွက် သက်ဆိုင်ရာကို စာတင်ပြထားတယ်လို့ မင်္ဂလာတောင်ညွှန့်မြို့နယ် အမှတ်(၁) တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးလှဌေးက VOMကိုပြောပါတယ်။

“ ၁၄ ရက်နေ့ကို ဖွင့်နိုင်ဖို့ လျာထားချက်တစ်ခုလုပ်ထားတာပေါ့။ သက်ဆိုင်ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အဲ့ဒီအထိကို တင်ပြပြီး လမ်းညွှန်ချက်ကို တောင်းခံထားတယ်။ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက လမ်းညွှန်ချက်တွေရပြီဆိုတာနဲ့ ၁၄ ရက်နေ့ကို ဖွင့်မယ်“လို့ ဦးလှဌေးကပြောပါတယ်။

ယုဇနာပလာဇာမှာက ဝင်ပေါက်တစ်ခု၊ ထွက်ပေါက်တစ်ခု သတ်မှတ်ထားပေမယ့် မင်္ဂလာဈေးမှာက မင်္ဂလာဈေးသစ် ၊ ရွှေပြည့်စုံဈေး ၊ မင်္ဂလာမွန်ဈေး ၊ အဆင့်မြင့် မင်္ဂလာဈေး စတဲ့ ဈေး ၅ ဈေးပေါင်းထားတဲ့ အတွက် မိန်းပေါက် ၅ ခုလုံးကို ဖွင့်ထားမယ်လို့လည်း သိရပါတယ် ။

“ မင်္ဂလာဈေး အဓိက မိန်းပေါက်တွေက ၅ ခုရှိတယ် ။ မိန်းပေါက်တွေကို အကုန်လုံးဖွင့်မယ်။ မင်္ဂလာဈေးက ၅ ဈေးရှိတယ်။ အဲ့ဒီဈေးတွေရဲ့ဝင်ပေါက်ထွက်ပေါက်တွေမှာ အဖျားတိုင်းတာလုပ်မယ်၊ လက်ဆေးဘေစင်ထားမယ်။ မက်စ် တပ်၊မတပ်ကို တိတိကျကျလိုက်နာရမယ်။ မိန်းပေါက်တွေမှာ မက်စ်မပါရင် ဝင်ခွင့်မပေးဘူး။ မက်စ်ပါမှ ဝင်ခွင့်ပေးမယ်။ အဲ့ဒီဈေးတွေရဲ့ အလွှာတိုင်း အလွှာတိုင်းမှာ ဈေးသူဈေးသား ဆိုင်ပိုင်ရှင်တွေ ကြီးကြပ်ပြီးတော့ ကိုဗစ်ရောဂါ ကာကွယ်ရေး အစုအဖွဲ့လေးတွေ ဖွဲ့ထားတယ်။ အဲ့ဒီအဖွဲ့တွေက သူတို့အထပ်တွေ အလွှာတွေမှာ သတ်မှတ်ထားတဲ့စည်းကမ်းကို လိုက်နာချင်းရှိ၊မရှိ မက်စ်တပ်တာရှိ၊မရှိ လက်သန့်ဆေးရေ သုံး၊မသုံး သတ်မှတ်ချက်တွေ အမြဲတမ်း လိုက်လံစစ်ဆေးမယ်။ သတ်မှတ်ချက်တွေကို လိုက်နာဖို့ နိုးဆော်တာတွေလုပ်မယ်“လို့ ဦးလှဌေးက ဆက်ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၆ ရက်နေ့ကလည်း တာမွေမြို့နယ်မှာရှိတဲ့ ယုဇနပလာဇာကို ပြန်လည်ဖွင့်လှစ်ခဲ့ရာမှာ အဆင်ပြေချောမွေ့နေပြီး စည်းကမ်းလိုက်နာမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရန်ကုန် #မင်္ဂလာဈေး #ပြန်ဖွင့်ဖို့ #စာတင်ထား

Related posts

Leave a Comment

VOM News

FREE
VIEW