မူဆယ်မှာ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထားပြီး ပစ်ခတ်လုပ်ကြံမှု ၁ ပတ်အတွင်း ၃ ကြိမ်ဖြစ်ပွား

ဇန်နဝါရီ ၉ – ၂၀၂၁
ကိုတိုးကြီး (VOM)

ရှမ်းပြည်နယ်မြောက်ပိုင်း တရုတ် – မြန်မာ နယ်စပ်ကုန်သွယ်ရေး မြို့ဖြစ်တဲ့ မူဆယ်မြို့ပေါ်မှာ ဇန်နဝါရီ ၂ ရက်ကစနေ ၁ ပတ်တာ ကာလအတွင်း တရုတ်နိုင်ငံသားတွေကို ပစ်မှတ်ထားပြီး သေနတ်နဲ့ လိုက်လံပစ်ခတ် လုပ်ကြံသတ်ဖြတ်တာဟာ ၃ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။

” သေနတ်နဲ့ လိုက်လံပစ်ခတ် လုပ်ကြံသတ်ဖြတ်တာမျိုးဖြစ်တယ် ၊ ဒီလ ၂ ရက်နေ့မှာ တကြိမ်နဲ့ ၆ ရက်ညက တကြိမ် ဖြစ်ပွားတယ် ၊ ဒီ ၁ ပတ်အတွင်း ပစ်ခတ်မှု ၃ ကြိမ်ရှိတယ် ၊ ၁ ယောက်သေ ၊ ၁ ယောက်ဒဏ်ရာပြီး နေအိမ်နဲ့ပစ္စည်း ကားတချို့ပျက်စီးတယ်”လို့ မူဆယ်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးက ရဲအရာရှိတစ်ယောက်က ပြောပါတယ်။

ဇန်နဝါရီ ၆ ရက်နေ့ ညပိုင်းက မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်၊ မူဆယ်-နမ့်ခမ်းသွား ပြည်ထောင်စုကားလမ်းကြီး နဲ့ ပန်လုံ ၁ လမ်းထောင့် နေရာမှာ Taste super market ပိုင်ရှင် မစ္စတာ တာရှဲ့(ခ)ရှယ်ကော့ ဆိုသူနဲ့ ဦးကျန်ကျီးရင် ဆိုသူ ၂ ယောက်ဟာ နေအိမ်ကနေ ကားနဲ့ထွက်လာချိန် အမည်မသိ အဖွဲ့အစည်းက ကားတစ်စီးနဲ့ နောက်ယောင်ခံ လိုက်ပြီး ကားချင်းယှဉ်မောင်းကာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တာဖြစ်ပါတယ်။

အဲ့ဒီဖြစ်စဉ်မှာ မစ္စတာ တာရှဲ့ (ခ) ရှယ်ကော့စီးနင်းလိုက်ပါလာခဲ့ ကားဟာ ကျည်ဆံထိမှန်ပြီး ကားတံခါး လက်ကိုင်ကွင်း ကျည်ဆံဖောက်ဝင်ကာ ကားအတွင်းလိုက်ပါလာသူ ဦးကျန်ကျီးရင်ရဲ့ လက်ကောက်ဝတ်နေရာကို သေနတ်ထိမှန်ခဲ့တယ်လို့ ရဲမှတ်တမ်းအရ သိရပါတယ်။

ဒါ့အပြင် ဇန်နဝါရီ ၂ ရက်နေ့ကလည်း တရုတ်နိုင်ငံ၊ ထုံချန်းမြို့ကနေ မူဆယ်မြို့ကို အရောင်းအဝယ်ကိစ္စနဲ့ လာရောက်နေသူ အသက် ၂၅ နှစ်အရွယ် မစ္စတာယိလုံ ဆိုသူဟာ မူဆယ်မြို့မှာ ခြေထောက်နဲ့ လက်တွေကို နိုင်လွန်ကြိုးနဲ့တုတ်ပြီး မျက်နှာကို ပုဝါအုပ်လျက်၊ နထင်ကျည်ဖောက်ဝင်ဒဏ်ရာတွေနဲ့ သေဆုံးနေတဲ့ ပစ်ခတ်လုပ်ကြံမှုဖြစ်စဉ်လည်း ပေါ်ပေါက်ခဲ့တာဖြစ်ပါတယ်။

ဇန်နဝါရီ ၆ ရက် မနက်အစောပိုင်းကလည်း မူဆယ်မြို့၊ ကောင်းမှုတုံရပ်ကွက်ထဲက မြို့မ ပြည်သူ့စစ်တွေ နေထိုင်တဲ့ အဆောက်အဦးတစ်ခုကို ၄၀ မမ ဗုံးသီးတွေ၊ သေနတ်တွေနဲ့ ပစ်ခတ်တိုက်ခဲ့တဲ့ဖြစ်စဉ်တွေလည်း ဖြစ်ပွားခဲ့ပါတယ်။

အဲ့ဒါကြောင့် မူဆယ်မြို့မှာ ၁ ပတ်တာကာလအတွင်း သေနတ်နဲ့ ပစ်ခတ်လုပ်ကြံမှု ၃ ကြိမ်ဖြစ်ပွားခဲ့ပြီး လူ ၁ ဦးသေဆုံးကာ လူ ၁ ဦး ဒဏ်ရာရရှိခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #မူဆယ် #ပစ်ခတ်မှု

Related posts

Leave a Comment

VOM News

FREE
VIEW