TNLAအဖွဲ့ဖမ်းဆီးထားတဲ့ စံပြမုန့်တိုက်ပိုင်ရှင်ကိစ္စ ‘ဝ’တပ်ဖွဲ့ကို အကူအညီတောင်းထား

ဇန်နဝါရီ ၁၀-၂၀၂၁
အေးချမ်းသူ(VOM)

တအောင်းပလောင်အမျိုးသားလွတ်မြောက်ရေးတပ်(TNLA)က ဖမ်းဆီးထားတဲ့ မိုးကုတ်မြို့နယ်ရှိ (SP)စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းရဲ့ ကိစ္စကို မိသားစုဝင်တွေက ‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီကို အကူအညီတောင်းထားတယ်လို့ မနေ့ ဇန်နဝါရီ ၉ရက် နေ့လယ်ပိုင်းက ရန်ကုန်မြို့ Rose Garden ဟိုတယ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိသားစုဝင်တွေကပြောပါတယ်။

ဦးကျော်ဝင်းကို ပြီးခဲ့တဲ့ ၂၀၂၀နှစ် ဒီဇင်ဘာ ၄ရက်နေ့က ဖမ်းဆီးခဲ့ရာ အခုချိန်ထိ တစ်လကျော်ကြာမြင့်နေပြီး အဆက်အသွယ်လုံးဝမရတာကြောင့် မိသားစုဝင်တွေက စိုးရိမ်ပူပန်နေတဲ့အတွက် အခုလို သတင်းစာရှင်းလင်းပွဲပြုလုပ်ရခြင်းဖြစ်တယ်လို့ ဦးကျော်ဝင်းရဲ့ ညီဖြစ်သူ ဦးကျော်လင်းကပြောပါတယ်။

” TNLA ဘက်က ငွေတောင်းတာ၊ အကြောင်းကြားတာလည်းမရှိဘူး။
ကျနော်တို့ဘက်က ဆက်သွယ်ဖို့ ကြိုးစားပေမယ့် ကြိုးစားလို့မရဘူး၊ တအောင်းပလောင်အမျိုးသားတပ်ဖွဲ့ကလည်း တစ်လကျော်ကြာဖမ်းဆီးထားပြီး အသက်အန္တရာယ်စိုးရိမ်စရာမရှိဘူးလို့ မီဒီယာတွေနဲ့ ဖြေကြားထားပေမယ့် မိသားစုဝင်တွေအနေနဲ့ စိုးရိမ်ပူပန်နေပြီး အမြန်ဆုံးပြန်လွှတ်ပေးဖို့တောင်းဆိုတယ်”လို့ ဦးကျော်လင်းက ပြောပါတယ်။

မိသားစုဝင်တွေဟာ ဇန်နဝါရီလဆန်ပိုင်းက လက်နက်ကိုင် ၇ ဖွဲ့ ပါဝင်တဲ့ FPNCC ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညိုနှိုင်းရေးကော်မတီဥက္ကဋ္ဌဆီကို လာရှိုးမြို့နယ် ‘ဝ’ဆက်ဆံရေးရုံးကတစ်ဆင့် အကူအညီတောင်းခံထားတယ်လို့ ဦးကျော်လင်းကပြောပါတယ်။

‘ဝ’ ပြည်နယ်သွေးစည်းညီညွတ်ရေးပါတီ(UWSP)အဖွဲ့ကို အကူအညီတောင်းခံထားမှုနဲ့ပတ်သက်ပြီး လာရှိုးမြို့နယ် ‘ဝ’ ဆက်ဆံရေးရုံးတာဝန်ခံ ဦးညီရမ်းက ” သူတို့မိသားစုလာရောက်တွေ့ဆုံ အကူအညီတောင်းတာမှန်ပါတယ်။ ကျနော်လည်း ဌာနချုပ်ကို သူတို့ပေးပို့လာတဲ့မေတ္တာရပ်ခံအကူအညီတောင်းစာကို သတင်းပို့ပြီးပါပြီ”လို့ VOMကိုပြောပါတယ်။

လူအခွင့်အရေးနှင့်တရားမျှတမှုစွမ်းဆောင်သူများအဖွဲ့ကလည်း မိုးကုတ်မြို့မှာ လုပ်ငန်းရှင်တွေကို TNLAက ဖမ်းဆီးပြီး ငွေညစ်တောင်းခံမှုတွေကြောင့် ဒုက္ခအခက်အခဲရင်ဆိုင်နေရတဲ့ကိစ္စကို ၂၀၂၀၊ ဒီဇင်ဘာ ၇ရက်နေ့က ကန့်ကွက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။

‘ဝ’ သွေးစည်းညီညွတ်ရေးပါတီ(UWSP)အဖွဲ့ကို အကူအညီတောင်းရခြင်းဟာ အရင်ကာလတွေကလည်း အခုလိုပြဿနာတွေကို ကူညီဖြေရှင်းပေးရာမှာ ပြေလည်မှုရရှိခဲ့တဲ့အတွက် ယုံကြည်အားကိုးစွာနဲ့ စာပေးပို့ခဲ့တာဖြစ်တယ်လို့ ဦးကျော်ဝင်းရဲ့ညီဖြစ်သူ ဦးကျော်လင်းက ပြောပါတယ်။

စံပြမုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်း ပြန်ပေးဆွဲခံရတာနဲ့ပတ်သက်ပြီး တအောင်းပလောင်လွတ်မြောက်ရေးတပ်ဖွဲ့(TNLA)မှ ဗိုလ်မှူးမိုင်းအိုက်ကျော်ကို VOMက ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။

မိုးကုတ်မြို့နယ်မှာ စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းအပြင် TNLAအဖွဲ့က ပြီးခဲ့တဲ့ ၂၀၂၀ နိုဝင်ဘာ ၁၇ရက်နေ့ကလည်း မိုးကုတ်မြို့၊ ရှောလီဝိုင်းရပ်ကွက်က အမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ၁၀ရက်မြောက်နေ့မှာ သိန်း၃၄၀နဲ့ ပြန်လည်ရွေးချယ်ခိုင်းခဲ့တယ်လို့ ကာယကံရှင်က မီဒီယာအသီးသီးမှာ ထုတ်ဖော်ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မိုးကုတ် #စံပြမုန့်တိုက်ပိုင်ရှင် #ဦးကျော်ဝင်း #ဝတပ်ဖွဲ့ကို #အကူအညီတောင်းထား

Related posts

Leave a Comment

VOM News

FREE
VIEW