ကွာရန်တင်းစင်တာကို ဘုန်းကြီးက မီးနဲ့ရှို့

ဇန်နဝါရီ ၁၀-၂၀၂၁
ကောင်းလက်ျာ(VOM)

ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်မှာ ဒီကနေ့မနက် ၅ နာရီခွဲခန့်က အ.ထ.က ကြို့ပင်ကောက် ကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံနေတဲ့ ဘုန်းကြီးတစ်ပါးက နေထိုင်ရာအဆောင်ကို မီးနဲ့ရှို့ခဲ့တယ်လို့ ကြို့ပင်ကောက်မြို့နယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကိုမင်းက ပြောပါတယ်။

” ကွာရန်တင်းဝင်နေတဲ့ ဘုန်းကြီးက မီးတင်ရှို့တာ၊ ကိုယ်တိုင်ဝန်ခံထားတယ်။ မနက် ၆ နာရိခွဲလောက်မှာ မီးငြိမ်းနိုင်ခဲ့တယ်။ လူထိခိုက်ဒဏ်ရာ မရပေမယ့် အဆောင်တစ်ခု ပျက်ဆီးတယ်၊ ဘုန်းကြီးက စိတ်ပိုင်းဆိုင်ရာ ကျန်မာရေးကောင်းလှပုံမပေါ်ဘူး”လို့ ဦးအောင်ကိုမင်းက ပြောပါတယ်။

မနေ့ ဇန်နဝါရီ ၉ ရက် မနက်ပိုင်းက ရန်ကုန်တိုင်း‌ကနေပြန်လာတဲ့ သက်တော်၄၃ နှစ်အရွယ် ဘုန်းကြီးတစ်ပါးဟာ ကိုဗစ်ကော်မတီက စီစဉ်ပေးတဲ့ အ.ထ.ကကြို့ပင်ကောက် ကွာရန်တင်းစင်တာမှာ ခေတ္တ‌နေထိုင်ချိန် အခုလိုဖြစ်ပွားခဲ့ပါတယ်။

မီးလောင်မှုကြောင့် အဲ့ဒီကွာရန်တင်းစင်တာမှာ စောင့်ကြည့်မှုခံနေရတဲ့ အမျိုးသား၊ အမျိုးသမီး ၅၇ ဦးကတော့ ထိခိုက်ဒဏ်ရာမရခဲ့ဘူးလို့ ကြို့ပင်ကောက်မြို့မရဲစခန်းကနေ သိရပါတယ်။

ကြို့ပင်ကောက်မြို့မရဲစခန်းမှူး ဒု-ရဲမှူးကျော်ဇေယျက “မနေ့က လှည်းကူးကတဆင့် ကယ်ရီနဲ့ ပြန်လာတော့ မြို့အဝင်ဂိတ်က တာဝန်ရှိသူတွေက ဦးသာသနာခေတ္တနေဖို့ ကျောင်းတွေလိုက်ပြီးလျှောက်တော့ လက်မခံလို့ စခန်းမှာထားတာပါ။ မနက်က သူ့ကိုလက်သင့်မခံတဲ့ကိစ္စ စိတ်ဆိုးပေါက်ကွဲနေပုံရတယ်”လို့ ပြောပါတယ်။

ကွာရန်တင်းစင်တာကို မီးရှို့ခဲ့တဲ့ဘုန်းကြီးကို ကြို့ပင်ကောက်မြို့မရဲစခန်းမှ (ပ)၁၃/၂၀၂၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ-၄၃၆(မီးရှို့ဖျက်ဆီးမှု)နဲ့ အမှုဖွင့်စစ်ဆေးနေတယ်လို့ သိရပါတယ်။

Photo-ဇေယျာထွန်း
#voiceofmyanmar #VOM #ကြို့ပင်ကောက် #ကွာရန်တင်းစင်တာ #မီးရှို့မှု

Related posts

Leave a Comment

VOM News

FREE
VIEW