ပြည်ခိုင်ဖြိုး သမိုင်းမရိုင်းချင်လို့ ဥပဒေဘောင်တွင်းမှလုပ်ဆောင်နေခြင်းဖြစ်

နေပြည်တော်-ဇန်နဝါရီ ၁၀-၂-၂၁

ကိုထွန်း(VOM)

 

နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ် ပြည်ခိုင်ဖြိုးဌာနချုပ်  သင်တန်းခန်းမဆောင်မှာ ဇန်နဝါရီ ၁၀ ရက်နေ့ ဒီနေ့မနက်ပိုင်းက သတင်းစာရှင်းလင်းပွဲလုပ်ပြီး ရွေးကောက်ပွဲဆိုင်ရာ တိုင်ကြားမှုတွေနဲ့ ပတ်သက်လို့ ရှင်းလင်းခဲ့ပါတယ်။

 

အဲဒီရှင်းလင်းပွဲမှာ  ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာနန္ဒာလှမြင့်က

“ရွေးကောက်ပွဲမှာတရားမဲ့ပြုကျင့်မှုနဲ့ ပတ်သက်ပြီး ရွေးကောက်ပွဲပြီးတဲ့အချိန်မှ ယခုကာလအထိ ရဲစခန်းကို တိုင်ကြားထားတဲ့အမှုပေါင်း (၁၂၇)မှုရှိပါတယ်၊ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်ကိုတင်ပြထားတာ (၁၁၆၄)ခုရှိပါတယ်၊ စာချွန်တော်တင်ထားတာလည်း ရှိပါတယ်။  ကန့်ကွက်ပွဲတွေလုပ်တာ၊ သတင်းစာရှင်းလင်းပွဲလုပ်တာ၊ တရားလွှတ်တော်ချုပ်ကို စာချွန်လွှာတင်တာတွေ လုပ်ဆောင်နေတာကတော့ ပြည်ခိုင်ဖြိုးသမိုင်းမရိုင်းချင်လို့ လုပ်ဆောင်တာဖြစ်ကာ  နောက်ထပ်လည်းကျွန်တော်တို့ ဥပဒေနဲ့အညီဆောင်ရွက်စရာတွေ ဆက်လုပ်မှာပါ”

သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက စာချွန်တော်လွှာတင်တဲ့ နိုင်ငံရေးပါတီတွေကို ပြောဆိုတာနဲ့ပတ်သက်လို့ လည်း ဒေါက်တာနန္ဒာလှမြင့်က

 

“ နောက်တစ်ခုက ခုလိုလုပ်နေခြင်းဟာ ပေါ်လယ်တီကယ်ဆူဆိုက်လုပ်တယ်၊ ကိုယ့်နိုင်ငံရေးကြိုးကွင်း ကိုယ့်ဟာကိုယ်ပြန်စွပ်နေတယ်လို့ ဝေဖန်ထိုးနှက်မှုဟာလည်း ဦးဇော်ဌေးအနေနဲ့ ပြောရမယ့်ကိစ္စမဟုတ်ပါဘူး၊ တရားရုံးကဆုံးဖြတ်ခြင်းမပြုခင်၊ အမိန့်တစ်စုံတစ်ရာမထုတ်ခင်မှာ ဥပဒေနဲ့ညီပါတယ်လို့လည်း ဝင်ရောက်ပြောဆိုစရာအကြောင်းမရှိပါဘူး လိုပြောချင်ပါတယ်၊ စည်းကျော်ဘောင်ကျော်ပြောတာလို့ ပြောချင်ပါကြောင်း” လို့ ရှင်းသွားပါတယ်။

 

၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီဘက်က စွပ်စွဲခဲ့တဲ့ ကိစ္စကိုလည်း ဒေါက်တာနန္ဒာလှမြင့်က ထည့်သွင်းပြောသွားပါတယ်။

 

“ ရွေးကော်ဥက္ကဋ္ဌ ဦးတင်အေးလက်ထက် ၂၀၁၂ တုန်းက NLD ပါတီရဲ့ တာဝန်ရှိသူ ဦးဉာဏ်ဝင်းက မဲလက်မှတ်တွေ ဖယောင်းသုတ်တယ်လို့ စွပ်စွဲခဲ့ဖူးပါတယ်၊ စွပ်စွဲတဲ့အပေါ်မှာ ဦးတင်အေးကော်မရှင်က ချက်ခြင်းအဖွဲ့ ဖွဲ့ပြီးတော့စုံစမ်းစစ်ဆေးမှုလုပ်တယ်၊ လုပ်ကြံစွပ်စွဲတယ်လို့ ပေါ်လွင်တဲ့အတွက်ဦးဉာဏ်ဝင်းကို ဥပဒေအရ ပြန်လည်တရားစွဲဆိုမှုတွေရှိခဲ့ပါတယ်၊ သံသယတွေရှင်းသွားရင် လွှတ်တော်ခေါ်တာတွေ အစိုးရအဖွဲ့ဖွဲ့တာတွေဟာ  ချောချောမွေ့မွေ့နဲ့ ပြည်သူလည်းလက်ခံ၊ နိုင်ငံရေးပါတီအားလုံးကလည်း ယုံကြည်သွားမှာဖြစ်ပါတယ်၊ ဒါပေမယ့် မဲမသမာမှုတွေရှိနေပါတယ်လို့ ကျွန်တော်တို့ အထောက်အထားတွေနဲ့ပြောနေတာကို UEC ကတစ်ခွန်းမှပြန်မပြောပါဘူး၊ မဟုတ်မမှန်ပြောနေတယ်လို့ပြန်ပြောနေတယ်၊ ဘယ်အချက်အလက်နဲ့ပြောတာလဲ၊ ဘာအထောက်အထားချပြပြီးပြောတာလဲ အချက်အလက်အထောက်အထားတွေနဲ့ ပြောပြနေတာကို မဟုတ်မမှန်ပြောတယ်လို့ UECကငါ့စကားနွားရ ပြောလို့မရဘူးလို့ ပြောချင်ပါတယ်၊အချက်အလက်အထောက်အထားနဲ့ ပြောနေတာကို UECက ပြန်လည်ဖြေရှင်းပေးရပါမယ်၊ နောက်တစ်ခါ UEC ကိုတာဝန်ပေးထားတဲ့ အစိုးရမှာတာဝန်ရှိပါတယ်၊ မဖြေရှင်းပေးဘဲနဲ့ ကျွန်တော်တို့ကရှုံးမဲမဲနေတယ်၊ ပြည်သူတွေထင်ယောင်ထင်မှားဖြစ်အောင်ဥပဒေနဲ့အညီ ပြန်လည်ဖြေရှင်းခြင်းမရှိဘဲ အရပ်စကားပြောသလို  ရှုံးမဲ မဲနေတယ်၊ ညစ်တွန်း တွန်းနေတယ်ဆိုပြီး ဝေဖန်မှုပြုနေတာမလုပ်သင့်ဘူးလို့ ပြောချင်ပါတယ်” ဒေါက်တာနန္ဒာလှမြင့်ကပြောပါတယ်။

 

၂၀၂၀မှာ အာဏာမရလို့ အာဏာလက်လွှတ်လိုက်ရလို့ အာဏာကို ငန်းငန်းတက်လိုချင်လို့ ဝေဖန်စွပ်စွဲနေမှုဟာ မဟုတ်ကြောင်းနဲ့ ပြည်ခိုင်ဖြိုးသမိုင်းမရိုင်းချင်လို့ ခုလိုကန့်ကွက်ပြောဆိုနေခြင်းဖြစ်ကြောင်း၊ ဒုတိယအကြိမ်လွှတ်တော်သက်တမ်းရှိနေလျှက် မခေါ်တော့ဘဲ လုပ်တဲ့ကိစ္စကိုလည်း အထူးအစည်းအဝေးခေါ်ပေးဖို့ နိုင်ငံတော်သမ္မတကို တင်ပြထားထာရှိပါတယ်လို့လည်းသတင်းစာရှင်းလင်းပွဲမှာ ဒေါက်တာနန္ဒာလှမြင့်က ပြောကြားခဲ့ပါတယ်။

 

#voiceofmyanmar #VOM #ဒေါက်တာနန္ဒာလှမြင့် #ပြည်ခိုင်ဖြိုးသတင်းစာရှင်းလင်းပွဲ #နေပြည်တော် #USDP

Related posts

Leave a Comment

VOM News

FREE
VIEW