ခရီးသည် ၆၀ ကျော်လိုက်ပါသွားတဲ့ အင်ဒိုနီးရှားခရီးသည်တင်လေယာဉ် ပင်လယ်ထဲပျက်ကျ

ဂျကာတာ၊ ဇန်နဝါရီ ၁၀-၂၀၂၁
မျိုးဆက် (VOM)

အင်ဒိုနီးရှားနိုင်ငံမှာ ဘိုးအင်း-၇၃၇ ခရီးသည်တင်လေယာဉ်တစ်စင်းဟာ မြို့တော်ဂျကာတာကနေ ပျံတက်ပြီး မကြာခင်မှာပဲ ပင်လယ်ထဲကို ပျက်ကျသွားခဲ့တယ်လို့ ယုံကြည်ရတဲ့ နေရာကို အင်ဒိုနီးရှားအာဏာပိုင်တွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

လူ ၆၂ ဦးကို တင်ဆောင်သွားတဲ့ Sriwijaya Air လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်ဟာ အနောက်ကာလီမန်တန်ပြည်နယ် ပွန်ရှန်နက်ကိုသွားဖို့ ပျံသန်းနေစဉ် လေယာဉ်ကွင်းကတက်ပြီး လေးမိနစ်အကြာမှာ ရေဒါကနေ ပျောက်ကွယ်သွားခဲ့ပါတယ်။

လေယာဉ်ပျက်ကျရာနေရာကို သင်္ဘော ၁၀ စင်းကျော်နဲ့ ရေငုပ်သင်္ဘောတွေ ဖြန့်ကြက်ပြီး ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြကာ လေယာဉ်အပျက်အစီးလို့ ယူဆရတဲ့အရာတွေကို စုံစမ်းစစ်ဆေးသူတွေက ဆန်းစစ်နေကြပါတယ်။

ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေကို ဇန်နဝါရီ ၉ ရက်ညပိုင်းမှာ ရပ်နားခဲ့ပြီး ဒီကနေ့မနက်အစောပိုင်းမှာ ပြန်လည်စတင်နေပြီဖြစ်ပါတယ်။

အဲ့ဒီလေယာဉ်ဟာ ၂၀၁၉ ခုနှစ် မတ်လနဲ့ ဒီဇင်ဘာလတွေမှာ လူအများအပြားသေဆုံးခဲ့တဲ့ မတော်တဆမှုဖြစ်ပွားခဲ့တာကြောင့် ပြေးဆွဲပျံသန်းမှုတွေ ရပ်ဆိုင်းခဲ့ရတဲ့ ဘိုးအင်း-၇၃၇ မက်စ် လေယာဉ်အမျိုးအစားမဟုတ်ပါဘူး။

လေယာဉ်ဟာ ကလေးငယ်ခြောက်ဦးအပါအဝင် ခရီးသည် ၅၀ ဦးနဲ့ လေယာဉ်အမှုထမ်း ၁၂ ဦးကို တင်ဆောင်ခဲ့ပြီး ခရီးသည် ၁၃၀ ဦးအထိ တင်ဆောင်နိုင်ကာ ခရီးသည်အားလုံးဟာလည်း အင်ဒိုနီးရှားနိုင်ငံသားတွေဖြစ်တယ်လို့ တာဝန်ရှိသူတွေကပြောပါတယ်။

Ref : BBC
Photo:Reuters
#voiceofmyanmar #VOM #ဂျကာတာ

Related posts

Leave a Comment

VOM News

FREE
VIEW