အဂတိကော်မရှင် သုံးနှစ်ကျော်သက်တမ်းအတွင်း နိုင်ငံရေးရာထူးအမှု နှစ်ခုသာရှိ

ဇန်နဝါရီ ၁၃-၂၀၂၁
ကောင်းလက်ျာ(VOM)

NLDပါတီ ဦးဆောင်တဲ့ ဒီမိုက‌ရေစီအစိုးရအဖွဲ့လက်ထက် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကို ပြန်လည်ဖွဲ့စည်းခဲ့တဲ့ သုံးနှစ်ကျော်ကာလအတွင်း အဂတိမှုနဲ့အရေးယူဆောင်ရွက်ခဲ့သော နိုင်ငံရေးရာထူးအမှု ၂ မှုသာရှိတယ်လို့ ကော်မရှင်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပြပါတယ်။

” တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ်နဲ့ ရန်ကုန်တိုင်းဒေသကြီး တရားသူကြီးချုပ်ပါ။ ရန်ကုန်က အောင်ရဲထွေးအမှုက ဦးဟန်ထူးနဲ့ တနင်္သာရီက ဒေါက်တာဒေါ်လဲ့လဲ့မော်တို့ပါ။ အဆင့်မြင့်အရာ‌ရှိတွေလည်း ပါတယ်ဆိုပေမယ့် နိုင်ငံရေးရာထူးနဲ့ကတော့ နှစ်ဦးပဲ ရှိခဲ့ပါတယ်”လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုးက ပြောပါတယ်။

၂၀၁၇ ခုနှစ် နှစ်ကုန်ခါနီးက ပြန်လည်ဖွဲ့စည်းခဲ့ပြီး ဦးအောင်ကြည်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်သက်တမ်း သုံးနှစ်ကျော်ကာလအတွင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုမှု (၁၅၇) မှုရှိခဲ့ပြီး ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၁ ရက်နေ့က နောက်ဆုံးအမှုဖွင့်အရေးယူခံရသူဟာ လေကြောင်း ပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနအထွေထွေမန်နေဂျာ ဦးစိုးပိုင်ဖြစ်တယ်လို့ သိရပါတယ်။

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင် သက်တမ်းသုံးနှစ်အတွင်း အမှုဖွင့်ခံရသူတွေဟာ၂၀၁၈ခုနှစ်မှာ ၄၆ ဦး၊ ၂၀၁၉ ခုနှစ်မှာ ၈၁ ဦးနဲ့ ၂၀၂၀ ခုနှစ်မှာ ၃၀ ဦးဖြစ်ပြီး နိုင်ငံရေးရာထူး၂ ဦး၊ အဆင့်မြင့်အရာရှိကြီး ၁၂ ဦး၊ အရာထမ်းငယ် ၅၁ ဦးနဲ့ အမှုထမ်း ၆၅ ဦးအပြင် ပြည်သူ့ဝန်ထမ်း ၉ ဦးနဲ့ ပြင်ပလူပုဂ္ဂိုလ် ၁၈ ဦး ပါဝင်တယ်လို့ သိရပါတယ်။

ကော်မရှင်အနေနဲ့သုံးနှစ်ကျော်ကာလမှာ ရောက်ရှိလာတဲ့ တိုင်ကြားစာပေါင်း ၂၅၀၀၀ ကျော်ရှိတဲ့အထဲက ကော်မရှင်နဲ့ တိုက်ရိုက်မသက်ဆိုင်တဲ့ တိုင်ကြားစာတွေကို သက်ဆိုင်ရာတိုင်းဒေသကြီးနဲ့ပြည်နယ် ကော်မရှင်ရုံးခွဲတွေကို ပြန်လည်လွှဲပြောင်းပေးထားခဲ့ပြီး ကော်မရှင်ဥက္ကဋ္ဌဟောင်း ဦးအောင်ကြည်နေရာမ‌ှာ ယခင်အတွင်းရေးမှူး ဦးစန်းဝင်းက တာဝန်ယူဆောင်ရွက်နေတယ်လို့ ကော်မရှင်ပြောရေးဆိုခွင့်ရှိသူ ဦးကျော်စိုး ပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #အဂတိ #သုံးနှစ်ကာလ #နိုင်ငံရေးရာထူးအမှု

Related posts

Leave a Comment

VOM News

FREE
VIEW