အေအေကို အကြမ်းဖက်အဖွဲ့က ပယ်ဖျက်ရေးအဆို ရခိုင်လွှတ်တော်အတည်ပြု

ဇန်နဝါရီ ၁၄- ၂၀၂၀
ထက်အောင်စိုင်း (VOM)

ရခိုင်ပြည်နယ်အတွင်း လက်နက်ကိုင်တပ်ဖွဲ့ တစ်ခုဖြစ်တဲ့ အေအေအဖွဲ့ကို အကြမ်းဖက်အဖွဲ့ကနေ ပယ်ဖျက်ပေးရေးအဆိုကို ဒီကနေ့ ရခိုင်ပြည်နယ်လွှတ်တော် (၁၅)ကြိမ်မြောက်ပုံမှန်အစည်းအဝေး တတိယနေ့မှာ အတည်ပြုလိုက်ပါတယ်။

အဲ့ဒီအဆိုကို အတည်ပြုလိုက်ရာမှာ ကန့်ကွက်သူမရှိကြောင်းနဲ့ အဆိုကို လွှတ်တော်အမတ် (၇) ဦးက ထောက်ခံဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

အဆိုတင်သွင်းတဲ့ မြောက်ဦးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က” အဆိုကို ဒီနေ့အတည်ပြုလိုက်တာ ဟုတ်ပါတယ်။ ကျနော်တို့က ပြည်သူလူထုရဲ့ဆန္ဒသဘောထားကို လွှတ်တော်မှာ တင်ပြပြီးတော့ သက်ဆိုင်ရာ ပြည်နယ်အစိုးရနဲ့ ပြည်ထောင်စုအစိုးရ တွေကို တိုက်တွန်းတာဖြစ်တယ်။ အကောင်အထည်ဖော်ဖို့ဟာက အစိုးရရဲ့ အပိုင်းဖြစ်တယ်၊အစိုးရအနေနဲ့ ဒီကနေ့ အတည်ပြုလိုက်တဲ့အဆိုကို အကောင်အထည်ဖော်ပေးနိုင်မယ်လို့ မျှော်လင့်တယ်”လို့ ပြောပါတယ်။

လက်ရှိမှာ တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ပွဲတွေရပ်တန့်နေကာ နေမြေဒေသ ငြိမ်းချမ်းမှု ရှိလာတာနဲ့အညီ စစ်ပွဲတွေကြောင့် ပြည်သူလူထုတွေ အတိဒုက္ခရောက်ပြီး ငြိမ်းချမ်းရေးကို တောင်းဆိုနေတဲ့အတွက် ဒီအဆိုကို တင်သွင်းရတာဖြစ်တယ်လို့ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းသာစိန်က ပြောပါတယ်။

” ပြည်သူလူထုရဲ့ သွားလာနေထိုင်၊ လှုပ်ရှားမှု၊ စားဝတ်နေရေးအခက်အခဲတွေဖြေရှင်းမှု၊ စီးပွားရှာမှုအတွက် တကယ့် လက်တွေမြေပြင်အခြေအနေမှာ အကျိုးရှိတဲ့အတွက် ထာဝရအပစ်အခတ်ရပ်စဲနေဖို့၊ တစ်ဦးနဲ့တစ်ဦး သင့်မြတ်၊ ငြိမ်းချမ်းနေမယ်ဆိုရင် ပြည်သူလူထုအတွက် အလွန် ဝမ်းသာစရာဖြစ်မယ်ဆိုပြီး ပြည်သူလူထုကတောင်းဆိုတဲ့အတွက်၊ ဥပဒေပညာရှင်တွေက ထောက်ပြတဲ့အတွက် ဒီအဆိုကိုတင်သွင်းတာ ဖြစ်တယ်။ လက်တလော မြေပြင်အခြေအနေမှာ ငြိမ်းချမ်းမှုရနေတဲ့အတွက် ငြိမ်းချမ်းရေးတည်တံ့ဖို့အတွက် ထပ်ကာထပ်ကာ စားပွဲဝိုင်းမှာထိုင်ပြီး အပြန်အလှန်ဆွေးနွေးနိုင်ဖို့ဆိုရင် ဒီထက် ထိရောက်အကျိုးရှိမယ်လို့ ထင်တယ်။ ပြည်သူအပေါ်မှာ အမှန်တကယ်အကျိုးပြုဖို့ ဖြစ် တဲ့အတွက် အစိုးရအနေနဲ့လည်း ဒီအဆိုအပေါ်မှာ တစ်စုံတစ်ရာအကောင်အထည်ဖော်ပေးဖို့ မျှော်လင့်ပါတယ်။” လို့ ဦးထွန်းသာစိန်က ပြောပါတယ်။

အေအေအဖွဲ့ကို ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် မတ်လ ၂၃ ရက်နေ့က နိုင်ငံတော်အစိုးရက အကြမ်းဖက်အဖွဲ့အစည်အဖြစ်ကြေညာထားပြီး လက်ရှိမှာတော့ ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ပွဲတွေရပ်တန့်နေကာ နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွေလည်း ရှိနေတယ်လို့ သိရပါတယ်။

#voiceofmyanmar #VOM #ရခိုင် #အေအေ #အကြမ်းဖက်ပယ်ဖျက် #အဆိုကိုအတည်ပြု

Related posts

Leave a Comment

VOM News

FREE
VIEW