အမျိုးသားလွှတ်တော်အမတ်ကို တပ်မတော်က တရားစွဲဆိုတဲ့အမှု ဒီကနေ့စတင်စစ်ဆေး

ဇန်နဝါရီ-၁၈-၂၀၂၁
ဇော်မိုးထက် (ဖားကန့် )

ကချင်ပြည်နယ် မဲဆန္ဒနယ်မြေ အမှတ် (၉) ၊ ဖားကန့်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးချို (ခ) ဦးခင်မောင်မြင့်ကို မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်(မပခ)က ဒုတိယဗိုလ်မှူးကြီး သန်းထိုက် က တပ်မတော်အကြီးအကဲတွေကို ဂုဏ်သိက္ခာညိုးနွမ်းစေအောင် ပြုလုပ်တယ်ဆိုပြီး ပုဒ်မ (၅၀၀) နဲ့ စွဲဆိုထားတဲ့အမှု ဒုတိယ ရုံးချိန်းအဖြစ် ဒီကနေ့ စစ်ဆေးခဲ့ပါတယ်။

ပုဒ်မ (၅၀၀) နဲ့ တရားစွဲဆိုခဲ့တာနဲ့ပတ်သက်ပြီး တရားရုံးရဲ့စစ်ဆေးကြားနာမှုကို အမျိုးသားလွှတ်တော်ဘက်က လိုက်ပါဆောင်ရွက်ပေးတဲ့ တရားလွှတ်တော်ရှေ့နေ ဦးသန်းထွန်းပြောပြတာက

“တရားရုံးရဲ့ လုပ်ငန်းစဉ်အရ အမှုတွေကို အမျိုးအစားသတ်မှတ်ရာမှာ ဒီအမှုက ရိုးရှင်းသော အမှုအဖြစ် တရားသူကြီးက သတ်မှတ်တယ် ။ ဒါက CMP လို့ခေါ်တဲ့ Case Management Program အရ သတ်မှတ်တာ ။ ဒီအမှုကို ခြောက်လလောက်နဲ့အပြီး စစ်ဆေးစီရင်မယ် လို့ယူဆရတယ် “လို့ ပြောပါတယ် ။

တပ်မတော်ဘက်က တရားစွဲဆိုခဲ့သူ ဒုဗိုလ်မှူးကြီး သန်းထိုက် ၊ တရားစွဲဆိုခံရသူ ဦးခင်မောင်မြင့်တို့ တရားခွင်မှာ ရောက်ရှိခဲ့ပြီး တတိယရုံးချိန်းကို ဇန်နဝါရီလ ၂၉ရက်နေ့ ကို ချိန်းဆိုခဲ့တယ်လို့ သိရပါတယ် ။

စွပ်စွဲခံရသူ ဦးခင်မောင်မြင့်နဲ့ စွပ်စွဲသူတရားလိုဘက်က မီဒီယာကို မဖြေကြပါဘူး။

ခုလို တရားစွဲဆိုခံရခြင်းဟာ ၂၀၁၉ခုနှစ် ဒီဇင်ဘာ (၂၃) ရက် နေ့ ပါ ရက်စွဲနဲ့ နိုင်ငံတော်သမ္မတရုံး ၊ နိုင်ငံတော်သမ္မတဦးဝင်းမြင့်ထံ ပေးပို့တင်ပြခဲ့တဲ့ ဖားကန့်မြို့နယ်အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့် ရဲ့ တင်ပြစာမှာ တပ်မတော်အကြီးအကဲတွေရဲ့ ဂုဏ်သိက္ခာ ညိုးနွမ်းစေတဲ့ အသုံးအနှုံးဝေါဟာရတွေ ပါရှိနေတာကြောင့်လို့ သိရပါတယ် ။

#voiceofmyanmar #VOM #ဖားကန့် #အမျိုးသားလွှတ်တော်ကိုတပ်မတော်ကတရားစွဲ

 

Related posts

Leave a Comment

VOM News

FREE
VIEW