အဂတိအမှုနဲ့ တရားစွဲခံထားရတဲ့ FDAက ဒေါက်တာသန်းထွဋ်အမှု နောက်ရုံးချိန်းမှာ အပြီးသတ်အမိန့်ချမယ်

မန္တလေး ဇန်နဝါရီ ၂၁ -၂၀၂၁
ဖြူဖြူ (VOM)

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မနဲ့ တရားစွဲဆိုခံထားရတဲ့ နေပြည်တော်က FDA ညွှန်ကြားရေးမှူးချုပ်အမှုကို ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ အပြီးသတ်လျှောက်လဲချက် ကြားနာခဲ့ပါတယ်။

ဒီအမှုဟာ ၂၀၁၈ ခုနှစ် ဧပြီလကတည်းက မန္တလေး တိုင်းဒေသကြီး တရားလွှတ်တော်သို့ စွဲဆိုတင်ပို့ခဲ့ကာ တရားရုံးက လက်ခံစစ်ဆေးခဲ့တာဖြစ်ပြီး တရားရင်ဆိုင်နေခဲ့တာဟာ ၃ နှစ်နီးပါး ကြာမြင့်လာပြီဖြစ်ပါတယ်။

ဒေါက်တာသန်းထွဋ်အပေါ် ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ စွဲချက်တင်ခဲ့ကာ နှစ်ဖက်စစ်ဆေးပြီး အပြီးသတ်လျှောက်လဲချက် ကြားနာဖို့အဆင့်မှာ တရားလိုဘက်က အောက်ရုံးအမိန့်အပေါ် လက်မခံ ထပ်မံပြီး အဆင့်ဆင့်အယူခံတက်ခဲ့ပါတယ်။

ဒေါက်တာသန်းထွဋ်ဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ငွေကျပ်သိန်းပေါင်း ၁၅၀၀ ကျော်တန်ဖိုးရှိဆောက်လုပ်ရေး လုပ်ငန်းသုံးပစ္စည်းနဲ့ နေအိမ်အသုံးအဆောင်ပစ္စည်းတွေကို အဆောက်အဦးဆောက်လုပ်ဖို့တင်ဒါအောင်မြင်ခဲ့တဲ့ ကုမ္ပဏီတခုဆီက လက်ခံရယူခဲ့တာကြောင့်ဆိုပြီး တိုင်တန်းခံခဲ့ရတာပါ။

နောက်ရုံးချိန်းကို ဖေဖော်ဝါရီ ၄ ရက်ကို ချိန်းဆိုထားပြီး အပြီးသတ်အမိန့်ချမှတ်မယ်လို့ မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က သိရပါတယ်။

#voiceofmyanmar #VOM #FDA #ဒေါက်တာသန်းထွဋ် #အဂတိလိုက်စားမှု

Related posts

Leave a Comment

VOM News

FREE
VIEW