ကိုဗစ်ကြောင့် ပိတ်ထားရတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ အစိုးရဆီကနေ ချေးငွေလိုအပ်နေ

ဇန်နဝါရီ ၂၂ -၂၀၂၁
သိင်္ဂီထွန်း(VOM)

ကိုဗစ်ကာလ ဟိုတယ်နဲ့ တည်းခိုရိပ်သာတွေ ပိတ်သိမ်းထားရတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေ အကြပ်အတည်းတွေဖြစ်ပေါ်နေရပြီး ဆက်လက်ရပ်တည်ရဖို့ အခက်အခဲတွေလည်း ရှိလာနိုင်တာကြောင့် အတိုးနူန်းသက်သာစွာနဲ့ ချေးငွေရရှိဖို့ ဆန္ဒရှိနေကြပါတယ်။

“ကိုဗစ်က အခုကူးစက်မှုတွေလျော့ကျနေပြီဆိုတော့ မကြာခင် လမ်းကြောင်းတွေ ပြန်ပွင့်လာမယ်လို့ထင်တယ်။ ဒါပေမယ့် ကျနော်တို့မှာ လုပ်ငန်းပြန်လည်ပတ်ဖို့ အရင်းအနှီးလိုသွားပြီ၊ အဓိက ဝန်ထမ်းလစာ၊ မီတာခ ရှိမယ်၊ တခြားကုန်ကျစရိတ်တွေရှိမယ်။ ဒါတွေအတွက် အစိုးရဘက်က ချေးငွေ ထုတ်ချေးစေချင်တယ်။ သက်တမ်းကိုလည်း ၂ နှစ်လောက်ထားပေးရင် ကျနော်တို့လုပ်ငန်းရှင်တွေ အဆင်ပြေ၊ အသက်ရှုချောင်မှာပါ”လို့ မိုတယ်လုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးဇော်ဝင်းထွန်းကပြောပါတယ်။

ကိုဗစ်ကြာင့် ဖြစ်ပေါ်လာနိုင်တဲ့ စီးပွားရေးသက်ရောက်မှုတွေအပေါ် ကုစားရေးလုပ်ငန်းကော်မတီကတော့ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းအပါအဝင် စီးပွားရေးလုပ်ငန်းပေါင်း ၃၀၀၀ ကျော်ကို ၂၀၂၀ ခုနှစ်ထဲမှာ ချေးငွေတွေထုတ်ချေးထားတယ်လို့လည်း သိရပါတယ်။

ဟိုတယ်လုပ်ငန်းတွေအပေါ် မှီခိုလုပ်ကိုင်နေရတဲ့ ဝန်ထမ်းတွေထဲမှာ အလုပ်လက်မဲ့ဖြစ်တာတွေရှိနေတဲ့အတွက် လက်ရှိမှာ အလုပ်လက်မဲ့ အလုပ်သမား ၃၀၀၀၀ လောက် အလုပ်ကနေ ရပ်နားနေရတယ်လို့လည်း သိရပါတယ်။

မြန်မာနိုင်ငံမှာ ကိုဗစ်စဖြစ်ကတည်းကနေ အခုအချိန်ထိ ပိတ်ထားရတဲ့ ဟိုတယ်နှင့်တည်းခိုရိပ်သာပေါင်း ၁၀၀၀ လောက်ရှိနေတယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနကနေ သိရပါတယ်။

ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုကြောင့် ရန်ကုန်အပါအဝင် အခြားပြည်နယ်နဲ့တိုင်းဒေသကြီးအချို့မှာ Stay Home သတ်မှတ်ထားခြင်း၊ ခရီးသွားမယ်ဆိုရင်လည်း မိမိသွားလာမယ့်ဒေသမှာ ကွာရန်တင်းနေထိုင်ရခြင်း၊ ဆေးစစ်ရခြင်းတွေကြောင့် ပြည်တွင်းခရီးသွားမရှိခြင်း၊ ပြည်ပဧည့်သည် ပိတ်ထားခြင်းတွေကြောင့် ဟိုတယ်၊ တည်းခိုရိပ်သာလုပ်ငန်းတွေ လည်ပတ်နိုင်ခြင်းမရှိတော့ဘဲ ပိတ်ထားနေရတာပဲဖြစ်ပါတယ်။

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်အေးဟန်ကတော့ “လက်ရှိတစ်နိုင်ငံလုံးမှာရှိတဲ့ ဟိုတယ်အလုံးပေါင်း ၂၀၀၀ ကျော်လောက်မှာ ၁၀၀၀ ကျော်လောက်ပဲ ပြန်လုပ်နေတာရှိတယ်။ ကျန်တာကတော့ အခုလုပ်ငန်းတွေပြန်ရပ်နားထားတဲ့အနေအထားရှိပါတယ်၊ ဟိုတယ်တွေ ပိတ်တာ၊ဖွင့်တာကို ပြည်နယ်နဲ့တိုင်းတွေကိုလည်း လုပ်ပိုင်ခွင့်အာဏာခွဲဝေပေးပြီးသားဖြစ်တယ်။ ဟိုတယ်တွေ ပိတ်ခြင်း၊ မပိတ်ခြင်းကို ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနအနေနဲ့ တိုက်ရိုက်ညွှန်ကြားတာမရှိပါဘူး။ တိုင်းဒေသကြီး ပြည်နယ်အစိုးရ စီမံခန့်ခွဲမှုနဲ့လုပ်ကြတယ်”လို့ ပြောပါတယ်။

မြန်မာတစ်နိုင်ငံလုံးမှာ ဟိုတယ် နှင့်တည်းခိုရိပ်သာပေါင်း ၂၀၅၃ လုံးရှိပြီး ကိုဗစ်ပထမလှိုင်းပြီးချိန် ဇူလိုင်လမှာ ဟိုတယ်နဲ့တည်းခိုရိပ်သာ ၁၆၀၀ ကျော်ပြန်လည်ဖွင့်လှစ်မှုရှိခဲ့ပေလည်း သြဂုတ်လမှာ ကိုဗစ် ဒုတိယလိူင်း ပြန်လည်ဖြစ်ပွားလာတာကြောင့် ဟိုတယ်နဲ့တည်းခိုရိပ်သာတချို့ ပြန်ပိတ်ခဲ့ရတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံဟိုတယ်လုပ်ငန်းရှင်များအသင်း ဒုဥက္ကဌ ဦးကျော်ခိုင်က” ဟိုတယ်တွေက ဖွင့်ထားလည်း ခရီးသွားမရှိတော့ ဘာမှမထူးဘူး။ လုပ်ငန်းရှင်တွေလည်း ဝင်ငွေမရှိဘူး။ ဖွင့်ထားတာပဲရှိတယ်။ အခုထိ ညမထွက်ရအမိန့်တွေက ရှိနေသေးတယ်။ ကွာရန်တင်းဝင်ရတဲ့ကိစ္စတွကလည်း မပြီးသေးဘူးဆိုတော့ ပြည်တွင်း ခရီးသွားမရှိဘူး။ မရှိဘဲဖွင့်နေရတာ ဘာမှမထူးဘူး”လို့ ပြောပါတယ်။

လက်ရှိမှာ ဖွင့်လှစ်ပြီး လည်ပတ်နေတဲ့ ဟိုတယ်တွေဟာ ကွာရန်တင်းနေရာအဖြစ်ဖွင့်လှစ်ထားခြင်း၊ နှစ်ရှည်ငှါးရမ်းနေထိုင်သူတွေရှိနေတာကြောင့် ဖွင့်ထားတာတွေဖြစ်နေပြီး တချို့ဟိုတယ်တွေကတော့ ဖွင့်လှစ်မှုသာရှိပြီး ဧည့်အဝင်မရှိဘူးလို့ သိရပါတယ်။

Photo – ရွှေအင်းသားခင်မောင်ဝင်း
#voiceofmyanmar #VOM #ဟိုတယ် #ကိုဗစ် #လုပ်ငန်းရှင် #အစိုးရချေးငွေ

Related posts

Leave a Comment

VOM News

FREE
VIEW