ပုဏ္ဏားကျွန်းက စစ်ဘေးရှောင်စခန်းမှာ ဆန်ရိက္ခာအခက်အခဲဖြစ်ပေါ်နေ

ဇန်နဝါရီ ၂၃ -၂၀၂၁
ထက်အောင်စိုင်း (VOM)

စစ်တွေခရိုင်၊ ပုဏ္ဏားကျွန်းမြို့နယ်၊ စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းမှာ အစိုးရကထောက်ပံ့ပေးတဲ့ ရိက္ခာဆန် မရောက်ရှိတာဟာ တစ်လလောက်ကြာနေပြီဖြစ်တာကြောင့် ဆန်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတယ်လို့ စခန်းတာဝန်ရှိသူတွေနဲ့ စစ်ဘေးရှောင်တွေပြောပြချက်အရ သိရပါတယ်။

လက်ရှိမှာ စစ်ဘေးရှောင်တွေအနေနဲ့ အဓိကဆန်ရိက္ခာအခက်အခဲနဲ့ ရင်ဆိုင်နေရတဲ့အပြင် ဆီ၊ ဆား၊ ငရုတ်၊ ကြွက်သွန် တွေလည်း မရှိတော့ဘူးလို့ ပြောပါတယ်။

စက်မှုဇုန်ကွင်း စစ်ဘေးရှောင်စခန်းက ဒေါ်စန်းဝင်းရွှေကတော့” စားရသောက်ရတာတွေကလည်း အခက်အခဲ အကျပ်အတည်းခံပြီး စားနေရတယ်။ ဆန်ကလည်း အရင်ကဆိုရင် အစိုးရဆီကရတယ်၊ အခု မရောက်တော့ဘူး။ ဒီလအတွက် လုံးဝမရောက်သေးဘူး။ ရိက္ခာတွေမရောက်တော့ အပြင်မှာ အငှားလိုက်လို့ကျရင်ရတယ်။ မကျတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက်မျှဝေစားသောက်ကြရတယ်”လို့ ပြောပါတယ်။

ပုဏ္ဏားကျွန်းမြို့နဲ့ အနီးအနားမှာတည်ရှိတဲ့ အဲဒီ စစ်ဘေးရှောင်စခန်းဟာ ပြည်နယ်အစိုးရအစီအစဉ်နဲ့ ဆောက်လုပ်ထားတာဖြစ်ပြီး လက်ရှိမှာ စစ်ဘေးရှောင်တွေရဲ့စားဝတ်နေရေးအခက်အခဲတွေကို အစိုးရက ဖြေရှင်းမပေးနိုင်သေးတာ ဖြစ်ပါတယ်။

စစ်ဘေးရှောင် ဦးမောင်မောင်သန်းကလည်း” ကျနော်တို့ကတော့ ရွာကိုသွားချင်နေပြီ။ ဒါပေမယ့် ရွာကိုရောက်သွားလို့ လုပ်စားစရာမရှိရင်ဘယ်လိုလုပ်မလဲ။ ကျနော်တို့ကတော့ အစစအရာရာ ဒေသအခြေအနေတွေ ကြည့်နေကြတယ်။ ဒီမှာက စားဝတ်နေရေး လုံးဝအဆင်မပြေဘူး။ ဟင်းသွားဝယ်ဖို့၊ အလုပ်သွားလုပ်ဖို့ ပုဏ္ဏားကျွန်းမြို့ကိုသွားရင်လည်း ငွေ(၁၀၀၀)ကုန်မယ်။ ဒါကြောင့် ဟင်းတွေဘာတွေဆိုရင်လည်း ဒီစစ်ရှောင်စခန်းမှာပဲ အကြွေးဝယ်ယူစားသောက်နေရတယ်”လို့ ပြောပါတယ်။

ဒီကိစ္စနဲ့ဆက်စပ်ပြီး ရခိုင်ပြည်နယ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီး ဦးဝင်းမြင်နဲ့ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းဇော်ဌေးတို့ကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားမှုမရှိတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အဲဒီ စစ်ဘေးရှောင်စခန်းမှာ ပုဏ္ဏားကျွန်းမြို့နယ်က ကျောက်ဆိပ်ရွာ၊ သာစည်ကျေးရွာ၊ ပိန္နဲတောရွာနဲ့ ချင်းပြည်နယ် ပလက်ဝမြို့နယ် မီးလက်ဝရွာက နေရပ်စွန့်ခွာသူတွေ လာရောက်ခိုလုံနေကြတာ ၉လ လောက်ကြာမြင့်နေပြီဖြစ်တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင်ခန်းမှာ အိမ်ထောင်စု ၂၂၁ စုနဲ့ စစ်ဘေးရှောင်ဦးရေ (၈၉၁) ဦးရှိပြီး အမျိုးသား (၄၁၈) ဦး၊ အမျိုးသမီး(၄၇၃)ဦးရှိနေတာကြောင့် အမျိုးသမီးတွေအတွက် လစဉ်သုံးပစ္စည်းတွေလည်း လိုအပ်နေတယ်လို့ စခန်းတာဝန်ခံပြောပြချက်အရ သိရပါတယ်။

#voiceofmyanmar #VOM #ပုဏ္ဏားကျွန်း #စစ်ရှောင် #ဆန်ရိက္ခာပြတ်

Related posts

Leave a Comment

VOM News

FREE
VIEW