မန္တလေးခရိုင်မှာ ကိုဗစ်ကူးစက်မှုကျဆင်လို့ ကုသရေးစင်တာ ၅ခုကို ပြန်ပိတ်မယ်

ဇန်နဝါရီ ၂၃ -၂၀၂၁
ဖြူဖြူ(VOM)

မန္တလေးခရိုင်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်ဖြစ်ပေါ်မှု တဖြည်းဖြည်းကျဆင်းလာတဲ့အတွက် ကုသရေးစင်တာ ၅ ခုကို ပြန်ပိတ်တော့မယ်လို့
မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာနကနေ သိရပါတယ်။

“ ၇ မြို့နယ်လုံးဟာ လုံးဝကိုကျဆင်းလာပါပြီ။ အဲ့ဒီလို ကျဆင်းလာတာကြောင့် ပြည်သူလူထုကို အခြေပြုပြီးဖွင့်ထားတဲ့ (အသွားအလာကန့်သတ်ထားရှိတဲ့စင်တာ ၁၄ နေရာမှာလည်း ၅ ခုလောက်လည်း ပိတ်ထားပြီးဖြစ်ပါတယ်”လို့ မန္တလေးတိုင်း ပြည်သူ့ကျန်းမာရေးနဲ့ ကုသရေးဦးစီးဌာန ဦးစီးမှူးဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

မန္တလေးတိုင်းအတွင်း ကိုဗစ်အတည်ပြုလူနာတွေကို လက်ခံကုသပေးနေတဲ့ဆေးရုံနဲ့ စင်တာ ၄၇ နေရာရှိတဲ့အထဲက ကုတင်-၁၀၀ဆံံ့ တိုင်းရင်းဆေးရုံ၊ ပုသိမ်ကြီးဆေးရုံထဲက ကိုဗစ်ကုသရေးစင်တာ၊ MSG ကုသရေးစင်တာ၊ သူနာပြုတက္ကသိုလ်မှာဖွင့်ထားတဲ့ အနံ့ပျောက်လူနာကုသရေးဌာနနဲ့ ကုတင်-၅၀ဆံံ့ ဇီးပင်ကြီးဆေးရုံတို့ကို ပြန်ပိတ်သိမ်းဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို တင်ပြထားတာဖြစ်တယ်လို့ ဒေါက်တာသန်းသန်းမြင့်က ပြောပါတယ်။

ရောဂါဖြစ်ပွားမှုကျဆင်းလာပေမယ့် ပေါ့ပေါ့ဆဆမနေကြဖို့၊ ကျန်းမာရေးလမ်းညွှန်ချက်နဲ့အညီ နေထိုင်ကြဖို့လိုတယ်လို့ ဒေါက်တာသန်းသန်းမြင့်က တိုက်တွန်းထားပါတယ်။။

ရွေးကောက်ပွဲပြီးတဲ့ ကာလကနေ ဒီဇင်ဘာလနောက်ဆုံးပတ်အထိ မန္တလေးခရိုင်အတွင်း ကိုဗစ်အတည်ပြုလူနာတွေ့ရှိမှုက နေ့စဉ် ၁၀၀ နဲ့ ၂၇၀ ကြားရှိခဲ့ရာကနေ လက်ရှိမှာတော့ တဖြည်းဖြည်း ပြန်လည်ကျဆင်းလာခဲ့တာ ဖြစ်ပါတယ်။

ဇန်နဝါရီ ၂၂ ရက်မှာတော့ မန္တလေးတိုင်းအနေနဲ့ ကိုဗစ်-၁၉ ရောဂါဓါတ်ခွဲစစ်ဆေးမှု (၃၃၈၆)ခုရှိခဲ့ရာ အတည်ပြုလူနာ (၁၄၉) ဦးသာထွက်ရှိပြီး မန္တလေးခရိုင်က (၇၉) ဦးသာ ပါဝင်တော့တာဖြစ်တယ်လို့ သိရပါတယ်။

“ကျွန်မတို့စိုးရိမ်ရမှာက ဆေးရုံတွေကို အနံ့ပျောက်လူနာတွေ အများကြီးလာနေပြီ၊ ရောဂါလက္ခဏာ ခံစားနေရတဲ့သူတွေ လာနေပြီဆိုရင် ကြောက်ရပြီ။ ဒါဆို ပြည်သူထဲမှာ ပြန့်နေတာ။ အခုထွက်နေတဲ့ လူအားလုံးက အသွားအလာကန့်သတ်ထားတဲ့နေရာတွေက ထွက်နေတာ”လို့ ဒေါက်တာသန်းသန်းမြင့်ကပြောပါတယ်။

ဒီကနေ့ ဇန်နဝါရီ ၂၃ ရက်အထိ မန္တလေးခရိုင်အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာ (၁၂၈၆၉) ဦးရှိပြီး သေဆုံးသူ (၃၅၉) ဦးနဲ့ ဆေးရုံဆင်းခွင့်ရသူ (၁၁၆၅၃) ဦးရှိပြီဖြစ်တယ်လို့ မန္တလေးတိုင်းအစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

မန္တလေးတစ်တိုင်းလုံးအနေနဲ့ အတည်ပြုလူနာစုစုပေါင်း (၁၆၂၃၁) ယောက်ရှိခဲ့ပြီး သေဆုံးသူ (၄၁၈) ဦးရှိပြီဖြစ်ပါတယ်။

အတည်ပြုလူနာအများစုဟာ အမျိုးသမီးတွေဖြစ်တဲ့အတွက် ဈေးရောင်းဈေးဝယ်တွေမှာ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးလမ်းညွှန်ချက်တွေနဲ့အညီ လုပ်ဆောင်ကြဖို့ ဒေါက်တာသန်းသန်းမြင့်ကတိုက်တွန်းပြောဆိုထားတာလည်း ဖြစ်ပါတယ်။

#voiceofmyanmar #VOM #မန္တလေး #ကိုဗစ်ကုသရေးစင်တာငါးခု #ပြန်ပိတ်မယ်

Related posts

Leave a Comment

VOM News

FREE
VIEW