အထည်ချုပ်စက်ရုံ အလုပ်သမားခေါင်းဆောင်တစ်ဦး သံတုတ်နဲ့အရိုက်ခံရ

ဇန်နဝါရီ ၂၃ -၂၀၂၁
သိင်္ဂီထွန်း(VOM)

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ရွှေလင်ဗန်းစက်မှုဇုန် ကော်မတီဥက္ကဋ္ဌပိုင်တဲ့ Unique HTT အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင်တစ်ဦး အလုပ်ကနေအပြန် စက်ရုံလမ်းထောင့်မှာ သံတုတ်နဲ့အရိုက်ခံခဲ့ရတာကြောင့် ဦးခေါင်းပိုင်းထိခိုက်မှုရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့ ဇန်နဝါရီ ၂၂ ရက် ညနေ ၄ နာရီ ၄၀ မိနစ်လောက်မှာ အလုပ်သမားခေါင်းဆောင်တွေ စက်ရုံကနေ အလုပ်ပြန်ချိန် စက်ရုံလမ်းထောင့်မှာ တစ်ကိုယ်လုံးအကာအကွယ်ယူထားတဲ့ လူနှစ်ယောက်ဟာ သံတုတ်ကိုင်ဆောင်ပြီး ရိုက်နှက်ကာ ထွက်ပြေးသွားတဲ့ဖြစ်စဉ်ဖြစ်ပွားခဲ့ပါတယ်။

“မနေ့က ညနေမှာ အရိုက်ခံရတာပါ။ အရင်က ၇နှစ် ၈ နှစ်လောက်မှာတောင် ဒါမျိုးမကြုံခဲ့ရဘူး။ အခု အလုပ်ရှင်အလုပ်သမားအငြင်းပွားမှုဖြစ်ပွားပြီးတဲ့အခါကျမှ ဒါမျိုးဖြစ်တယ်။ မနေ့က စက်ရုံမှူးက အလုပ်သမားအနည်းငယ်ခေါ်ပြီးအစည်းအဝေးကို အလှည့်ကြပြုလုပ်တယ်။အဲ့ဒီမှာ သူက သူတို့တရုတ်ပြည်မှာဆိုရင် အလုပ်သမားခေါင်းဆောင်တွေကို လူမိုက်ငှါးပြီး သတ်ခိုင်းလို့တောင်ရတယ်လို့ ခြိမ်းခြောက်စကားမျိုးသွယ်ဝိုက်သောနည်းနဲ့ပြောတယ်လို့ အလုပ်သမားတွေကပြန်ပြောပြတယ်။ ဒီတော့ အလုပ်သမားတွေက အခုလို အလုပ်သမားခေါင်းဆောင် အရိုက်ခံရတဲ့အပေါ် စက်ရုံနဲ့ဆက်စပ်မှုရှိတယ်လို့ ထင်နေကြတယ်”လို့ အဲ့ဒီကိစ္စကို လိုက်ပါကူညီပေးနေတဲ့ မြန်မာနိုင်ငံအထည်ချုပ်အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် ယာယီတာဝန်ခံ မမိုးစန္ဒာမြင့်ကပြောပါတယ်။

လက်ရှိ ဦးခေါင်းအရိုက်ခံခဲ့ရတဲ့အလုပ်သမားဟာ ဒဏ်ရာသက်သာဖို့အတွက် ဂရုစိုက်လုပ်ဆောင်နေရပြီး သက်သာလာတာနဲ့ တရားခံဖမ်းဆီးရမိဖို့နဲ့ အမှုမှန်ပေါ်ပေါက်ဖို့အတွက် လုပ်ဆောင်သွားမှာဖြစ်တယ်လို့လည်း သိရပါတယ်။

Unique HTT စက်ရုံရဲ့ အလုပ်သမားတစ်ဦးဖြစ်သူက ” ပြီးခဲ့တဲ့ ရက်တုန်းက ကျမတို့ ဆန္ဒပြပြီး တောင်းဆိုတာရှိတယ်။ တောင်းဆိုတာကလည်း ရက်မှန်ကြေး၊ ကျွမ်းကျင်ကြေးကို သူများတွေလိုရဖို့ပေါ့။ အဲ့ဒီနေ့က ညှိနိူင်းမှုအရ အဆင်ပြေတယ်။ပြီးတော့မှ အခုခေါင်းဆောင်အရိုက်ခံရတယ်။ နောက်ခေါင်းဆောင်တချို့လည်း တရားစွဲခံရတာရှိတယ်။ တခုခုဆို အလုပ်သမားတွေ ခံရတာချည်းပဲ”လို့ ပြောပါတယ်။

ဇန်နဝါရီလ ၁၉ ရက်နေ့က အလုပ်သမား ၅၀၀ကျော်ဟာ ရက်မှန်ကြေးနဲ့ ကျွမ်းကျင်ကြေးရရှိဖို့ Unique HTT စက်ရုံကို ဆန္ဒပြခဲ့ရာ အဲ့ဒီနေ့မှာပဲ အလုပ်ရှင်၊အလုပ်သမားပြေလည်မှုရရှိခဲ့ပါတယ်။

အဲ့ဒီနောက်ပိုင်းမှာတော့ အလုပ်သမားခေါင်းဆောင် ၇ ဦးကို အလုပ်ရှင်ဘက်က အလုပ်သမားရေးရာအငြင်းပွားမှုဖြေရှင်းရေးပုဒ်မ-၄၇ နဲ့ တရားစွဲထားတယ်လို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ရွှေလင်းဗန်း စက်မှုဇုန် ကော်မတီဥက္ကဋ္ဌ ဦးအေးသောင်းဆီကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခဲ့ခြင်းမရှိပါဘူး။

Photo – FGWM
#voiceofmyanmar #VOM #ရန်ကုန် #အလုပ်သမားခေါင်းဆောင် #ချောင်းရိုက်ခံရ

Related posts

Leave a Comment

VOM News

FREE
VIEW