မဲရုံစောင့်ဆရာ၊ဆရာမတွေ တရားစွဲခံရတဲ့ကိစ္စ အခြေခံပညာဦးစီးဌာနက ကူညီပေးမယ်ဆိုပေမယ့် ထိရောက်တဲ့ကူညီမှု ခုချိန်ထိမရသေး

ဇန်နဝါရီ ၂၄-၂၀၂၁
သိင်္ဂီထွန်း(VOM)

ရွေးကောက်ပွဲမှာ တာဝန်ထမ်းဆောင်ရင်း တရားစွဲဆိုခံထားရတဲ့ ဆရာ ဆရာမတွေကို အခြေခံပညာဦးစီးဌာနက ဥပဒေကြောင်းအရ ကူညီပေးမယ်လို့ အမိန့်ထုတ်ထားပေမယ့် ထိရောက်တဲ့ကူညီမှုတော့ ခုချိန်ထိမရရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ရဲ့ တာဝန်ရှိသူကပြောဆိုလိုက်ပါတယ်။

ဒါ့ကြောင့် တရားရင်ဆိုင် နေရတဲ့ ဆရာ ဆရာမတွေကို မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်နဲ့ ရှေ့နေများကွန်ယက်ကနေ ဥပဒေ ကြောင်းဆိုင်ရာတွေ၊ တရားရင်ဆိုင်မှုအတွက် သွားလာရေးစရိတ်ကုန်ကျမှုကို အကူအညီ ပေးနေရတယ်လို့ သိရပါတယ်။

“ကာယကံရှင်ဆီကို ထိရောက်တဲ့အကူအညီရောက်မလာဘူး။ စာရွက်ပေါ်ကနေ ကျနော်တို့က ကူညီပေးဖို့စီစဉ်ထားပါတယ်ဆိုတဲ့ အပေါ်စီးဆန်ဆန် အမိန့်စာပဲရှိတယ်။ ဘယ်နေရာဘယ်ဒေသမှာဖြစ်နေတယ်ဆိုတာသက်ဆိုင်ရာ မြို့နယ်ပညာရေးမှူးတွေကောင်းကောင်းသိတယ်။ပျော်ဘွယ်ဆိုရုံးချိန်း ၅ ချိန်း ရှိပြီ၊ဆရာ ဆရာမတွေဆီလာမတွေ့ဘူးဗျ၊ပြောတာပဲ ရှိတယ်။အဲ့တော့တရားစွဲခွင့်ပြုလိုက်တာက သူတို့ကပြုလိုက်တာပဲ ပြီးတော့ကျမှ သူတို့ကဘာမှထိရောက်တဲ့အကူအညီမရောက်သေးတာပဲ”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်ရဲ့ အတွင်းရေးမှူးဖြစ်သူ ဦးဇော်မျိုးလိူင်က ပြောပါတယ်။

လက်ရှိမှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်အနေနဲ့ ချောင်းသာနဲ့ ပျော်ဘွယ်တို့က တရားရင်ဆိုင်နေရတဲ့ ကိစ္စတွေကို ကူညီဆောင်ရွက်ပေးနေရပြီး မြို့နယ်ပညာရေးမှူး၊ တိုင်းအဆင့် စတဲ့တာဝန်ရှိသူတွေတစ်ဦးတစ်ယောက်မှ လာရောက်ကူညီဆောင်ရွက်ပေးတာမျိုးမရှိဘူးလို့ သိရပါတယ်။

အခြေခံ ပညာဦးစီးဌာနကတော့ ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ တာဝန်ပေးအပ်ခံရတာဝန်ပေးအပ်ခြင်းခံရပြီး သက်ဆိုင်ရာတရားရုံးတွေမှာ တရားစွဲဆိုခံရကာ အမှုရင်ဆိုင်နေရတဲ့ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက ဆရာ ဆရာမတွေကို တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးတွေ၊ ခရိုင်ပညာရေးမှူးတွေနဲ့ မြို့နယ်ပညာရေးမှူးတွေကနေ ဥပဒေကြောင်းအရ ကူညီဆောင်ရွက်ပေးဖို့ အကြောင်းကြားထားပြီးဖြစ်တယ်လို့ သိရပါတယ်။

“မြို့နယ်ရုံးတွေအနေနဲ့ လတ်တလောကော်မရှင်နဲ့ ဘယ်လိုဖြစ်လဲဆိုတာကို အတိမ်အနက်ကိုကြည့်ပြီးတော့ သက်ဆိုင်ရာမြို့နယ်တို့၊ တိုင်းတို့၊ ခရိုင်တို့ကနေ ကူညီဆောင်ရွက်ပေးဖို့ညွှန်ကြားထားတာဖြစ်ပါတယ်”လို့ အခြေခံပညာရေးဦးစီးဌာနရုံးချုပ် နေပြည်တော် ညွှန်ကြားရေးမှူး (စီမံ)ဒေါက်တာကျော်ဝင်းစိုးက ပြောပါတယ်။

တရားစွဲဆိုခံထားရပြီး တရားရင်ဆိုင်နေရတဲ့ ဆရာ ၊ဆရာမတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီး၊ ပြည်နယ်ပညာရေးမှူးရုံးတွေ၊ ခရိုင်ပညာရေးမှူးရုံးတွေ၊ မြို့နယ်ပညာရေးမှူးရုံးတွေကို အသိပေးအကူအညီတောင်းခံနိုင်တယ်လို့ အခြေခံပညာဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။

ဒါပေမယ့် ခုချိန်ထိတော့ အခြေခံပညာဦးစီးဌာနဘက်ကနေ တရားစွဲခံရတဲ့ ဆရာ ဆရာမတွေအပေါ် ထိရောက်တဲ့ကူညီမှုတွေတော့မရှိသေးဘူးလို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ဆရာများအဖွဲ့ချုပ်က ပြောဆိုထားပါတယ်။

ညောင်ဦးမြို့မှာလည်း ရွေးကောက်ပွဲမှာတာဝန်ထမ်းဆောင်ခဲ့တဲ့ ဆရာမကို ရွေးကောက်ပွဲဥပဒေပုဒ်မနဲ့ အမှုဖွင့်ခံရတဲ့ကိစ္စ ဖြစ်ခဲ့သေးတယ်လို့ သိရပါတယ်။

#VoiceofMyanmar #VOM #ရွေးကောက်ပွဲဝန်ထမ်းဆရာမတွေကိုတရားစွဲ #ထိရောက်တဲ့အကူအညီမရ #မြန်မာနိုင်ငံလုံးဆိုင်ရာဆရာဆရာမများအဖွဲ့ချုပ်

 

Related posts

Leave a Comment

VOM News

FREE
VIEW