ရုရှားအတိုက်အခံခေါင်းဆောင် ပြန်လွှတ်ပေးရေးတောင်းဆိုသူ သုံးထောင်ကျော် အဖမ်းခံရ

မော်စကို၊ ဇန်နဝါရီ-၂၄-၂၀၂၁
မျိုးဆက် (VOM)

ရုရှားအတိုက်အခံခေါင်းဆောင် နာဗာနီကိုပြန်လွှတ်ပေးဖို့ တောင်းဆိုဆန္ဒပြပွဲပြီးနောက် ဆန္ဒပြသူ ၃၀၀၀ ကျော်ကို ရုရှားအာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။

အတိုက်အခံခေါင်းဆောင် နာဗာနီဟာ ဇန်နဝါရီ ၁၇ ရက်မှာ ဂျာမနီနိုင်ငံကနေ မိခင်နိုင်ငံရုရှားသို့ ပြန်လာပြီးနောက် လေဆိပ်အရောက်မှာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပါတယ်။

ရုရှားအစိုးရကို ဝေဖန်လေ့ရှိသူနာဗာနီဟာ အာရုံကြောဆိုင်ရာထိခိုက်စေတဲ့ ဓါတုလက်နက်အသုံးပြုပြီး လွန်ခဲ့တဲ့သြဂုတ်လက အဆိပ်ခတ်ခံခဲ့ရပြီးနောက် ဂျာမနီမှာဆေးကုသမှုခံယူခဲ့ရပါတယ်။

သူ့ကို ပြန်လွှတ်ပေးရေးနဲ့ပတ်သက်ပြီး မော်စကိုမြို့လယ်မှာ လူလေးသောင်းဝန်းကျင်က ဇန်နဝါရီ ၂၃ ရက်မှာ စုဝေးခဲ့ကြပါတယ်။ ခွင့်ပြုချက်မရှိပဲ ဆန္ဒပြတယ်ဆိုပြီး လူစုခွဲကြဖို့ အာဏာပိုင်များက အမိန့်ထုတ်ခဲ့ကာ မလိုက်နာသူတွေကို ဖမ်းဆီးထိန်းသိမ်းခဲ့ပါတယ်။

နာဗာနီရဲ့ဇနီးဖြစ်သူ ယူလီယာကိုလည်း အာဏာပိုင်တွေက ခေတ္တထိန်းသိမ်းခဲ့ပါတယ်။ မြို့ကြီးနဲ့မြို့ငယ် ၁၁၀ ကျော်မှာ လူပေါင်းသုံးထောင်ထက်မနည်းကို အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ လွတ်လပ်တဲ့ လူ့အခွင့်အရေးအဖွဲ့တစ်ဖွဲ့က ပြောပါတယ်။

Ref : NHK
Photo: TASS
#voiceofmyanmar #VOM #ရုရှားအတိုက်ခံတွေအဖမ်းခံရ

Related posts

Leave a Comment

VOM News

FREE
VIEW