ရခိုင်အခြေစိုက် DMGသတင်းဌာနက သတင်းသမား ၂ ဦးကို တပ်မတော်က ထပ်မံအမှုဖွင့်

ဇန်နဝါရီ ၂၅ -၂၀၂၁
ထက်အောင်စိုင်း(VOM)

ရခိုင်ပြည်နယ်အခြေစိုက် သတင်ဌာနတစ်ခုဖြစ်တဲ့ Development Media Group(DMG) သတင်းဌာနက သတင်းသမားနှစ်ဦးကို တပ်မတော်က တရားလိုလုပ်ပြီး စစ်တွေမြို့၊ အမှတ် (၂) မြို့မရဲစခန်းမှာ ဆက်သွယ်ရေးဥပဒေပုဒ်မ-၆၆(ဃ) နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ထပ်မံအမှုဖွင့်ခဲ့တယ်လို့ သိရပါတယ်။

အမှုဖွင့်ခံရတဲ့ သတင်းသမားတွေကတော့ DMG သတင်းဌာနက ဒုတာဝန်ခံအယ်ဒီတာ ဦးနေဝင်းစံနဲ့ သတင်းထောက် မနှင်းနွယ်တို့ဖြစ်တယ်လို့ သိရပါတယ်။

အမှုဖွင့်ခံရတဲ့ DMG သတင်းဌာန ဒုတိယတာဝန်ခံအယ်ဒီတာ ကိုနေဝင်းစံက” အမှုဖွင့်ခံရတာတော့ဟုတ်တယ်။ လောလောဆယ်မှာတော့ ဘာမှမထူးသေးဘူး။ ရဲစခန်းကလည်း ဘာမှအကြောင်းမကြားသေးဘူး၊ တပ်မတော်အနေနဲ့ ဘာကြောင့် အခုလိုအမှုဖွင့်တယ်ဆိုတာ လက်ရှိအချိန်ထိ အတိအကျမသိရသေးပေမယ့် ကျောက်တော်မြို့နယ်၊ မာလာကျေးရွာကသတင်းကို ဖော်ပြမှုနဲ့ အမှုဖွင့်တယ်လို့ သိရတယ်”လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၀ ရက်နေ့ ရက်စွဲနဲ့ ကျောက်တော်မြို့နယ်၊ မာလာကျေးရွာက စပါးတွေ တပ်မတော်က ယူဆောင်သွားတယ်လို့ ကျေးရွာသားတွေက ပြောကြောင်း DMG သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

အဲ့ဒီသတင်းမှာ ကျေးရွာသားတွေပြောတာနဲ့ပတ်သက်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီး ဗိုလ်မှူးကြီးမင်းသန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားတာမရှိခဲ့တာကိုလည်း ဖော်ပြခဲ့တာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး စစ်တွေမြို့၊ အမှတ်(၂)မြို့မရဲစခန်းမှူး ရဲအုပ် သိန်းထိုက်ကို ဒီကနေ့ ဇန်နဝါရီလ ၂၅ ရက်နေ့ မနက်ပိုင်းက ဆက်သွယ်ခဲ့ပေမယ့် ဖုန်းစက်ပိတ်ထားတာကြောင့် ဆက်သွယ်လို့မရခဲ့ပါဘူး။

အခုလိုမျိုး သတင်းသမားတွေနဲ့ ပတ်သက်တဲ့အမှုတွေကို မီဒီယာကောင်စီကို တိုင်ကြားမှုမရှိဘဲ တိုက်ရိုက်အမှုဖွင့်တာဟာ သတင်းမီဒီယာ ဥပဒေမှာ ပြဌာန်းထားတဲ့အတိုင်းမဟုတ်ဘဲ ဘောင်ကျော်လုပ်ဆောင်တယ်လို့ မြင်ကြောင်း ကိုနေဝင်းစံက ဝေဖန်ပြောဆိုပါတယ်။

” ဒီလိုအမှုဖွင့်ခံနေရတာတွေက ကျနော်တို့ မီဒီယာတွေအနေနဲ့ ပစ်မှတ်ထားခံနေရတယ်။ ကျနော်တို့မီဒီယာသမားတွေ ရည်ရှည်ရပ်တည်ဖို့တောင် အခက်အခဲတွေ၊ စိုးရိမ်မှုတွေ အများကြီးရှိလာတာ တွေ့ရတယ်”လို့ ကိုနေဝင်းစံက ပြောပါတယ်။

DMG သတင်းဌာန အခုလိုမျိုး အမှုဖွင့်ခံရတာဟာ ပထမဆုံးအကြိမ်မဟုတ်ဘဲ ပြီးခဲ့တဲ့ ၂၀၂၀ခုနှစ်ကလည်း မောင်တောအခြေစိုက် DMG သတင်းထောက် ဦးအောင်ကျော်မင်းကို ဆက်သွယ်ရေးဥပဒေနဲ့ အမှုဖွင့်ခံခဲ့ရပြီး ၂၀၁၉ ခုနှစ်ကလည်း အယ်ဒီတာချုပ် ဦးအောင်မင်းဦးကို လည်း မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၂) နဲ့ သတင်းရဲတပ်ဖွဲ့ (SB)က စစ်တွေမြို့မရဲစခန်းမှာ အမှုဖွင့်ခံထားရတွေလည်း ရှိပါတယ်။

#voiceofmyanmar #VOM #စစ်တွေ #DMGသတင်းထောက်နှစ်ဦး #ထပ်မံတရားစွဲခံရ

Related posts

Leave a Comment

VOM News

FREE
VIEW