ရှမ်းပြည်နယ်၀န်ကြီးချုပ်ကို နိုင်လွတ်လုံနဲ့ တိုင်ကြား

ဇန်နဝါရီ ၂၈-၂၀၂၁
နေနန်းနွယ်(VOM)
ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ဒီကနေ့ တောင်ကြီးမြို့မရဲစခန်းမှာ လာရောက်တိုင်ကြားထားတယ်လို့ သိရပါတယ်။
“၀န်ကြီးချုပ်ကို နိုင်လွှတ်လုံနဲ့အမှုဖွင့်တာပါ၊ တာချီလိတ်က ဒေါ်နန်းခမ်းတစ်ပိုင်တဲ့မြေပေါ်မှာ မြေယာကျူးကျော်တယ်၊ ဒါကို ကျွန်တော်တို့က ၂၀၁၀ မှာ နိုင်ငံတော်သမ္မတအထိ တိုင်ကြားပါတယ်။ နိုင်ငံတော်သမ္မတကနေမှ ပြည်ထဲရေး၊ ပြည်ထဲရေးကနေ စ သုံးလုံး၊ စ သုံးလုံးက စစ်ဆေးပြီးမှ အထောက်အထားတွေ မှန်ကန်တယ်ဆိုတဲ့ကြောင်းကို သမ္မတကို ပြန်တင်ပြတယ်၊ တင်ပြတဲ့အခါမှာ ဒီမြေဟာ ကျူးကျော်ခံရတာမှန်ကန်တယ်၊ အောက်ခြေ၀န်ထမ်းတွေက ဒီဥပဒေနဲ့မညီတာကို ပေါင်းပြီးမှ လုပ်ထားတယ်ဆိုတဲ့ အကြောင်းပေါ့”လို့ အဲ့ဒီမြေပေါ်မှာ ၂၅ နှစ်ကြာနေထိုင်လာတဲ့ တိုင်ကြားသူ ခြံမန်နေဂျာ ဦးယောစုက ပြောပါတယ်။
သမ္မတနဲ့ ဌာနဆိုင်ရာအဆင့်ဆင့်က ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်နဲ့ ပတ်သက်ပြီး မူလမြေပိုင်ရှင်နစ်နာဆုံးရှုံးမှုကို ဖြေရှင်းဆောင်ရွက်ပေးရန် ညွှန်ကြားခဲ့တယ်လို့ ဦးယောစုကပြောပါတယ်။
” ၂၀၁၆ မှာ ညွှန်ကြားထားတယ်၊ ညွှန်ကြားပြီးသားကို ရှမ်းပြည်နယ်၀န်ကြီးချုပ်က အဲ့ဒီမြေကို မဖြေရှင်း မဆောင်ရွက်ပေးတဲ့အပြင် ဒေါ်နန်းခမ်းတစ်ပိုင်တဲ့မြေတွေကို ရှမ်းပြည်နယ်စီမံခန့်ခွဲမှုမြေအဖြစ် သူကပြန်ပြီးတော့ရုတ်သိမ်းပြီးမှ ကျူးကျော်ပြီး အရောင်းအ၀ယ်လုပ်ထားတဲ့လူတွေကို ပြန်ချပေးလိုက်တာပေါ့၊ ဒါ နိုင်ငံတော်သမ္မတကနေပြီး ဖြေရှင်းဆောင်ရွက်ပေးဖို့ ညွှန်ကြားထားတာတောင်မှ နိုင်ငံတော်သမ္မတရဲ့အမိန့်ကို မနာခံဘူးဆိုတော့ ကျွန်တော်တို့ပြည်သူတွေက ဘယ်သူ့အမိန့်ကို နာခံရမလဲ၊ ၂၀၁၆ ထဲက ညွှန်ကြားထားတာ ခု ၂၀၂၁ ထိ လစဉ်လတိုင်း စာတွေတင်နေလဲ ဘာမှ မဆောင်ရွက်ပေးဘူးဆိုတော့ ကျွန်တော်တို့နစ်နာဆုံးရှုံးမှုတွေ အရမ်းများတာပေါ့၊ အစိုးရရုံးမှာ သွားတွေ့တော့လည်း အတွေ့မခံဘူး၊ ဒါကြောင့် ကျွန်တော်တို့လည်း ၀န်ကြီးချုပ်ကို အခု နိုင်လွှတ်လုံနဲ့အမှုဖွင့်ရတာပါ” လို့ ဦးယောစုကပြောပါတယ်။
၂၀၁၀ ခုနှစ်မှာ တာချီလိတ်မြို့၊ ဟောင်လိတ်ကျေးရွာအုပ်စု၊ လွယ်စတုံကျေးရွာအနီး၊ ကွင်းအမှတ် (၈၅၃၆) ပေါ်ရှိ မြေလွတ်၊ မြေလပ်နဲ့ မြေရိုင်းတွေ လုပ်ပိုင်ခွင့်ရရှိတဲ့ မြေယာ (၉၃.၁၉) ဧကကို အောက်ခြေရှိ အထွေထွေအုပ်ချုပ်ရေး၀န်ထမ်းတွေနဲ့ မြေစာရင်းဦးစီးဌာန ၀န်ထမ်းတွေက ဥပဒေနဲ့မညီဘဲ အဂတိလိုက်စားပြီး မြေကွက်များရောင်းချထားခြင်းကိစ္စနဲ့ပတ်သက်ပြီး တိုင်ကြားခဲ့တာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတရုံးမှ ကျူးကျော်ခံရတာမှန်ကန်ကြောင်း၊ မူလမြေပိုင်ရှင်နစ်နာဆုံးရှုံးမှုကို ဖြေရှင်းဆောင်ရွက်ပေးဖို့ ရှမ်းပြည်နယ်၀န်ကြီးချုပ် ဒေါက်တာလင်းထွဋ်ကို ၂၀၁၆ ခုနှစ်မှာ ညွှန်ကြားထားပေမယ့်လည်း အခု ၂၀၂၁ ခုနှစ်အထိ ဆောင်ရွက်ဖြေရှင်းပေးခြင်းမရှိတဲ့အတွက် အမှုဖွင့်တိုင်ကြားခြင်းဖြစ်တယ်လို့ သိရပါတယ်။
“တိုင်ကြားစာကိုတော့လက်ခံထားတယ်။ လက်ခံထားပြီးတော့ တိုင်ကြားစာနဲ့ပတ်သတ်တာတွေကို နိုင်လွှတ်လုံဥပဒေပုဒ်မ-၆ အရ သူတို့ကိုပြန်ပြီးတော့ တိုင်တဲ့လူကို ပြန်အကြောင်းကြားပေးမယ်။ ဥပဒေအရအရေးယူဆောင်ရွက်ဖို့လည်း ဆင့်ကဲဆင့်ကဲအားလုံးကို တင်ပြရမှာရှိတယ်။ အမှုက အဲ့ဒီလိုမျိုးတိုက်ရိုက်သူတို့ကပေးတယ်၊ ရော့ ဆိုပြီးတော့ ပြစ်မှုဆိုင်ရာကိုကျွန်တော်တို့လုပ်လို့မရဘူး။ ဒါက အကြီးအကဲတစ်ယောက်ဖြစ်နေတဲ့အတွက် ကျွန်တော်တို့က ဌာနဆိုင်ရာ၊ သက်ဆိုင်ရာတွေကို section တွေပေါ့၊ အဲ့ဒါတွေကို ကျွန်တော်တို့က တောင်းယူရမှာတွေရှိတယ်။ အဲ့ဒီတော့ ကျွန်တော်တို့ကလည်း အခုလာတိုင်တဲ့လူကိုလည်း ရက်ပေါင်း ၃၀ အတွင်းပြန်ပြီးတော့အကြောင်းကြားပေးရမယ်။ နိုင်လွှတ်လုံမှာလည်းရှိတယ်၊ ဥပဒေပုဒ်မ-၆ မှာလည်းရှိတယ်။ အဲ့ဒါကြောင့်မလို့ပါ။ အမှုလက်ခံလိုက်ရင် ၂၄နာရီအတွင်းဖမ်းရတယ်ဆိုတာက ကျန်တဲ့ပြစ်မှုဆိုင်ရာ၊ ဘာညာကတော့တစ်မျိုးပေါ့။ ဒါကျတော့ပြစ်မှုဆိုင်ရာမဟုတ်ဘူး။ နိုင်လွှတ်လုံကဖြစ်နေတယ်”လို့ တောင်ကြီးမြို့မရဲစခန်းမှ စခန်းမှူး ဦးထက်နိုင်အေးက ပြောပါတယ်။
ရှမ်းပြည်နယ်၀န်ကြီးချုပ်ကို နိုင်လွှတ်လုံနဲ့ အမှုဖွင့်ဖို့ တိုင်ကြားထားတာဖြစ်ပြီး တိုင်ကြားစာကို တောင်ကြီးမြို့မရဲစခန်းက လက်ခံထားတယ်လို့သိရပြီး အမှုဖွင့်၊ မဖွင့်ကိုတော့ ရက်ပေါင်း ၃၀ အတွင်း သိရမယ်လို့ တောင်ကြီးမြို့မရဲစခန်းကနေ ပြောပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW