တပ်မတော်က တစ်နိုင်ငံလုံး စစ်ရေးလှုပ်ရှားမှု ၁ လ ရပ်ဆိုင်းကြောင်း အပေါ် သဘောထားများ

ဇန်နဝါရီ ၂၉- ၂၀၂၁
ထက်အောင်စိုင်း (VOM)

တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က မြန်မာနိုင်ငံတစ်ဝန်းလုံးအတွင်း တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို (၁)လတိတိ ရပ်ဆိုင်းကြောင်း မနေ့ ဇန်နဝါရီ ၂၈ ရက် ညနေပိုင်းက တရားဝင်ကြေညာလိုက်ပါတယ်။

တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ တိုးမြှင့်ရပ်ဆိုင်းပေးထားတဲ့ကာလတွေကို အရင်ကထက် ပိုမိုထိရောက်စွာနဲ့ အကျိုးရှိရှိအသုံချကာ ထာဝရငြိမ်းချမ်းရေးကိုရအောင် သက်ဆိုင်ရာ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအနေ့နဲ့လည်း ဆွေးနွေးညှိနှိုင်းပြီး ဝိုင်းဝမ်းကြိုးပမ်းကြစေလိုတယ်လို့ ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်တွေအနေနဲ့ တိုင်းရင်းသားတွေလိုလားတဲ့ ပြည်ထောင်စုငြိမ်းချမ်းသာယာရေး၊ လူမှုစီးပွားဖွံ့ဖြိုးရေး၊ ဒီမိုကရေစီလမ်းစဉ်ကို နည်းမှန်လမ်းမှန် လျှောက်လှမ်းနိုင်ရေးတို့အတွက်လည်း ဝိုင်းဝမ်းကြိုးပမ်းကြစေလိုတယ်လို့ တပ်မတော်ကထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ တပ်မတော်ဖက်က အပစ်အခတ်ရပ်စဲကြောင်း ကြေညာချက်ဟာ ကောင်းမွန်းတဲ့အရာဖြစ်ကြောင်း မြောက်ပိုင်းမဟာမိတ်(၄)ဖွဲ့မှာပါတဲ့ တအန်းအမျိုးသားလွှတ်မြောက်းရေးတပ်မတော် TNLA ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။

” ဒီထုတ်ပြန်ချက်ကတော့ ကောင်းတာပေါ့။ လက်တလော လူထုခံစားနေရတဲ့ တိုက်ပွဲကြောင့် ထွက်ပြေးရတာတွေ ကင်းဝေးပြီး အေးအေးချမ်းချမ်းနေလို့ရတာပေါ့။ ဒါပေမယ့် ဒီထုတ်ပြန်ချက်က ဒီထက်ထိရောက်အောင်၊ ခိုင်မာအောင် ထာဝရတိုက်ပွဲရပ်နိုင်မယ့်နည်းလမ်း ရှာဖွေဆောင်ရွက်ဖို့တော့လိုတယ်”လို့ ဗိုလ်မှူးမိုင်းအိုက်ကျော်ကပြောပါတယ်။

အခုတစ်ကြိမ် တပ်မတော်ဖက်က အပစ်အခတ်ရပ်ဆိုင်းကြောင်း ကြေညာချက်ဟာ ထူးခြားစွာနဲ့ ရခိုင်ပြည်နယ်ပါဝင်လာပြီး တပ်မတော်အနေနဲ့ အေအေအပေါ် ထားတဲ့သဘောကို ထုတ်ပြလိုက်တာဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း ပြည်တွင်းစစ်ရေးပဋိပက္ခတွေနဲ့ဆက်စပ်ပြီး တပ်မတော်နဲ့ အေအေတို့ ပြီးခဲ့တဲ့ ၂၀၂၀၊ နိုဝင်ဘာလ ၂၅ ရက်နေ့မှာ အွန်လိုင်းက တဆင့်တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ ၂၀၂၀၊ ဒီဇင်ဘာ ၉ ရက်နေ့ကလည်း UWSA ထိန်းချုပ်ရာ ပန်ဆန်းမှာ နှစ်ဖက်တွေ့ဆုံမှုတွေ ရှိခဲ့တယ်လို့ သိရပါတယ်။

မနေ့က ထုတ်ပြန်ချက်ဟာ အရင်ကထုတ်ပြန်ချက်တွေထက်ထူးခြားပြီး တပ်မတော်နဲ့ အေအေကြားမှာ အပြုသဘော ဆက်ဆံရေးရှိကြောင်း သုံးသပ်နိုင်ပြီး ငြိမ်းချမ်းရေးအတွက် တိုးတက်လာတဲ့လက္ခဏာတစ်ခုလိုြ့မင်ကြောင်း ရခိုင်ပြည်နယ်၊ မြေပုံမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဖေသန်းက သုံးသပ်ပြောဆိုပါတယ်။

” အရင်ကြေညာချက်တွေကတော့ အကြမ်းဖက်အဖွဲ့အစည်းသတ်မှတ်ထားတဲ့ အေအေရှိနေတဲ့ ရခိုင်ပြည်နယ်မပါဘူး။ အခုက တစ်နိုင်ငံလုံးဆိုတော့ အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည့်တိုင် အေအေနဲ့ တပ်မတော်ကြားမှာ အပြုသဘောဆက်ဆံရေးရှိတယ်လို့ ယူဆတယ်”လို့ မြေပုံမြို့နယ်၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်းက ပြောပါတယ်။

တပ်မတော်ရဲ့ မနေ့ကထုတ်ပြန်ချက်မှာ နိုင်ငံတော်ကာကွယ်ရေးနဲ့ အုပ်ချုပ်မှုကိစ္စရပ်တွေမှအပ မြန်မာနိုင်ငံတစ်ဝန်းလုံးမှာ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေ ရပ်စဲထားမှာဖြစ်တယ်လို့လည်း ပါဝင်ပါတယ်။

တစ်ဖက်မှာလည်း မဲစာရင်းကိစ္စနဲ့ ဆက်စပ်ပြီး တပ်မတော်နဲ့ နိုင်ငံတော် အစိုးရကြားတင်းမာမှုတွေရှိနေကာ အစိုးရရုံးစိုက်ရာ နေပြည်တော်မှာလည်း လုံခြုံရေးတွေ တင်းကျပ်ထားပါတယ်။

Photo – တပ်မတော်သတင်းမှန်ပြန်ကြားရေး

#voiceofmyanmar #VOM #တပ်မတော် #စစ်ရေးလှုပ်ရှားမှုကြေညာချက် #သဘောထားများ

Related posts

Leave a Comment

VOM News

FREE
VIEW