လူပေါင်း ၁သိန်းကျော်ဆေးကုသခဲ့တဲ့ ကုသိုလ်ဖြစ်ဆေးခန်းကို ဆေးရုံအဖြစ်ပြောင်းလဲမယ်

ဇန်နဝါရီ ၂၉ -၂၀၂၁
ခွန်ခမ့်သူ(VOM)

ကရင်ပြည်နယ်၊ ဘားအံမြို့၊ အမှတ် ၉ ရပ်ကွက်၊ ကမ္ဘာလုံးကျောင်းရှိ မရှိနွမ်းပါး လူနာပေါင်း ၁ သိန်းကျော်နဲ့ ပိတ်ရက်မရှိ အခမဲ့ဆေးဝါးကုသမှုပေးနေတဲ့ အနန္တမေတ္တာကုသိုလ်ဖြစ်ဆေးခန်းကို ဆေးရုံအဖြစ်ပြောင်းလဲ တိုးချဲ့ဖွင့်လှစ်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲ့ဒီကုသိုလ်ဖြစ်ဆေးခန်းကို မရှိနွမ်းပါးသူတွေ အခမဲ့ဆေးဝါးကုသမှုနဲ့ ကျန်းမာရေးစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်ဖို့အတွက် ဆေးရုံအဖြစ် တိုးချဲ့ဖွင့်လှစ်သွားဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

အနန္တမေတ္တာကုသိုလ်ဖြစ်ဆေးခန်း လောကာဓိပတိ(ကမ္ဘာလုံးကျောင်း) ဦးဆောင်ဆရာတော် ဘဒ္ဒန္တဝါသေဌက “အဓိကက မရှိနွမ်းပါးတဲ့သူတွေ ကောင်းကောင်းမွန်မွန်နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ဖို့ ကုသိုလ်ဖြစ်ဆေးရုံကြီးတစ်ခုဖြစ်ဖို့ စီစဉ်နေတယ်”လို့ မိန့်ကြားပါတယ်။

ဆေးရုံအဖြစ်ပြောင်းလဲဖွင့်လှစ်ဖို့ လုံလောက်တဲ့ အခန်းဖွဲ့စည်းပုံ၊ ပရိဘောဂ၊ ဆေးဝါးနဲ့ ဆရာဝန်၊ သူနာပြုတွေ အလုံအလောက်ရှိပြီးဖြစ်တဲ့အတွက် သက်ဆိုင်ရာကို တင်ပြလျှောက်ဖို့ ကျန်တော့တယ်လို့ သိရပါတယ်။

” အပြင်ဆေးခန်းမှာ ဆေးဝါးကုသစရိတ် ကြီးမားတယ်၊ ဆေးဖိုးဝါးခတွေက အပြင်ဆေးခန်းမှာ ၇ ထောင်၊ ၁ သောင်းကျော် ကျတယ်၊ ကလေးတွေက တနေ့ရှာ တနေ့စားနဲ့ ရှာကျွေးနေရတော့ ပိုက်ဆံ ၁ သောင်းမရှိရင် သေရမှာပေါ့။ ဒါကြောင့်မို့လို့ ဒီဆေးခန်းမှာပဲ ဆေးကုသမှုလာ‌ရောက်ခံယူနေရတာ”လို့ နှလုံး၊ ဆီချို၊ သွေးတိုးရောဂါဝေဒနာရှင် ဘားအံမြို့၊ အမှတ် ၆ ရပ်ကွက်နေ ဒေါ်လှမြင့်ကပြောပါတယ်။

အခမဲ့ဆေးခန်းမှာ ဆေးဝါးကုသမှုတွေကို အထူးကုဆရာဝန်ကြီးအပါအဝင် ဆရာဝန် ၈ ဦး၊ သူနာပြုနဲ့ ဆေးဝါးကျွမ်းကျင် ၂၀ ဦးက နေ့စဉ် ပိတ်ရက်မရှိ နံနက် ၉နာရီကနေ ညနေ ၅ နာရီအထိ ကျန်းမာရေးစောင့်ရှောက်မှုတွေ ဆောင်ရွက်ပေးနေတယ်လို့ သိရပါတယ်။

၂၀၁၃ ခုနှစ်ကစတင်ပြီး အခမဲ့ဆေးခန်းကို လာရောက်ဆေးဝါးကုသမှုခံယူတဲ့ လူနာပေါင်း ၁ သိန်းကျော်၊ ဘားအံဆေးရုံကြီးနဲ့ အခြားပြည်နယ်နဲ့တိုင်း ဆေးရုံကြီးတွေကို လွှဲပြောင်းကုသပေးခဲ့တဲ့ လူနာပေါင်း ၂၀၀၀ ကျော်၊ နှလုံးခွဲစိပ်၊ နှုတ်ခမ်းကွဲ/ အာခေါင်ကွဲ လူနာ ၃၀၀ ခန့်ကို ကျန်းမာရေးစောင့်ရှောက်မှုတွေ ပေးခဲ့ပါတယ်။

ပညာသင်ထောက်ပံ့ပေးမှုအနေနဲ့ ဆေးတက္ကသိုလ်ကျောင်းသား ၁၀ ဦး၊ အထက်တန်းကျောင်းသား ၂၀၀ ကျော်ကို ထောက်ပံ့ပေးခဲ့ပြီး ဖြစ်တယ်လို့လည်း သိရပါတယ်။

#voiceofmyanmar #VOM #ဘားအံ #အခမဲ့ဆေးခန်း #ဆေးရုံအဖြစ်ပြောင်းမယ်

Related posts

Leave a Comment

VOM News

FREE
VIEW