နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးနောက် ရခိုင်နဲ့ချင်းမှာ 4G အင်တာနက်ပြန်ရ

ဖေဖော်ဝါရီ ၃ -၂၀၂၁
ထက်အောင်စိုင်း(VOM)

တပ်မတော်က အာဏာသိမ်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းပြီးနောက် ရခိုင်ပြည်နယ်က မြို့နယ်(၇)မြို့နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝမြို့နယ်တို့မှာ မနေ့ဖေဖော်ဝါရီ ၂ရက် ည (၁၂) နာရီလောက်ကစပြီး မူလဖွင့်ပေးထားတဲ့ 2G အရည်အသွေးအင်တာနက်အမျိုးအစားကနေ 4G အင်တာနက်အမျိုးအစားကို ပြန်လည်ရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ အရပ်ဖက်အဖွဲ့အစည်းတွေကနေ သိရပါတယ်။

အခုလိုမျိုး ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ တစ်နှစ်ကျော်ကြာပိတ်ပင်ခံထားရတဲ့ အင်တာနက်လိုင်းတွေကို တပ်မတော်အာဏာသိမ်းပြီး(၂) ရက်အကြာမှာ ပြန်လည်ရရှိခဲ့တာဖြစ်ပါတယ်။

အခုလိုမျိုး အင်တာနက်တွေပြန်ဖွင့်ပေးတာဟာ ကောင်းတဲ့လက္ခဏာဖြစ်ပြီး အရင်ကတည်းက ရပိုင်ခွင့်တွေကို ပိတ်ပင်ခံထားရတဲ့အတွက် အခုရတာဟာလည်း ပုံမှန်အနေအထားသာဖြစ်တယ်လို့ လွှတ်တော်ကိုယ်စားလှယ်နဲ့ ကျောင်းသားသမဂ္ဂက သူတို့အမြင်ကို ပြောပါတယ်။

ရခိုင်ပြည်ကျောင်းသားသမဂ္ဂ(စစ်တွေတက္ကသိုလ်) ဥက္ကဋ္ဌ ကိုတိုးတိုးအောင်က “ ဒါကတော့ လူသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးပဲဖြစ်ပါတယ်။ ဒီလို အင်တာနက်လိုင်းတွေ အပြည့်အဝပြန်ဖွင့်ပေးတာကတော့ စစ်တပ်နဲ့အစိုးရက သူတို့အပြစ်ကို အမြင်မှန်ရလို့ ပြန်ဖွင့်ပေးတယ်လို့ ထင်ပါတယ်။ ဒါကတော့ ကျနော်တို့အနေနဲ့ ကျေးဇူးတင်စရာမလိုဘူး။ အခြေခံရပိုင်ခွင့်တွေကို ပြန်ရတယ်လို့ပဲ မြင်ပါတယ်”လို့ သူ့အမြင်ကို ပြောသွားတာဖြစ်ပါတယ်။

လက်ရှိ အင်တာနက်ပြန်လည်ရရှိတဲ့ မြို့နယ်တွေကတော့ ရခိုင်ပြည်နယ်အတွင်းက ဘူးသီးတောင်၊ ရသေ့တောင်၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ မြေပုံနဲ့ ချင်းပြည်နယ်တောင်ပိုင်းက ပလက်ဝမြို့နယ်တို့ဖြစ်ပါတယ်။

အခုလိုမျိုး အင်တာနက်ပြန်လည်ဖွင့်ပေးတာဟာ သတင်းလွှတ်လပ်ခွင့်၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးပိုင်းကအစ ကောင်းတဲ့လက္ခဏာဖြစ်တယ်လို့ ရသေ့တောင်က လူမှုကူညီရေးလုပ်ငန်းတွေနဲ့ စစ်ဘေးရှောင်တွေကို ကူညီနေသူ ကိုဘက္ကာကပြောပါတယ်။

“ အစိုးရသစ်လို့ပဲပြောရမှာပေါ့။ စစဦးဆုံးအစိုးရသစ်လက်ထက်မှာ (၂) နှစ်နီးပါးလောက်ကြာ အပိတ်ခံထားရတဲ့ အင်တာနက်လိုင်းအပြည့်အဝဖွင့်ပေးတဲ့အတွက် ကောင်းတဲ့လက္ခဏာပါပဲ။ ဘာကြောင့်လဲဆိုတော့ ကျနော်တို့တွေမှာ သတင်းလွှတ်လပ်ခွင့်၊ ကျန်းမာရေး၊ လူမှုရေးနဲ့ စီးပွားရေးပိုင်ကအစ အားလုံးအတွက် ကောင်းတာဖြစ်လို့ ဝမ်းသာပါတယ်”လို့ ကိုဘက္ကာကပြောပါတယ်။

မြေပုံမြို့က စစ်ဘေးရှောင်တွေကို ကူညီဆောင်ရွက်ပေးနေတဲ့ ကိုရွှေစိုးကလည်း သူတို့နေထိုင်ရာ မြေပုံနဲ့ မင်းပြားမြို့နယ်တွေမှာလည်း အင်တာနက်လိုင်းတွေ ပြန်လည်အသုံးပြုလို့ရနေပြီလို့ ပြောပါတယ်။

ကျောက်တော်မြို့ပေါ်က တည်းခိုခန်းပိုင်းရှင်တစ်ဦးကလည်း အင်တာနက်လိုင်းတွေ ပြန်လည်အသုံးပြုခွင့်ရတာကို ဝမ်းသာပေမယ့် လက်ရှိမှာ စီးပွားရေးလုပ်ငန်းတွေအဆင်မပြေသေးဘူးလို့ ပြောပါတယ်။

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမောင်ကျော်ဇံကလည်း “ပြည်သူတွေအတွက်ကတော့ အင်တာနက်ပိတ်ပင်တားမြစ်ခံထားရတာတွေ ပြန်ရလာတာကတော့ သူတို့ရဲ့ ရပိုင်ခွင့်တွေပါဘဲ။ ဒါတွေက ကျနော်တို့ရဲ့ ရပိုင်ခွင့် သာမန်ပါပဲ။ သိပ်ပျော်စရာလည်း မဟုတ်ပါဘူး”လို့ သူ့အမြင်ကို ပြောပါတယ်။

ရခိုင်ပြည်နယ်အတွင်း 4G အင်တာနက်ပြန်လည်ရရှိရေးအတွက် ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်နဲ့ ၂၀၂၀ ခုနှစ်က ကျောင်းသားတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေနဲ့ လွှတ်တော်ကိုယ်စားတွေရဲ့တိုက်တွန်းတောင်းဆိုချက်တွေဟာ လက်ရှိမှာတော့ အထမြောက်အောင်မြင်လာပြီးဖြစ်တယ်လို့ ပြောနိုင်မှာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်နယ်အတွင်း တပ်မတော်နဲ့ အေအေတို့ရဲ့ စစ်ရေးတင်းမာမှုတွေကြောင့် မြန်မာနိုင်ငံပြည်ထောင်စုအစိုးရရဲ့ ညွှန်ကြားချက်နဲ့ တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ရခိုင်နဲ့ ချင်းပြည်နယ်တောင်ပိုင်း ပလက်ဝဒေသကို ပို့ဆောင်ရေးနဲ့ ဆက်သွယ်ရေးဝန်ကြီးဌာနကနေ ၂၀၁၉ ခုနှစ် ဇွန်လ(၂၁) ရက်ကစပြီးတော့ အင်တာနက်လိုင်းတွေကို ပိတ်ပင်လိုက်တာဖြစ်ပြီး အဲ့ဒီ အင်တာနက်ပိတ်ပင်မှုဟာ ကမ္ဘာ့အရှည်ကြာဆုံး အင်တာနက်ဖြတ်တောက်မှု ဖြစ်ခဲ့ပါတယ်။

ဆက်သွယ်ရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးဆွေကို ဒီကနေ့ မနက် ၉ နာရီခန့်က ဆက်သွယ်ရာမှာတော့ ကားမောင်းနေတဲ့အတွက် မအားသေးဘူးလို့ ပြန်လည်ပြောဆိုခဲ့ပါတယ်။

#voiceofmyanmar #VOM #ရခိုင်နဲ့ချင်း #အင်တာနက်4G #ပြန်လည်ရရှိ

Related posts

Leave a Comment

VOM News

FREE
VIEW