ရန်ကုန်လေဆိပ်မှာ လေယာဉ်ဆီဖြည့်ပေးမယ့် ဝန်ထမ်းနည်းလို့အခက်ခဲဖြစ်နေ

ရန်ကုန်-ဖေဖေါ်ဝါရီ ၁၂-၂၀၂၁
ထက်ခေါင်လင်း(VOM)

စစ်တပ် အာဏာသိမ်းမှုကို ကန့်ကွက်သည့်အနေနဲ့ ရန်ကုန်လေဆိပ်က လေယာဥ်လုပ်သားတွေဟာ CDM ပူးပေါင်းနေသလို လေယာဉ်ဆီ ဖြည့်ပေးရတဲ့ ကုမ္ပဏီ Puma ဝန်ထမ်းတွေ အလုပ်မလုပ်တော့တာကြောင့် ရန်ကုန်လေဆိပ်မှာ စစ်တပ်သုံး လေယာဥ်တွေ ပျံသန်းရန် အခက်အခဲရှိနေကြောင်း Puma ဝန်ထမ်းတွေဆီက သိရပါတယ်။

Puma ကုမ္ပဏီဟာ ရန်ကုန်လေဆိပ်မှာ လေယာဥ်ဆီ တင်ပို့ခွင့်ရတဲ့ တခုတည်းသော ကုမ္ပဏီဖြစ်ပေမယ့် စစ်အစိုးရလက်ထက်ကတည်းက နိုင်ငံတော်နှင့် အစုရှယ်ယာ ပူးပေါင်းမှုအပြည့်အဝ ထည့်သွင်းထားခြင်းမရှိကြောင်း ၂၀၁၉ ခုနစ် ရန်ကုန်တိုင်း စာရင်းစစ်ချုပ်အစီရင်ခံစာတွင်ပါရှိခဲ့ဘူးပါတယ်။

၂၀၂၀ ခုနှစ် နှစ်ဆန်းပိုင်းကတည်းက နိုင်ငံတော်ကို လုပ်ငန်းပြန်လည်အပ်နှံရန် အသိပေးခဲ့ပြီး တပ်မတော်က အာဏာသိမ်းယူလိုက်တဲ့အတွက် ဝန်ထမ်းတွေကို လစာပြည့် အနားပေးခဲ့ပါတယ်။

ခုအချိန်မှာ မင်္ဂလာဒုံ လေဆိပ်က တပ်မတော်သုံး လေယာဥ်တွေကို လောင်စာဆီဖြည့်ဖို့အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ဝန်ကြီးဌာန MPE လက်အောက်ခံဝန်ထမ်းတွေကို အတင်းခေါ်ယူနေရတယ်လို့ ဆီဘောက်ဆာယာဥ်မောင်း တဦးကပြောပါတယ်။

“ကျနော်တို့ကို လေဆိပ်က ဆီသိုလှောင်ကန်ကနေ စစ်သုံးလေယာဥ်ထဲကို ထည့်ဖို့ ကား အတင်းဖိအားပေး လာမောင်းခိုင်းနေတယ်။ ကျနော်တို့ MPE ဝန်ထမ်းတွေက CDM ပါတယ်။ တယောက်မှ မမောင်းဘူး။ မက်လုံးပေးတာ မက်သူ ၂ ယောက်တော့သွားတယ်။ အရင်ထဲက ခရီးသွားလေယာဥ်တွေမှ မရှိတာ။ အခု စစ်တပ်သုံး လေယာဥ်တွေပါ ဆီဖြည့်ပေးမယ့်သူမရှိလို့ ဖိအားလာပေးတာ” လို ပြောပြပါတယ်။

ဒီအကြောင်းအရာနဲ့ ပတ်သက်ပြီး MPE မှ တာဝန်ရှိသူ ဗိုလ်မှူးကျော်သက်ထံ ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့အနေနဲ့ အတင်းခေါ်တာမရှိပါလို့ ပြောပြီး ဖုန်းချသွားတာကြောင့် နောက်ထက် ဖုန်း၁၀ ကြိမ်ကျော် ထပ်မံခေါ်ခဲ့ပေမယ့် ဖုန်းလက်ခံမဖြေကြားတော့ပါ။

#voiceofmyanmar #VOM #ရန်ကုန်လေဆိပ်

 

Related posts

Leave a Comment

VOM News

FREE
VIEW