ဗိုလ်ချုပ်မြထွန်းဦး ဗိုလ်ချုပ်စိုးထွဋ် ဗိုလ်ချုပ်သန်းလှိုင် တို့ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့

ဆိုးဝါးတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် မြန်မာစစ်ဗိုလ်ချုပ်တွေ အပေါ် ယူကေမှ ပိတ်ဆို့အရေးယူမှု ပြုလုပ်။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း ပြင်းထန်ဆိုး ဝါးလှတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အတွက် မြန်မာ စစ်ဗိုလ်ချုပ်တွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ပြုလုပ်ပြီ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ဒီကနေ့ (၁၈.၀၂.၂၀၂၁) ထုတ်ပြန် ကြေညာလိုက်ပါတယ်။

အခု ဒဏ်ခတ်ပိတ်ဆို့ ခံရတဲ့ စစ်ဗိုလ်ချုပ် ၃ ဦးကတော့…
• ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦး (စစ်တပ်ရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အတွက် တာဝန်ရှိသူ)
• ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ် ( ရဲတပ်ဖွဲ့ ရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အတွက် တာဝန်ရှိသူ) နဲ့
• ဒုတိယ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သန်းလှိုင် ( ရဲတပ်ဖွဲ့ ရဲ့ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အတွက် တာဝန်ရှိသူ) တို့ ဖြစ်ကြပါတယ်။

အဲဒီ စစ်ဗိုလ်ချုပ် ၃ ဦး ရဲ့ ပိုင်ဆိုင်မှုတွေကို ဗြိတိန်က ချက်ခြင်း ထိန်းချုပ်ပြီး သူတို့ရဲ့ ယူကေ ခရီးသွားလာခွင့်ကိုလည်း ချက်ခြင်း တားမြစ် လိုက်တာ ဖြစ်ပါတယ်။

အရင် ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့ ထားတဲ့ စစ်ဗိုလ်ချုပ် ၁၆ ဦး အပြင် ဒီဗိုလ်ချုပ် ၃ ဦးကို ပိတ်ဆို့မှုစာရင်း မှာ ထပ်ထည့်လိုက်တာလည်း ဖြစ်ပါတယ်။

အခုလို ပိတ်ဆို့အရေးယူမှုဟာ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေး ချိုးဖေါက် မှုတွေရဲ့ အကျိုးဆက်ကို ရင်ဆိုင်ရမှာ ဖြစ်ကြောင်း သိစေတာ ဖြစ်တယ်လို့လည်း ဖေါ်ပြထားပါတယ်။

နိုင်ငံခြားရေး ဝန်ကြီး Dominic Raab က ဆက်ပြောရာမှာ ယူကေ အစိုးရ အနေနဲ့ စစ်တပ်အာဏာသိမ်းမှု၊ အောင်ဆန်းစုကြည်နဲ့ တခြား နိုင်ငံရေး ခေါင်းဆောင်တွေ အပေါ် ထင်ရာစိုင်း ဖမ်းဆီးမှုတွေ အပေါ် ရှုတ်ချကြောင်း ဖေါ်ပြထားသည်။

မြန်မာစစ်တပ် အနေနဲ့ သူတို့ ရဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေ အတွက် တာဝန်ခံရမှာ ဖြစ်ပြီး မြန်မာပြည်သူတွေ အတွက် တရားမျှတမှုတွေ ရရှိစေဖို့ နိုင်ငံတကာ မိတ်ဆွေနိုင်ငံများနဲ့ အတူ ကျွန်တော်တို့ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်လို့လည်း သူက ပြောကြားသွားပါတယ်။

ယူကေက စီးပွား‌‌ရေး လုပ်ငန်းတွေ အနေနဲ့ မြန်မာစစ်တပ်နဲ့ စီးပွားရေး လုပ်ဆောင်နေတာတွေ ရပ်တန့်ဖို့ကိုလည်း နိုင်ငံခြား ရေးဝန်ကြီးက ကြေညာ ချက်မှာ ဖေါ်ပြ သွားပါတယ်။

အခု အရေးယူ ဆောင်ရွက်မှုတွေထဲမှာ ယူကေရဲ့ မြန်မာနိုင်ငံ အတွက် အကူအညီပေးမှုတွေ စစ်အစိုးရ ဆီကို မရောက်စေ‌‌ရေးလည်း ပါဝင်ပါတယ်။

ဓါတ်ပုံ – dsinfo

ဗိုလ်ချုပ်မြထွန်းဦး ဗိုလ်ချုပ်စိုးထွဋ် ဗိုလ်ချုပ်သန်းလှိုင် တို့ကို ဗြိတိန်က ဒဏ်ခတ်ပိတ်ဆို့

Related posts

Leave a Comment

VOM News

FREE
VIEW