မုံရွာအခြေစိုက် သတင်းသမား ၂ ယောက် ၅၀၅(က) နဲ့ အမှုဖွင့်ခံရပြီး အာမခံနဲ့ပြန်လွတ်

ဖေဖော်ဝါရီ ၂၅၊ ၂၀၂၁
ကိုတိုးကြီး (VOM)

စစ်ကိုင်းတိုင်း ၊ မုံရွာမြို့ မုံရွာအခြေစိုက် MCN TV NEWS သတင်းဌာနက သတင်းထောက် ဒေါ်တင်မာဆွေနဲ့ The Voice သတင်းဌာနက သတင်းထောက် ဒေါ်ခင်မေစန်းတို့ ၂ ဦးကီု ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ပြီး တယောက်ကို သိန်း ၅၀ အာမခံနဲ့ ပြန်လွှတ်ပေးလိုက်ပါပြီ။

အာမခံနဲ့ ပြန်လွတ်လာသူ ကာယကံရှင် ဒေါ်တင်မာဆွေ ပြောပြတာက “ကျမတို့ကိုလွှတ်ပေးတာကြိုဆိုပေမယ့် သတင်းတင်ပြမှုအပေါ် ဒီပုဒ်မနဲ့ဖွင့် အရေးယူတာတော့ လက်ခံနိုင်စရာမရှိပါဘူး ၊ကျမတို့ သတင်းမှာက မသင်္ကာလို့ဖမ်းခံရသူကို ရှေ့နေတွေ ရပ်မိရပ်ဖတွေရှေ့ မေးထားတာထုတ်လွှင့်တာပါ၊နောက်ထပ် ဘက်မျှဖို့ စခန်းကိုသွားမေးဖို့ကြိုးစားချိန် ဖမ်းခံရတာမို့ ကျမတို့ ဘာမှ မမှားပါဘူး” လို့ပြောပါတယ်။

သူတို့ ဖမ်းခံရတဲ့ကိစ္စဟာ ၂၂ ရက်ညက မုံရွာမြို့ နတ်လူထိပ်ပန်ရပ်ကွက် လုံခြုံရေး အဖွဲ့က ဖမ်းဆီးထားတဲ့ မသင်္ကာသူ အမျိုးသား တစ်ယောက်ကို စစ်ဆေးမေးမြန်းနေတဲ့ ရုပ်သံသတင်းမှာ စစ်တပ်ဖက်က ခိုင်းစေတယ်ဆိုတဲ့ကိစ္စ နဲ့ပတ်သက်ပြီး MCN TV News သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ဒီသတင်းကို ၂ ဖက်အသံပါဖို့ ဘက်မျှဖို့ သတင်းအရင်းအမြစ်တွေကို ချိတ်ဆက် ဆက်သွယ်ရင်း အခုလို ဖမ်းဆီးခံရတာဖြစ်ပါတယ်။

သူတို့ ၂ ဦး အာမခံရဖို့အတွက် မုံရွာအခြေစိုက် VOM သတင်းထောက် ဦးတိုးတိုးဝင်းနဲ့ ကုန်သည်ပွဲစားအသင်းက ဦးကြည်လှိုင်တို့က တဦးသိန်း ၅၀ နဲ့ အာမခံပေးခဲ့ပြီး ခု သတင်းထောက် ၂ ယောက်လုံး နေအိမ်တွေ ပြန်ရောက်ပြီဖြစ်ပါတယ်။

#voiceofmyanmar #VOM #မုံရွာသတင်းထောက်

Related posts

Leave a Comment

VOM News

FREE
VIEW