CDM ပြုလုပ်တဲ့ ကသာမြို့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ဒေသခံပြည်သူလူထုက ဂုဏ်ပြုချီးမြှင့်

ကသာ၊ ဖေဖော်ဝါရီလ ၂၅-၂၀၂၁
စပ်ခွန်သာ(VOM)

ကသာမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက CDM ပြုလုပ်နေတဲ့ ဝန်ထမ်း(၈)ဦးကို ပြည်သူလူထုက ဒီနေ့ ဖေဖော်ဝါရီလ(၂၅)ရက် မနက်ပိုင်းမှာ ဂုဏ်ပြု ချီးမြှင့်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒီနေ့ မနက်ပိုင်း(၉)နာရီအချိန်က စုရပ်ဖြစ်တဲ့ မဟာလေးထပ်ကျောင်းဝန်းအတွင်းမှာ စစ်အာဏာရှင်စနစ်ကျဆုံးရေး ဆန္ဒထုတ်ဖော်ဖို့ လာရောက်ကြတဲ့ ပြည်သူလူထုတွေက CDM လုပ်နေတဲ့ ထွေအုပ်ဝန်ထမ်း(၈)ဦးကို ပန်းကုံးစွပ်ဂုဏ်ပြုတာ၊ အလေးပြုဂုဏ်ပြုတာအပါအဝင် ဂုဏ်ပြုငွေပါ ပေးအပ်ခဲ့တာပဲ ဖြစ်ပါတယ်။

CDM မှာပါတဲ့ ထွေအုပ်ဝန်ထမ်းတဦးက “ဘယ်သူမှဦးဆောင်ခြင်းမရှိဘဲ တစ်ယောက်ချင်းစီရဲ့ ဦးဆောင်မှုနဲ့အတူ ပြည်သူများနဲ့အတူ ကျွန်တော်တို့ရပ်တည်တာဖြစ်ပါတယ်။ ကျွန်တော်တို့က ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို လိုလားတယ်။ အဲဒီလမ်းကြောင်းကနေသွေဖယ်တဲ့ ကိစ္စရပ်တွေကို မကြိုက်နှစ်သက်ပါဘူး။ ဒါကြောင့် ဒီနေ့မှာ ပြည်သူနဲ့အတူရပ်တည်တာပါ။ ကျွန်တော်တို့ အောင်ပွဲရတဲ့အထိ သွားမှာပါ။ ကျွန်တော်တို့ အရေးတော်ပုံ အောင်ကိုအောင်ရမယ်” လို့ ပြောပါတယ်။

ကသာမြို့မှာ CDM ပြုလုပ်နေတဲ့ မြန်မာ့စီးပွားရေးဘဏ်ဝန်ထမ်း (၁၀)ဦးကိုလည်း ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၁၇)ရက်က ဂုဏ်ပြုချီးမြှင့်ပေးခဲ့ကြတယ်လို့ သိရပြီး ဆက်လက်ဂုဏ်ပြုပေးနိုင်ဖို့ အတွက် CDM လှုပ်ရှားမှု ကူညီထောက်ပံ့ရေးအဖွဲ့ကို ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ သိရပါတယ်။

#VoiceOfMyanmar #VOM #CDMထွေအုပ်ဝန်ထမ်း #ဂုဏ်ပြု #ကသာ

Related posts

Leave a Comment

VOM News

FREE
VIEW