ဆန္ဒပြပွဲမှာ ရင်ဘတ်ကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တဲ့ ထက်ခေါင်ကျော်ရဲ့ နာရေး

မန္တလေး၊ မတ်- ၁- ၂၀၂၁
ရှိုင်းအောင်(VOM)

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က စစ်သားနဲ့ ရဲတွေနဲ့ ချီတက်ရာလမ်းကြောင်းတစ်လျှောက် ပစ်ခတ်မှုတွေရှိခဲ့တာကြောင့် ၆၈ လမ်း ၃၄×၃၅ လမ်းကြားမှာ ရင်ဘတ်ကို ကျည်ဆံထိမှန်ပြီး သေဆုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

သေဆုံးသူ ကိုထက်ခေါင်ကျော် ရဲ့ မိခင်ဖြစ်သူ ပြောပြတာကတော့ ” အမေ သားကို ပိုက်ဆံ ၅၀၀၀ လောက်ပေးပါလားဆိုတော့ ဘာလုပ်မလို့လဲ မေးလိုက်တာ သူက အမေ သား ဆန္ဒပြပွဲသွားမလို့ဆိုပြီး ထွက်သွားတာ အဲ့ကတည်းက ပြန်မလာတော့တာ၊ မနက်ကျမှ အကြီးမ က အမေတဲ့ ဒီလိုဒီလိုပဲ သွားကြည့်ဦးမယ်ဆိုပြီး သွားကြည့်တော့ အမေ ဟုတ်တယ် လို့ပြောမှ သိတာ” လို့ ပြောပါတယ်။

သေဆုံးသူ ကိုထက်ခေါင်ကျော် က ငါန်းဇွန်မြို့မှာ ဆိုင်ကယ်ဝပ်လျှော့ ဖွင့်လှစ်ထားသူဖြစ်ပြီး မန္တလေးမြို့ မဟာအောင်မြေမြို့နယ်ကျောက်ဝိုင်းနားမှာ မိခင်နဲ့အတူ လာရောက်နေထိုင်နေသူ ဖြစ်တယ်လို့ သိရပါတယ်။

ကိုထက်ခေါင်ကျော်ကတော့ အသက် ၂၈ နှစ် ဖြစ်ပြီး ဇနီးသည်နဲ့ အသက် ၇ နှစ်အရွယ် သားတစ်ဦး ရှိတယ်လို့ မိခင်ဖြစ်သူရဲ့ ပြောပြချက်အရ သိရပါတယ်။

မန္တလေးမြို့မှာ ဖေဖော်ဝါရီ ၂၈ ရက်နေ့က ဆန္ဒပြသူတွေကို ကျည်အစစ်တွေနဲ့ ပစ်ခတ်ပြီး အကြမ်းဖက်ဖြိုခွင်းခဲ့ရာမှာ သေဆုံးခဲ့သူတွေရှိကာ ကျည်ဆံထိမှန်လို့ ဒဏ်ရာရသူ အများအပြား ရှိခဲ့တယ်လို့ သိရပါတယ်။

#VOM #voicemofmyanmar #Mandalay #ဆန္ဒပြ #သေဆုံး #အကြမ်းဖက်ဖြိုခွင်း #ဒဏ်ရာရ

Related posts

Leave a Comment

VOM News

FREE
VIEW