သူတို့အိမ် အခန်း (၁၄၂)

ဆူးငှက်

ဟေမာဇလက မြေ
———————–

ကျွန်တော် အိမ်ထောင်ကျပြီးနောက် ဇနီးသည်က ကျွန်တော့် အိမ်သို့ လိုက်၍နေသည်။ မနက်လင်းသည်နှင့် ကျွန်တော်က သင်္ဘောတန်းရှိ အလုပ်ရုံသိူ့သွားသည်နှင့် သူကလည်း ကျွန်တော့်စက်ဘီးနှင့် အတူလိုက်ကာ အလုပ်ရုံ၏ မြောက်ဘက် တစ်အိမ်ကျော် သူ့အဖေကြီး သစ်စက်မှာ အလုပ်ဝင်သည်။ အိမ်မှာက ထူးထူးခြားခြား ဘာမှ မပြောင်းလဲ။ ညစာမှာပဲ အမေ့စားအိုးမှာ သူ့တစ်ယောက်စာ ပိုလာတာပဲရှိသည်။ ကျွန်တော်က အဘကို ဈေးဖိုး ၂၀ဝိ ပေးရုံပါပဲ။ ထိုစဉ်ကာလ ကျွန်တော့်လခက ၄၀၀ိ/ နီးပါးတော့ ရနေပါပြီ။ ညမှာတော့ ကိုယ်မိန်းမက အိမ်ပါလာပြီမို့ အရင်လို ဝမ်းကွဲ အစ်ကိုတွေနှင့် ညဈေးတန်းတော့ မသွားဖြစ်တော့ပေ။

သူနှင့် လမ်းလျှောက်ရင်း ရုံတော်ကြီးရှိ အင်းဝအအေးဆိုင်သို့ နို့ချဉ် သွားသောက် တာမျိုးတော့ ရှိသည်။ ကျွန်တော့် ဝမ်းကွဲ အစ်ကိုတွေက သူ့ကို ခင်ကြပါ၏။ နှမတစ်ယောက်လို စကြ ပြောင်ကြသည်။ ဝင်းထဲ အတူနေခဲ့သည့် ကိုမန်းမောင်က သူနှင့် ကျွန်တော့်ကို တွေ့တိုင်း “ငါး ငါးသလောက်၊ မယား ဗိုကေနဲ့” ဟု သူ့ရှေ့မှာပင် စပြောင်တတ်သည်။ အဘယ့်ကြောင့်ဆိုလျှင် သူက ဆံပင်ကို အတိုညှပ်ထားလို့ ဖြစ်၏။ မုံရွာမှာ နေသည့် ဝမ်းကွဲအစ်ကို ကိုမောင်ဝင်းကတော့ သူ့ကို အတော်ခင်ပါသည်။

ကျွန်တော် မင်္ဂလာဆောင် ကိစ္စနှင့် အလုပ်ရှုပ်နေစဉ်မှာပင် အဘက မြေတစ်ကွက် တွေ့လိုက်သည်။ မြေဆိုသည်မှာ ပြူးပြဲရှာနေချိန် တွေ့ချင်မှ တွေ့ပြီး စိတ်လျှော့ကာ မရှာတော့မှ ဆိုက်ဆိုက်မြိုက်မြိုက် ရတတ်သည့် သဘော ဖြစ်ပါ၏။ ထိုစဉ်က အိမ်တွင် အတူနေသော မမခင်လှ၏ အိမ်သား ကိုသိန်းမောင်က နုယဉ်တီးဝိုင်း မရှိတော့သောအခါ ထိုစဉ်က လုပ်ဖော်ကိုင်ဖက် အချို့နှင့် အတူ ပန်တျာကျော်ဝင်း ဇာတ်အဖွဲ့၏ ခေတ်ပေါ်တီးဝိုင်းတွင် ထရန်ပက်မှုတ် နေသည်။

ပန်တျာကျော်ဝင်း ဇာတ်အဖွဲ့တည်ရာက ဆေးရုံကြီးမြောက်ဘက် ဆုတောင်းရဘုရား တောင်မုခ် အထွက် တွင် ရှိသည်။ ၂၈လမ်း၊ ၇၄လမ်းနှင့် ၇၅လမ်းကြား စိတ္တရမဟီရပ်ပေါ့။ ထိုအိမ်တွင် တီးလုံးတိုက်သွားရင်း အိမ်ပိုင်ရှင် ရဲအရာရှိဟောင်း တစ်ဦးနှင့် စကားစပ်မိပြီး အနောက်ဘက် ၇၆လမ်းပေါ်တွင် မြေတစ်ကွက် ခွဲ၍ရောင်ဖို့ ရှိကြောင်း ပြောသည်။ ပိုင်ရှင် ရွှေကုန်သည် အဖွားကြီးကလည်း ဆုတောင်းပြည့်ဘုရားရှိ ရုပ်ပွားတော်၏ မကိုဋ်တော်ကို ပြန်လည် ပြင်ဆင် လှူဒါန်း ရန်အတွက် စူပိုင်မြေကို ပိုင်းကာ သိုသိုသိပ်သိပ် ရောင်းလိုခြင်း ဖြစ်သည်။

ကိုသိန်းမောင်ကလည်း သိသိချင်း သွားကြည့်ပြီး သဘောကျသည်နှင့် အိမ်သို့ ပြန်ကာ အဘကို ပြောသည်။ အဘကလည်း သွားကြည့်ကာ အဆင်ပြေသောကြောင့် ချက်ချင်း စရံပေးဖို့စီစဉ်သည်။ ထို့ကြောင့် စရံငွေ ၃သောင်းကို စာချုပ်ချုပ်ဆို ပေးခဲ့၏။ မြေက နှစ်၆၀ ဂရံမြေအမျိုးအစားမှ ပေ၄၀×ပေ၆၀ကို ပိုင်းရောင်းခြင်းဖြစ်သည်။ ၇၆လမ်းမေးတင် အရှေ့လှည့် ဖြစ်ပြီး အိမ်မပါသော်လည်း မီးမီတာ ၁လုံးပါ၏။ အားလုံး ငွေကျပ် ၅သောင်းတဲ့။ ထို့ကြောင့် စရံငွေ ၃သောင်း အရင်ချပေးလိုက်ခြင်း ဖြစ်သည်။ ကျန်ငွေကို ပိုင်ရှင်က ဖြည်းဖြည်း အဆင်ပြေမှပေးပါ။ ယခု စရံငွေနှင့်ပင် သူ့အလှူအတန်းက အဆင်ပြေပါသည်ဟု ဆိုသည်။

ပိုင်ရှင်က ရွှေနန်းတွင်း အပျိုတော် အဆက်အနွယ် အပျိုကြီးဖြစ်ပြီး ဈေးချိုရွှေဆိုင်တန်းက ဆိုင်တွင် တူမ၏ သမီး မြေးမလေးနှင့် ရွှေဆိုင်ဖွင့် ထားကာ အတော်မွန်ရည် သဘောကောင်းသည်။ အိမ်မှာလည်း တူမ၏ သပိတ်လုပ်ငန်းလည်း ရှိသည်။ ထို့ကြောင့် နောက်ထပ် ငွေအကြေချေစရာလည်း မရှိသောကြောင့် အဘက ထိုမြေကွက်ကို စရံပေးကာ လှည့်မကြည့်နိုင် သေးပေ။ သည်လိုနှင့် ၁နှစ်နီးပါး ကြာချိန်တွင် ပိုင်ရှင်က နောက်ထပ် အလှူတစ်ခု ပြုလုပ်နိုင်ရန် ကျန်ငွေ ပေးချေပါရန် တောင်းဆိုလာ၏။ အဘမှာ အကျေ ပေးရန်ငွေလည်းမရှိ၊ နောက်ထပ် လက်ဝတ်လက်စား ထုခွဲရန်လည်း မရှိ၊ အိမ်ဆောက်ရန် ဆိုသည်က ဝေလာဝေးပေါ့။

ငွေ အကျေချေဖို့ အရေးတကြီးလိုအပ်လာတော့ အိမ်သို့ မုံရွာက မမခင်ရီ၏ ခင်ပွန်း ကိုလှဘော် ရောက်လာချိန်နှင့် တိုက်ဆိုင်သောအခါ အဘက ထိုကိစ္စကို ကိုလှဘော်နှင့် တိုင်ပင်ပြီး ကိုလှဘော် အစီအစဉ်နှင့်ပဲ လက်ကျန်ငွေ ချေခြင်း၊ ဝင်းခတ်ခြင်းနှင့် အိမ်ဆောက်ခြင်းများ ဆောင်ရွက်ကာ အဘ အမေနှင့် ကျွန်တော်တို့ မိသားစု နေထိုင်ဖို့ စီစဉ်တော့၏။ ကျွန်တော်ကတော့ ကျန်ငွေအတွက် ချေူငှားပြီး ချေစေချင်တာပေါ့။ အိမ်ကတော့ နောက် အဆင်ပြေမှပေါ့ဟု ဖြစ်ချင်သည်။ သို့သော် အဘက ငွေ၂သောင်းကို သူများကြွေး အတင်ခံဖို့ မလိုလားခဲ့ပေ။ သည်လိုနှင့် ၇၆လမ်းပေါ်က မြေကွက်ကို ငွေအကြေချေပြီး အဘပေးချေခဲ့သည့် စရံငွေ ၃သောင်းကို ကိုလှဘော်က အဘလက်ထဲ ပြန်ထည့်ကာ အိမ်ဆောက်ဖို့ စီစဉ်တော့၏။

တစ်လျား ၂နံထု အုတ်တိုက်
—————————-

ကျွန်တော်က ကိုလှဘော်ဆောက်မည့် အိမ်က ကျွန်တော်တို့ နေသာရုံ ၄ပင် ၃ခန်းပတ်လည် သွပ်မိုးထရံကာ အိမ်လောက်ပဲဟု အောက်မေ့မိသည်။ သို့သော် ကိုလှဘော်က မုံရွာက လက်သမား ပန်းရံများကိုပင် ခေါ်ယူကာ တစ်လျားနှစ်နံထု ၃ခန်း×၅ခန်း ၂ထပ်တိုက် ဆောက်ပါတော့၏။ ဝင်းထဲတွင် လက်သမားတဲထိုးကာ မုံရွာက ခေါ်လာသည့် ပန်းရံလက်သမားများက ထမင်းချက်စားပြီး တောက်လျှောက် ဆောက်တော့သည်။ ကျွန်တော်က နေ့စဉ်သွားကြည့်ပြီး လိုအပ်သည့် ဆန်ဆီငရုတ်ကြက်သွန် စသည်တို့ ပို့ပေးရသည်။ ကိုလှဘော်က ၁၀ရက်တစ်ကြိမ် ၂ညအိပ်လောက် လာနေရင်း ပစ္စည်းဝယ် လက်ခရှင်းပေးပြီး သူ့စိတ်ကြိုက် ဆောက်တော့၏။ လိုအပ်သော သစ်သားနှင့် အိမ်ဆောက်ပစ္စည်း အချို့ကိုပင် မုံရွာက ဝယ်ပြီး ကားနှင့် ပို့သည်။ သည်လိုနှင့် တိုက်ပြီးစီးတော့ ကျွန်တော်တို့လည်း အဘနှင့် အမေ နှစ်၅၀ နီးပါး နေထိုင်ခဲ့၊ သားသမီးများ မွေးဖွားခဲ့ကြသည့် စိုင်ပြွန်ရိပ်သာ ဝင်းအတွင်းက အိမ်လေးမှ ပြောင်းရွေ့ခဲ့ကြတော့သည်။ ၁၉၈၃ခုနှစ် ဇူလိုင်လမှာပေါ့။

စိုင်ပြွန်ရပ်သာ ဝင်းထဲက အိမ်လေးမှာ မမခင်လှတို့ မိသားစုပဲ ကျန်ရစ်သည်။ သူ့ကလေး ၇ယောက်နှင့် အခုမှ နေဖို့ ထိုင်ဖို့ အဆင်ပြေသွားတာပေါ့။ မုဆိုးမ ဖြစ်နေသော မမခင်မြကတော့ သူ့ကလေး အငယ် ၃ယောက်နှင့် အတူလိုက်ပါခဲ့သည်။ သူ့ကလေး အကြီးဆုံး အေးအေးဝင်းက အိမ်ထောင်ကျပြီး ညောင်ပင်ဈေး လမ်း၂၀မှာ နေရစ်သည်။ ဒုတိယသား ရဲဝင်းက သဖန်းကျောင်းမှာ ကိုရင်ဝတ်နေသည်။ ထို့ကြောင့် အငယ်၃ယောက်ဖြစ်သော မောင်ကိုဝင်း၊ မြမြဝင်း နှင့် မျိုးဝင်းတို့လည်း လိုက်ပါလာသည်။ ဟေမာဇလရပ်ကွက် ၇၆လမ်းအိမ်မှာ ရောက်တော့ တိုက်က အတော်ကျယ်ပြီး ကျွန်တော်တို့ မိသားစု အားလုံးက ၈ယောက်ပဲမို့ အပေါ်ထပ်တစ်ထပ်လုံးက လွတ်နေသည်။ ထို့ကြောင့် ကျွန်တော်တို့ အဖော်ရဖို့ ဆိုကာ မမခင်လှသမီး စန္ဒာ၊ သား ကျော်ကျော်ဝင်း၊ ကိုဉာဏ်ဝင်းသား အောင်ဇော်ထွန်း၊ ကိုကျော့်သား အောင်ထွန်းဝင်းတို့လည်း ညအိပ်လာကြသည်။ ကိုကိုစိန်လှိုင့်သား အောင်မိုးဝင်းက ရန်ကုန် စက်မှုတက္ကသိုလ် ကျောင်းပိတ်သည်နှင့် အိမ်မှာပဲ နေတော့၏။

အိမ်ရှေ့က ဆိုင်ကလေး
—————————-

၇၆လမ်းက အသစ်ပြောင်းရွေ့ကြသည့် တိုက်ကလည်း မုံရွာရှိ ကိုလှဘော် နှင့် မမခင်ရီတို့တိုက်လို သူတို့ ရွှေပန်းထိမ်နှင့် ရွှေဆိုင်နံမည် “အောင်ရတနာ” ဟု ထိပ်နဖူးစည်းမှာ ကမ္ပည်းထိုးထားသည်။ ထို့ကြောင့် ရပ်ကွက်ထဲက ကျွန်တော်တို့အိမ်ကို အောင်ရတနာတိုက်ဟုပဲ ခေါ်ကြသည်။ ပေ၄၀× ပေ၆၀ မြေမှာ တိုက်ဆောက်တော့ ရှေ့မှာ ကျုံးရေကန်နှင့် မြေလွတ်ရှိသည်။ ထိုမြေလွတ်တွင် အဘက လက်သမားဆရာ ကိုစိန်မောင်ကိုခေါ်ပြီး သွပ်မိုး လျှာထိုးပျဉ်ကာ အဆောက်အအုံလေး ဆောက်သည်။ ၈ပေပတ်လည် လောက် ရှိမှာပေါ့။ ထိုဆိုင်လေးကို ကျွန်တော်ကရေနံချေးမသုတ်ဘဲ ရေဆေး မီးခိုးရောင် သုတ်ကာ နဖူးစည်း ပတ်လည်မှာ အဖြူရောင် တန်းလေးတွေ ထောင်ပြီး ထည့်သည်။ အောက်က ၄”× ၁” ပျဉ်များခင်းထားသည်။

သို့သော် ဆိုင်လေးကို ဆောက်ရုံသာ ဆောက်ထားသော်လည်း ဘာဆိုင်ဖွင့်ရမလဲ ဆိုတာ မဆုံးဖြတ်နိုင်သေး။ နဂိုစိတ်ကူးမှာ အဘနှင့် အမေက အိမ်ဆိုင်ဖွင့်မည် စိတ်ကူးသော်လည်း အသက်အရွယ်အရရော အတွေ့အကြုံအရရော အဆင်မပြေတော့။ ထို့ပြင် အိမ်ဘေး တစ်အိမ်ကျော်မှာလည်း အိမ်ဆိုင် တစ်ဆိုင်က အခိုင်အမာရှိနေသည်။ ထို့ပြင် တစ်ပြအတွင်း အိမ်ဆိုင်တွေက တန်းစီရှိသည်။ သည်တော့ အိမ်ဆိုင် စိတ်ကူးကို စွန့်လွှတ်လိုက်ရပါပြီ။ သည်တော့ အခု ဟေမာဇလရပ်သို့ ပြောင်းလာတော့ အဘလည်း ဆီစက်မီးထိုး မလုပ်နိုင်တော့၊ အမေလည်း ဆီမရောင်းနိုင်တော့၊ ထို့အတူ ခင်သော်ဇင် ကလည်း သူ့အဖေကြီး သစ်စက်မှာ မနက်သွားညနေပြန် အလုပ်မလုပ်နိုင်တော့။

မမခင်မြကတော့ ထိုအိမ်မှနေ မနက်မလင်းမီ ပိုက်ကျုံ မာလာနွယ်ဈေးအထိ သွားကာ ကုန်စိမ်းရောင်းသည်။ သူကလည်း သူ့ကလေးတွေနှင့် မနည်းရှာဖွေနေရသည်။ အတူနေ ကလေး ၃ယောက်တွင် အကြီးဆုံး မောင်ကိုဝင်းက ပိုလီယိုရောဂါသည်မို့ အောက်ပိုင်းမသန်၊ ထို့ကြောင့် ၄တန်းနှင့် ကျောင်းထွက်ပြီး အရပ်ထဲက ပရိဘောဂ ကြိမ်ထိုးလုပ်ငန်းမှာ ပညာသင်ရင်း မုန့်ဖိုးရသည်။ နောက်တော့ ကျွမ်းကျင်သွားပြီး သူ့ဝင်ငွေက မမခင်မြအတွက် အထောက်အပံ့ ဖြစ်သည်။ အလတ်မ မြမြဝင်းကတော့ ၆တန်းရောက်ကာ ကျောင်းတက်နေဆဲ ဖြစ်သည်။ သူက စာတော်သည်။ အငယ်ဆုံး မျိုးဝင်းကိုတော့ အိမ်၏ အနောက်ဘက် ဝင်းထဲက ကလေးတစ်ယောက်က သူအလုပ်လုပ်သော ဝပ်ရှော့သို့ ခေါ်သွားပြီး ပညာသင်စေသည်။ အဘ၊ အမေနှင့် ကျွန်တော်တို့ ဇနီမောင်နှံအိုးစား ကျွန်တော်ပဲ အလုပ်ရှိနေပါ၏။ ထို့ကြောင့် ကျွန်တော်ရသည့် လခကို အဘထံ အပ်ထားပြီး အဘက တရုတ်တန်းဈေးသို့ မနက်တိုင်း ဘူတာကြီးကို ဖြတ်ကာ ဈေးဝယ်ပြီး ထမင်းဟင်းချက်သည်။ ထိုစဉ်က တစ်နေ့ ၁၅ကျပ်ဆိုလျှင် ဈေးဖိုး လုံလောက်သည်။ အဘက စီစီစစ်စစ်နှင့် ချက်တတ်တော့ ၁၅ကျပ်သည်ပင်လျှင် ပိုသေးသည်။

ထိုရပ်ကွက်တွင် ကျွန်တော်တို့ မိသားစုက နောက်မှ ရောက်သော်လည်း ရပ်ကွက်ခံများက အတော် ဖောယ်ရွေကြ၊ စောင့်ရှောက်ကြသည်။ နဂိုကတည်းက သိဟောင်းကျွမ်းဟောင်းအနေနှင့် ၂၇လမ်းပေါ်မှ ကိုစိုးနိုင်( မန္တလေးတက္ကသိုလ်) ရှိသည်။ သူက ထိုစဉ်ကာလ အရှေ့မြောက်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးမှာ ဒု ဦးစီးမှူးတာဝန် ထမ်းသည်။ သူက ကျွန်တော့်ကို ညီတစ်ယောက်ကဲ့သို့ စောင့်ရှောက်သည်။ ထို့ပြင် ထိုစဉ်က ရပ်ကွက်လူကြီးများ ဖြစ်သော ဦးလှမြင့်(ဒေဝစ္ဆရာ)၊ ဦးသန်းမြင့် စသူတို့ကလည်း အကူအညီပေးကြ၏။ အိမ်နီးချင်းမျာ းဖြစ်သော ဝပ်ရှော့ဦးစိုး၊ ဦးလှသော်၊ ဒေါ်တင်မေ မိသားစု၊ ဒေါ်တင်မြမိသားစု၊ နန်းခင်အေး မိသားစုတို့ကလည်း အမြဲဝင်ထွက်ကာ ကူညီကြသည်။

 

ဒီမှာ ဘာအလုပ်လုပ်ဖို့ စိတ်ကူးထားလဲ
———————————————-

ဤသို့ဖြင့် ဟေမာဇလမှာ တစ်လလောက် အကြာ နေသားကျလာတော့ တစ်ညနေတွင် အဘ၊ အမေနှင့် ကျွန်တော်တို့ ဇနီးမောင်နှံ အိမ်ရှေ့ ရသေ့ကျောင်းမှာထိုင်ရင်း စကားပြောဖြစ်ကြတော့ အဘ က ကျွန်တော့်ကို မင်းက ဒီဆိုင်လေးမှာ ဘာရောင်းမှာလဲ၊ ဆောက်တုန်းကဆောက်ပြီး ဘာလုပ်မှာလဲ တစ်ခုခုလုပ်တော့လေ၊ ဘာလုပ်ဖို့ စိတ်ကူးထားလဲ ဟု ငေါက်မေး မေးသည်။ အဘထံက ထိုသို့သော ရာဇသံဆန်သည့် လေသံမျိုး မကြားဖူးခဲ့။ အခု အိမ်ထောင်ကျတော့ အိမ်မှာ ပိုက်ဆံဝင်မည့် တစ်ခုခု လုပ်စေချင်သည်။ ဒီလိုနဲ့ ဆိုင်ဆောက်ထားပြီး ရည်ရွယ်ချက်မဲ့ အိရောအိရော အချိန်မကုန်စေချင်သည့် သဘောဖြစ်သည်။ အဘဆီမှာလည်း ကိုလှဘော်က ပြန်အမ်းထားသည့် ငွေ၃သောင်းကလည်း နည်းနည်းပဲ ကျန်တော့တာ ကျွန်တော်သိသည်။ ရပ်ကွက်အတွင်း အိမ်ထောင်စုဇယားပြောင်းတာ၊ ဆွမ်းလောင်းအသင်း ဝင်တာ၊ ကျုံးရေကန်ရှိသော်လည်း ရေရှည်အတွက် ရေမီတာ လျှောက်ပြီး တတ်ဆင်တာ၊ မူလ ပိုင်ရှင်ထံမှ ဂရံခွဲဖို့ ရုံးကိစ္စ ဆောင်ရွက်ရတာ ( ဒါတောင် ထိုရုံးကိစ္စများအတွက် ကိုစိုးနိုင်က အများကြီး ကူညီခဲ့သည်။ အမြတ်ခွန်ရုံးက သူ့မိတ်ဆွေ အရာရှိ ဦးကိုးမြင့်ထံ ကျွန်တော့်ကို မိတ်ဆက်ပေးပြီး စရိတ်စက ကျဉ်းကျဉ်းနှင့် ဂရံကို အမြန်ဆုံးရအောင် ဆောင်ရွက်ပေးသည်)။

ထိုထိုစရိတ်များကြောင့် အဘဆီမှာ ငွေ၃သောင်းက တတိတတိနှင့် ကုန်လုပြီ။ ထို့ကြောင့် အဘက ဝင်ငွေတစ်ခု ရဖို့ ဒီမှာ ဘာလုပ်ဖို့ စိတ်ကူးထားသလဲဟု ငေါက်မေး မေးလိုက်ခြင်း ဖြစ်သည်။ သည်တော့ ကျွန်တော်ကလည်း ခပ်တည်တည်နှင့် နဂိုကတည်းက စိတ်ကူးထားသယောင် အလုပ်တစ်ခုကို အဘအား ချက်ချင်းပြောလိုက်သည်။ သည်တော့ အဘကလည်း ဒါဖြင့် အဲ့ဒါ ဘယ်တော့လုပ်မှာလဲ ဟု ထပ်အမေးမှာ ကျွန်တော်ကလည်း မဆိုင်းမတွနှင့် အခုညမှာကို စလို့ရပါပြီ။ အဆင်သင့်ပဲ အဘ ဟု ခပ်တည်တည် ဖြေလိုက်သည်။ ထို့နောက် ရှေ့က ဆိုင်လေးထဲမှာ မီးက အဆင်သင့် မရှိသေးတော့ ဖယောင်းတိုင်တွေ ၅တိုင်လောက် ထွန်းကာ လုပ်ငန်းကို စတင်လိုက်တော့သည်။

 

ဆူးငှက်

Related posts

Leave a Comment

VOM News

FREE
VIEW