ဇွန် ၁၅ – ၂၀၂၆
SN (VOM)
“ယနေ့လူငယ်၊ နောင်ဝယ်လူကြီး” ဆိုတဲ့ ဆိုးရိုးစကားအတိုင်း နိုင်ငံတနိုင်ငံအနေနဲ့ ကြည့်မယ်ဆိုရင်တော့ ဒီနေ့ခေတ် လူငယ်တွေဟာ အနာဂတ် နိုင်ငံတော်သစ်မှာ လူကြီးတွေရဲ့နေရာကို ပခုံးပြောင်း တာဝန်ယူကြရမယ့် လူ့စွမ်းအား အရင်းအမြစ်တွေပဲ ဖြစ်ပါတယ်။
ဒါပေမယ့် ဒီနေ့၊ ဒီအချိန်မှာ အနာဂတ်မဲ့လာတဲ့ လူငယ်အများစုရဲ့ တရားဥပဒေမဲ့ လုပ်ရပ်တွေ များပြားလာခြင်းဟာ တိုင်းပြည်အတွက် ကောင်းတဲ့ အလားအလာတခုတော့ မဟုတ်ပါဘူး။ ပြစ်မှုကျူးလွန်သူ အများစုကို ကြည့်လိုက်ရင် ဆယ်ကျော်သက် လူငယ်လေးတွေ ဖြစ်နေခြင်းဟာ နိုင်ငံ့အနာဂတ်အတွက် ရင်လေးစရာအတိ ဖြစ်လို့နေပါတယ်။
ဒီကနေ့ ဆယ်ကျော်သက်လူငယ်တွေရဲ့ အနာဂတ်ဟာ စိတ်ကျန်းမာရေးပြဿနာတွေ၊ ပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်း ဆုံးရှုံးမှုတွေ၊ လူမှုရေး မတည်ငြိမ်မှုတွေကြောင့် အထူး စိုးရိမ်ဖွယ်ရာ ဖြစ်နေပါတယ်။ ခေတ်စနစ်ရဲ့ ပြောင်းလဲလာတဲ့ အခြေအနေအရ လူငယ်တွေ (အထူးသဖြင့်) ဆယ်ကျော်သက် အရွယ်လေးတွေဟာ ရေလိုက်လွဲ၊ လမ်းလွဲလာကြပါတယ်။ အတုယူမှား၊ အမြင်မှားတွေ ဖြစ်လာကြတာကို တွေ့ရပါတယ်။
မူးယစ်ဆေး သုံးစွဲတာ၊ အကြမ်းဖက်တာ၊ ခိုးဆိုးလုယက်တာတွေကစလို့ နောက်ဆုံး လူ့အသက်ကိုပါ ရန်ရှာရဲတဲ့အထိ စိတ်ပိုင်းဆိုင်ရာ ယိုယွင်းမှုတွေ ရှိလာကြတာကို စိတ်မကောင်းဖွယ်ရာ မြင်တွေ့နေရပါတယ်။ ခေတ်စနစ်ဆိုးရဲ့ လောင်းရိပ်အောက်မှာ စာရိတ္တပိုင်းဆိုင်ရာတွေ ပျက်စီးလာကြတာပါ။ မကောင်းမှုတခုကို အသက်အရွယ်နဲ့မလိုက် (တချို့ဆို) တည်တည်ငြိမ်ငြိမ်နဲ့ ကိုယ်အမူအယာ၊ နှုတ်အမူအယာ တချက်လေးမျှပင် မပျက်ဘဲ ကျူးလွန်လာကြတဲ့အထိပါပဲ။
အချင်းချင်း ရန်ဖြစ်ကြတာ၊ အားနည်းသူ ကျောင်းသား တယောက်တည်းကို အုပ်စုဖွဲ့ အနိုင်ကျင့်ကြတာဟာ ကျောင်းသားတွေတင်မဟုတ်ဘဲ ကျောင်းသူတွေပါ ပြုလုပ်လာကြတာကို စိတ်မသက်သာဖွယ် မြင်တွေ့နေရပါတယ်။ ဒီဖြစ်စဉ်တွေဟာ ကျောင်းတွင်းမှာသာမက ကျောင်းပြင်ပ၊ လမ်းမပေါ်တွေအထိပါ ပေါ်ပေါ်ထင်ထင် ဖြစ်လာနေတာပါ။
အနီးစပ်ဆုံး ဖြစ်စဉ်တွေကိုပြောရရင် အခု ဇွန်လ ဒုတိယပတ်တုန်းက ဖြစ်ပွားခဲ့တဲ့ ရန်ကုန်မြို့၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်က Grade – 6 ကျောင်းသား ရေနစ်သေဆုံးမှု၊ ပြီးခဲ့တဲ့ မေလအတွင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့မှာ ကျောင်းသူတစုက ကျောင်းသူတယောက်ကို အုပ်စုဖွဲ့ပြီး ဝိုင်းဝန်းရိုက်နှက်၊ အနိုင်ကျင့်ခဲ့တဲ့ဖြစ်စဉ်၊ ဇန်နဝါရီလအတွင်းက ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ အထက (၁) ကျောင်းမှာ ရန်ဖြစ်ရာကနေ Gread – 7 ကျောင်းသားတယောက် သေဆုံးခဲ့တဲ့ ဖြစ်စဉ်တွေကို ပြောရမှာဖြစ်ပါတယ်။ မျိုးဆက်သစ် လူငယ်တွေရဲ့ အခန်းကဏ္ဍကို နိုင်ငံတော်အစိုးရ၊ မိဘ၊ ဆရာ အစရှိတဲ့ သက်ဆိုင်ရာ တာဝန်ရှိသူတွေအားလုံး လျစ်လျူရှုမထားသင့်ဘဲ အလေးအနက်ထားဖို့ လိုအပ်နေပြီဆိုတာကို မီးမောင်းထိုးပြနေတဲ့ သာဓကတွေပဲ ဖြစ်ပါတယ်။
အဲဒီ ဖြစ်စဉ်တွေအပြင်ကိုမှ မြန်မာပြည်က မြို့နယ် အတော်များများမှာ အဲဒီလို အလားသဏ္ဍာန်တူညီတဲ့ တခြားသော ဖြစ်စဉ် မြောက်များစွာလည်း ရှိနေသေးတာ ဖြစ်ပါတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့် ဒီနေ့ခေတ်ရဲ့ မိဘ၊ ဆရာတွေအနေနဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေကို ထိန်းသိမ်း ပဲ့ပြင်နိုင်စွမ်း နည်းပါးလာတာကို တွေ့မြင်ရမှာပါ။ မြန်မာ့ပညာရေးရဲ့ အနာဂတ်၊ “အနာဂတ်ရဲ့ ကြယ်ပွင့်တွေ” တင်စား ခေါ်ဝေါ်ကြတဲ့ ကျောင်းသား၊ ကျောင်းသူ ကလေးငယ်တွေရဲ့ အနာဂတ်ဟာ အလွန့် အလွန်ကို အားဖျော့ မှေးမှိန်လာနေတာပါ။ အနုတ်လက္ခဏာဆောင်တဲ့ အနေအထားတွေပဲ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ် ဆိုတာဟာ ကလေးတယောက်အတွက် ခန္ဓာကိုယ်ရော၊ ခံစားချက်တွေရော ဖွံ့ဖြိုးလာတဲ့အချိန်ပါ။ ဒီလို ကလေးတယောက်အတွက် သူ့ရဲ့ အိမ်၊ ကျောင်းနဲ့ ပတ်ဝန်းကျင်မှာ ကောင်းမွန်တဲ့ အခြေအနေတခု ဖန်တီးပေးနိုင်ဖို့ အင်မတန်ကိုမှ လိုအပ်လှပါတယ်။ ဒီနေရာမှာ မိဘ၊ ဆရာသမား၊ အုပ်ထိန်းသူတွေရဲ့ နည်းလမ်းမှန်ကန်တဲ့၊ စနစ်ကျတဲ့ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမှု၊ ကာကွယ်ပေးမှုတွေက သိပ်ကို အရေးကြီးတယ်လို့ စိတ်ကျန်းမာရေး အထူးကုဆရာဝန်ကြီး ဒေါက်တာရှင်ရှင်မွန်က ပြောပါတယ်။
“ဆေးပညာအရဆို အသက် ၁၈ နှစ်ပြည့်မှ အရွယ်ရောက်တာပေါ့။ အသက် ၁၈ နှစ် မပြည့်ခင်မှာ သူတို့ဘာသာသူတို့ ဆုံးဖြတ်ခွင့် သိပ်ပြီးတော့ မပေးသင့်ဘူး။ ရွေးချယ်ခွင့်ပဲ ပေးသင့်တယ်။ အဲဒီလို ရွေးချယ်ခိုင်းတဲ့နေရာမှာလည်း ဘယ်အရာက မှားတယ်၊ မှန်တယ် ဆိုတာကို ဒေါသမပါဘဲ သူတို့နားလည်အောင် ရှင်းပြပေးဖို့လိုတယ်။ အပြင်ကို တယောက်တည်း သွားချင်တာတွေက ဘယ်လို အန္တရာယ်တွေဖြစ်တတ်တယ်။ အဲဒီလို ဖြစ်လာရင် ဘယ်လိုလုပ်ရမယ်၊ ပြင်ဆင်ပုံ၊ တုံ့ပြန်ပုံနဲ့ ကာကွယ်ရမယ့် နည်းလမ်းတွေ၊ လွတ်အောင် လုပ်ရမယ့် နည်းလမ်းတွေကို နားဝင်အောင် ပြောပြထားသင့်တယ်။ သူတို့ကို ခန္ဓာကိုယ်ကြီး ကြီးလာရုံတင်မကဘူး၊ အသိဉာဏ်ပါ ကြီးလာအောင် လုပ်ပေးရမှာပါ” လို့ ဒေါက်တာရှင်ရှင်မွန်က ပြောပါတယ်။
အသက် ၁၈ နှစ်အောက် ကလေးတွေကို အသိဉာဏ်ကြီးလာအောင် လုပ်ပေးရမှာက အဲဒီကလေးတွေရဲ့ ပတ်ဝန်းကျင်မှာရှိတဲ့သူတွေဟာ စေတနာ၊ မေတ္တာရှိတဲ့သူ၊ အတွေ့အကြုံရှိတဲ့၊ ပညာဗဟုသုတ လေ့လာထားတဲ့သူတွေ ဖြစ်သင့်တယ်လို့ ဆိုပါတယ်။ ကလေးတယောက် အသိဉာဏ်ကြီးလာအောင်၊ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင်၊ အားလုံးက ဝိုင်းဝန်းပြီး ချော့တခါ၊ ခြောက်တလှည့်နဲ့ ပညာပေး၊ လမ်းပြပေးရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။
“ခြောက်တယ်ဆိုတာကလေ တချို့ကလေးတွေကကျတော့ ခြောက်တော့မှ သူတို့ရဲ့ တုံ့ပြန်မှုက နိုးကြားသွားတာ။ ကောင်းကောင်းပြောနေရင် သူတို့ နားတော့ဝင်ပေမယ့်၊ ကြောက်စရာလေးတွေကိုလည်း ပြောပြရမယ်။ ဒီနေရာမှာ သူတို့ စိတ်ဒဏ်ရာမရအောင်၊ အရမ်းကြီးလည်း လန့်မသွားအောင် ပညာသားပါပါနဲ့ ပြောပြနိုင်ရမယ်။ ကြောက်စရာကောင်းတာတွေ လောကကြီးမှာ ရှိတယ်ဆိုတာကို နည်းနည်းချင်းစီ နားဝင်အောင် ပြောပြထားရမှာပေါ့” လို့ သူက ပြောပါတယ်။
သဘာဝဘေးအန္တရာယ်တွေ၊ မကောင်းတဲ့ မသမာတဲ့သူတွေရဲ့ ဘေးအန္တရာယ်တွေ၊ ကလေးအနားမှာရှိနေတဲ့ သူ့အပေါ် မလိုမုန်းထားဖြစ်နေတဲ့ သူငယ်ချင်းတွေ၊ အသိဉာဏ် မရှိတဲ့သူတွေ၊ ပြိုင်ဆိုင်နေတဲ့သူတွေ၊ ဒါမျိုးတွေကိုလည်း လေ့လာ၊ သုံးသပ်ပြီး ကလေးကို အသိပေး ရှင်းပြ၊ ပြောပြထားရမှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။ အမှန်တကယ် ပေါင်းသင်းသင့်သူနဲ့ ရှောင်သင့်တဲ့သူကို ခွဲခြားသိမြင်နိုင်ဖို့ လမ်းညွှန်၊ တည့်မတ်ပေးရမှာဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးတွေဟာ အသက် ၁၈ နှစ် မပြည့်ခင်မှာ သူတို့ရဲ့အိမ်က လူကြီးမိဘနဲ့ ဆရာသမားတွေ ပြောစကားကို အကောင်းမြင်စိတ် အလွန် နည်းပါးတတ်တယ်လို့ ဆိုပါတယ်။ လူကြီးမိဘတွေရဲ့ ဆုံးမပဲ့ပြင်မှုတွေနဲ့ ပတ်သက်ပြီး အဲဒီပြောဆိုချက်တွေနဲ့ ဆန့်ကျင်ဘက်အရာတွေကိုသာ အဓိက လုပ်ဆောင်တတ်ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် ကလေးရဲ့ ဘေးပတ်ဝန်းကျင်မှာ ရှိနေတဲ့ မိသားစုဝင်တွေ၊ အုပ်ချုပ်သူတွေအနေနဲ့ ဒီအရွယ် ကလေးတယောက်မှာ ဖြစ်ပေါ်တတ်တဲ့ စိတ်ခံစားချက်တွေကိ သိရှိနားလည်အောင် လုပ်ဖို့လိုပြီး၊ လူကြီးတွေအနေနဲ့ ဗဟုသုတတွေ များစွာရှိနေအောင် လေ့လာထားရမှာဖြစ်တယ်လို့ သူက ပြောပါတယ်။
လူကြီးတွေအနေနဲ့ ကလေးတွေရဲ့ ‘ဆိုက်ကို’ (Psycho) စိတ်ခံစားချက် အခြေအနေကို ကောင်းစွာသိရှိ၊ နားလည်အောင် လုပ်ထားရမှာဖြစ်ပြီး သူတို့ရဲ့တွေ စိတ်မွန်းကျပ်နေလား၊ လျှောက်ထွက် သွားချင်နေလား၊ သူတို့ကိုယ်သူတို့ နာကျင်အောင် လုပ်ချင်နေလား၊ သေချင်လောက်အောင်အထိ ဖြစ်နေလား၊ သူတို့နားကလူတွေကိုရော နာကျင်အောင် လုပ်ချင်နေလား၊ သတ်ချင်တဲ့အထိ လုပ်ချင်နေတာလား ဆိုတာတွေကို သိအောင် လေ့လာ နေရမှာဖြစ်တယ်လို့ ဒေါက်တာရှင်ရှင်မွန်က ပြောပါတယ်။ ကလေးတွေမှာ ဒေါသကို ထိန်းနိုင်တဲ့စိတ်တွေ၊ စိုးရိမ်သောကတွေကို ထိန်းနိုင်တဲ့ စိတ်တွေ နည်းပါးမှု ရှိ၊ မရှိကို သိအောင်ပြုလုပ်ပြီး နေ့ဓဒူဝ တည့်မတ်ပေးနေရမယ်လို့ သူက ပြောပါတယ်။
“အဲဒါကလည်း တရက်တည်း၊ တထိုင်တည်း ပြောလို့မရဘူး။ ထမင်းစားခါစ ကလေးကို ထမင်းလုပ် အကြီးကြီးတွေ၊ အသားတုံး အကြီးကြီးတွေ မချေဘဲ ကျွေးလို့ မရသလိုပေါ့။ ကျေညက်အောင် ကြိတ်ချေပြီးတော့မှ နည်းနည်းချင်း ကျွေးရသလိုပါပဲ။ ဆယ်ကျော်သက်တွေကို ဗဟုသုတ ပေးတဲ့အခါမှာလည်း အားလုံးကဝိုင်းပြီး တယောက်တမျိုး၊ ပါးပါးလေးနဲ့ နည်းနည်းချင်းစီ ပေးရမယ်။ အဲဒီလို သင်တဲ့အခါမှာလည်း သူတို့ရဲ့ ကောင်းတဲ့၊ တော်တဲ့ အရည်အချင်းတွေ၊ အစွမ်းအစတွေ၊ သူတို့ကျေနပ်မယ့် အရာလေးတွေ အရင်ပြောရတာပေါ့။ လူတယောက်ကို ဆူတော့မယ်ဆိုရင် မင်းမှာ ကောင်းတဲ့အချက်၊ တော်တဲ့အချက်တွေ အများကြီးရှိတယ်၊ အဲဒါတွေကိုလည်း ငါတို့သိတယ်။ အသိမှတ်ပြု၊ လေးစားတယ်။ ဒါပေမယ့် နည်းနည်းလိုအပ်တဲ့ အချက်လေးတခုကို ပြောမယ်၊ ဆွေးမယ်ဆို လက်ခံမလား၊ ပြောကြမလား၊ ကိုယ့်ရဲ့ အားနည်းချက်ကိုရော သိချင်လား ဆိုပြီး ဒီလိုမျိုး အပျိုးလေးနဲ့ ပြောရမယ်” လို့ သူက ပြောပါတယ်။
လူငယ်တွေရဲ့ သဘောသဘာဝက အမိန့်ပေး၊ အော်ဟစ်ကြိမ်းမောင်းတာတွေကို မကြိုက်ကြဘူးလို့ ဆိုပါတယ်။ ဘာရယ်မဟုတ်တဲ့ စကားလေးတခွန်းက သူတို့အတွက် စိတ်နာကျင်စရာ အကြီးကြီး ဖြစ်သွားတတ်ပြီး အငြိုးကြီးတာ၊ အိမ်ကနေ ထွက်ပြေးတာ၊ အပြင်လူတွေကို ပိုပြီး ယုံကြည်သွားတတ်တာတွေ ဖြစ်လာတတ်တယ်လို့ သူက ပြောပါတယ်။ အဲဒီလို ပြဿနာတွေက စိတ်ပြဿနာအဆင့်ကနေ စိတ်ရောဂါအဆင့်ကို တက်လှမ်းသွားတတ်တယ်လို့ ဆိုပါတယ်။
ဒါအပြင် လက်ကိုင်ဖုန်းတွေရဲ့ ဆိုးကျိုးတွေအရလည်း ဒီနေ့ခေတ် လူငယ်တွေရဲ့ စိတ်ခံစားချက်တွေကို ပြောင်းလဲလာစေတယ်လို့ သူက ပြောပါတယ်။ ဒီနေရာမှာ ဖုန်း၊ လက်ပ်တော့၊ ကွန်ပျူတာ စသဖြင့် အလင်းရောင်ထွက်တဲ့ အရာမှန်သမျှနဲ့ ကြာကြာနေတဲ့ လူမှန်သမျှ ပါဝင်တယ်လို့ သူက ပြောပါတယ်။ အဲဒီ အလင်းရောင်တွေက မျက်လုံးကတဆင့် ဦးနှောက် အာရုံကြောတွေကို အားနည်းလာစေတယ်လို့ ဆိုပါတယ်။
“ဖုန်းမှမဟုတ်ဘူး။ ဒါရိုက် အလင်းရောင်ထွက်တဲ့အရာ မှန်သမျှ အာရံုကြောကိုထိတယ်။ စာအုပ်ဖတ်မယ်ဆိုရင်တော့ စာရွက်တွေက အလင်းရောင် မထွက်ဘူးပေါ့။ အလင်းရောင်ထွက်တဲ့ ပစ္စည်းမှန်သမျှနဲ့ အချိန်ဖြုန်းနေမယ်ဆို ဦးနှောက်အာရုံကြော အားနည်းတဲ့အပြင်၊ ဦးနှောက်ထဲမှာ ရှိနေရမယ့် ဓာတ်တွေ မပြည့်တော့ဘူး။ အိပ်ရမယ်၊ နားရမယ် ဆိုတဲ့အချိန်မှာ မအိပ်၊ မနားဘူး။ ကိုယ်လက်လှုပ်ရှားမှု မရှိဘူး။ အချင်းချင်း ရယ်ရယ်မောမော ပျော်ပျော်ရွှင်ရွှင် ကောင်းတဲ့စိတ်တွေနဲ့ မနေဘူးဆိုရင် ဦးနှောက်ထဲမှာ ကောင်းတဲ့ဓာတ်တွေ နည်းလာပြီး အာရုံကြောရောဂါတွေ ဖြစ်လာတယ်” လို့ ဒေါက်တာရှင်ရှင်မွန်က ပြောပါတယ်။
နောက်တခုက ဆယ်ကျော်သက်အရွယ် ဆိုတာဟာ အတုမြင်၊ အတတ်သင်တဲ့အရွယ်ဖြစ်ပြီး သူတို့မှာရှိတဲ့ ဉာဏ်စွမ်းရည်အရ အကောင်း၊ အဆိုး ခွဲခြားနိုင်စွမ်းရှိတဲ့ ဉာဏ်ရည်သက် မပြည့်သေးဘူးလို့ သိရပါတယ်။ ဘယ်လောက်ပဲ တော်နေပါစေ၊ အသက် ၁၈ နှစ် မပြည့်သေးခင် လူကြီးတယောက်လို သတ်မှတ်လို့ မရသေးဘဲ တယောက်ယောက်ရဲ့ အကြံဉာဏ်ပေး၊ စီမံအုပ်ချုပ်မှုတွေ လိုအပ်နေတဲ့အရွယ် ဖြစ်တယ်လို့ သိရပါတယ်။
မြန်မာပြည်ရဲ့ လက်ရှိအခြေအနေက ကလေးတွေနဲ့ ကလေးကြီးတွေကို လူကြီးမပါဘဲ လွှတ်ထားလို့ လုံးဝ မသင့်လျော်ဘူးလို့ မိဘတယောက်က ပြောပါတယ်။ လက်ရှိ တိုင်းပြည်ရဲ့ အနေအထားတွေကိုလည်း သေသေချာချာ ပြောပြထားသင့်တယ်လို့ ဆိုပါတယ်။ စကားပြောတာ၊ သွားတာလာတာကအစ ဘာကိုပဲလုပ်ဆောင်ပါစေ၊ သတိလေးနဲ့ ဆင်ခြင်တတ်အောင် လက်ရှိအခင်းအကျင်းရဲ့ ရှုပ်ထွေးနေတဲ့ လူပေါင်းစုံတွေအကြောင်းကို လူတန်းစား အလွှာအလိုက် ပြောပြထားဖို့လိုတယ်လို့ သူက ပြောပါတယ်။
“ကိုယ်တွေလည်း သားသမီး ရှိတာပဲ။ ခုချိန်ထိ ကိုယ်မပါတဲ့ ဘယ်လောက် နီးနီး နေရာကိုမှ ဘယ်သူနဲ့မှ မလွှတ်ဘူး။ ကိုယ့်လောက် ဘယ်သူမှ ကလေးအပေါ် ထောင့်စေ့နိုင်မယ်၊ အန္တရာယ်နဲ့ ဟာကွက်တွေကို ကြိုမြင်နိုင်မယ် မထင်လို့။ ကလေး ကျောင်းကပြန်လာတာနဲ့ အထုပ်ချပြီး ပထမဆုံး ပြောတာ စာရ၊ မရ ကိစ္စ မဟုတ်ဘူး။ ကျောင်းမှာ ဖြစ်ခဲ့သမျှ အကုန် စကားထိုင်ပြောကြတယ်။ မူကြိုကတည်းကနေ ခုအရွယ်ထိ အမြဲပြောကြတယ်။ သိချင်လို့၊ ကိုယ်မရှိတဲ့ ကာလနောက်ကွယ်မှာ ကလေးက ဘယ်သူတွေနဲ့ တွေ့ခဲ့လဲ၊ ပေါင်းနေတာ ဘယ်လို လူတွေလဲ၊ ဘာကိစ္စတွေ ဖြစ်ခဲ့လဲ အမြဲ သိနေချင်လို့။ အဲဒီလိုအကြောင်းတွေကို နေ့တိုင်း အချိန် တခုထားပြီး ရအောင် ပြောကြတယ်။ ကိုယ်ရည်သွေးတာလည်း မဟုတ်ဘူးနော်။ ဘေးကင်းလုံခြုံဖို့က ပထမဦးစားပေးမို့” လို့ သူက ပြောပါတယ်။
မြန်မာနိုင်ငံဟာ ပြစ်မှုကျူးလွန်မှုတွေမှာ ကလေးငယ်တွေ ပါဝင်ပတ်သတ်မှု အများအပြားရှိနေတဲ့ နိုင်ငံတနိုင်ငံ ဖြစ်တယ်လို့ သိရပါတယ်။ ပြုပြင် ထိန်းသိမ်းရေးကျောင်းကို ရောက်သွားကြတဲ့ ကလေးတွေဟာ လူအဖွဲ့အစည်းကို ဒုက္ခပေးလို့ ဆိုတာထက် လူ့အဖွဲ့အစည်းကပေးတဲ့ ဒုက္ခကြောင့် ရာဇဝတ်သား ဖြစ်လာကြသူတွေ ပိုများတယ်လို့ တရားလွှတ်တော် ရှေ့နေတယောက်က ပြောပါတယ်။
ကလေးဆိုတာဟာ အပြစ်မဲ့ပြီး ရိုးသားဖြူစင်ပါတယ်။ ပြည့်စုံကောင်းမွန်တဲ့ အနာဂတ်တခုကို ဖန်တီးပေးနိုင်ဖို့ မျှော်လင့်ချက်ကြီး တခုလည်း ဖြစ်တယ်။ အခုချိန်မှာ ဘာမှမသိနားမလည်သေးတဲ့ ကလေးတွေကို ငယ်ရွယ်နုနယ်တုန်း ပြုပြင်လို့ အလွယ်ကူဆုံး အချိန်မှာ ကိုယ်လိုသလို ပြုပြင်ပုံသွင်းယူနိုင်ပါတယ်။
ကလေးတွေက အနာဂတ်ရဲ့ သားသမီးကောင်းတွေ ဖြစ်လာနိုင်သလို အနာဂတ်ရဲ့ ကြယ်ပွင့်လေးတွေလည်း ဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရှင်သန်ကြီးပြင်းရာ ပတ်ဝန်းကျင်တခုကနေ သူတို့ဘ၀ ဖြတ်သန်းမှုအတွက် သင်ယူတာဖြစ်တဲ့အတွက် ကလေးတယောက်ရှင်သန်ရာ ပတ်ဝန်းကျင်ကလည်း သိပ်ကိုအရေးကြီးပါတယ်။
လူငယ်ဆိုတာ နိုင်ငံတော်အတွက် အလွန်တန်ဖိုးကြီးမားတဲ့ လူသားအရင်းအမြစ်ပါ။ မြန်မာနိုင်ငံမှာလူငယ်အရေအတွက် အလွန်ပဲ များပြားလှပါတယ်။ ဒီလိုများပြားလှတဲ့ လူငယ်တွေဟာ စွမ်းရည်အပြည့်အဝ ထုတ်သုံးနိုင်တဲ့ အင်အားရှိသူတွေပဲ ဖြစ်ပါတယ်။ ဒီလူငယ်တဦးစီရဲ့ ကြိုးစားအားထုတ်မှုတွေဟာ သူ့အတွက်သာ အကျိုးရှိတာမဟုတ်ဘဲ သူ့မိသားစုအသိုင်းအဝိုင်းနဲ့ နိုင်ငံတော်အထိ အကျိုးရှိစေနိုင်ပါတယ်။
လူငယ်တွေကြိုးစားမှုကြောင့် မြင့်မားတဲ့အနာဂတ်ကို ရရှိပိုင်ဆိုင်နိုင်ရင် ရေမြင့်တော့ကြာမြင့်လာသလို နိုင်ငံတော်လည်း တိုးတက်လာမှာ မလွဲဧကန်ပါပဲ။ ဒါ့ကြောင့် လူငယ်တွေရဲ့ အနာဂတ်ကောင်းမွန်ဖို့၊ လှပဖို့ အားလုံးဝိုင်းဝန်းပြီး အထူးပဲ ကြိုးစားကြဖို့ အရေးကြီးလှပါကြောင်း အသိပေး ရေးသားလိုက်ရပါတယ်။
Photo – CJ
