ပဲခူးမြို့ ဆန္ဒပြမှုမှာ ပစ်ခတ်ဖြိုခွင်းလို့ လူ နှစ်ဦးသေဆုံး၊ ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရ

မတ် ၁ -၂၀၂၁
ကောင်းလက်ျာ(VOM)

ပဲခူးမြို့နယ်၊ ဘူတာကုန်းကျော်တံတားနဲ့ မြစ်ကူးတံတားအနီး ဆန္ဒဖော်ထုတ်သူတွေကို ဖေဖော်ဝါရီ၂၈ ရက် မနက်ပိုင်းက ပစ်ခတ်ဖြိုခွင်းမှုတွေ ပြုလုပ်ခဲ့ရာ အမျိုးသားနှစ်ဦးသေဆုံးပြီး ဆယ်ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့တယ်လို့မြို့ခံတွေကနေ စုံစမ်းသိရှိရပါတယ်။

” သုံးဦးသေဆုံးတယ်လို့ သတင်းတွေဖြစ်နေပေမယ့် အမှန်တကယ်က နှစ်ဦးသာ သေဆုံးပါတယ်။ ထိခိုက် ဒဏ်ရာရသူ‌ ဆယ်ဦးလောက်ရှိပေမယ့် စိုးရိမ်ရတဲ့လူ မရှိဘူး”လို့ ပဲခူးမြို့ခံ ဦးသန်းဝင်းနိုင်ကပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့တွေပစ်ခတ်ခဲ့လို့ သေဆုံးသူနှစ်ဦးဟာ ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ဒိုဘီ ၁ လမ်းနေ ကြည်လှိုင်မင်း (ခေါ်) ဂေါင်းကြီး(၁၈ နှစ်)နဲ့ ဇိုင်းမြောက်ရပ်ကွက်နေ စည်သူစိုး (ခေါ်)ကိုစိုး (၁၇ နှစ်)တို့ဖြစ်ပြီး ဦးခေါင်းနေရာနဲ့လည်ပင်းနေရာတွေကို ကျည်ထိမှန်
သေဆုံးခဲ့တာဖြစ်တယ်လို့ မြို့ခံလူမှုကူညီရေးအဖွဲ့တွေကနေ သိရပါတယ်။

သေနတ်ထိမှန်လို့ အမျိုးသားနှစ်ဦး သေဆုံးခဲ့သလို အမျိုးသားတစ်ဦးလည်း စိုးရိမ်ဖွယ်အခြေအနေရှိနေတယ်လို့ ပဲခူးမြို့နယ် ပြည်သူ့ဆေးရုံမှ မှုခင်းဆရာဝန်တစ်ဦးရဲ့ပြောပြတဲ့အကြောင်း ပဲခူးမြို့ခံ သတင်းသမားတစ်ဦးက ပြောပါတယ်။

သေနတ်ကျည်ထိမှန်သေဆုံးခဲ့သူ လူငယ်နှစ်ဦးကို မတ် ၂ ရက်နေ့ မွန်းလွဲပိုင်းခန့်မှာ ဆင်ဖြူကွင်းသုသာန်ကို ပို့ဆောင်မီးသင်္ဂြိုလ်မှာဖြစ်ပြီး ပဲခူးမြို့အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြနေကြတဲ့ သပိတ်စစ်ကြောင်းတွေဟာ လူသေဆုံးမှုတွေရှိခဲ့ပေမယ့် မတ်လ ၁ ရက်နေ့မှာလည်း ဆက်လက်ချီတက် ဆန္ဒဖော်ထုတ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဓါတ်ပုံ-သန်းဝင်းနိူင်
#voiceofmyanmar #VOM #ပဲခူး

Related posts

Leave a Comment

VOM News

FREE
VIEW