ပြည်မြို့ဆန္ဒပြလူထုထဲမှာ လက်နက်တွေနဲ့ အရပ်ဝတ်ရဲတစ်ဦးကို လူထုက ဖမ်းဆီးရမိ

မတ် ၄-၂၀၂၁
VOM

ပြည်မြို့၊ ခေတ္တရာရပ်ကွက်မှာ ဒီနေ့ မတ်လ ၄ရက်နေ့ မနက်ပိုင်းက ဆန္ဒပြနေတဲ့ ပြည်သူတွေအကြား အရပ်ဝတ်လူတစ်ဦးကိုဖမ်းဆီးပြီး စစ်ဆေးရာ ရဲတပ်ဖွဲ့ဝင်တစ်ဦး ဖြစ်နေတယ်လို့ သိရပါတယ်။

ဖမ်းဆီးရမိထားတဲ့လူ လွယ်ထားတဲ့အိတ်ထဲမှာ စမတ်ဖုန်း ၃ လုံး၊ ဒါးမြှောင်တချောင်း၊ လောက်လေးခွတစ်လက်၊ အဆစ်ပါသံတုတ်တစ်ချောင်း၊ ရဲကော်လံတံဆိပ်တစ်စုံ၊ ရဲဝန်ထမ်းကဒ်၊ မှတ်ပုံတင်တခုနဲ့ ATM ကဒ်တခု တွေ့ရှိခဲ့တယ်လို့သိရပါတယ်။

“သူ့ကိုသပိတ်စစ်ကြောင်း နောက်လိုက်လာတာတွေ့လို့ မေးကြည့်တာ ဒီနားကအသိအိမ်ကိုလာတယ်ပြောတယ်။ နောက်ကထပ်လိုက်လာပြီး ဖုန်ဆက်နေတာတွေ့လို့ ကျနော်တို့စစ်ဆေးကြည့်တော့ သူ့လွယ်ထားတဲ့အိတ်ထဲကနေ ရဲကဒ်နဲ့ လက်နက်တွေတွေ့တာပါ” လို့ မျက်မြင်တွေ့ရှိသူတဦးက ပြောပြပါတယ်။

ရပ်ကွက်နေပြည်သူတွေရဲ့ ဖမ်းဆီးစစ်ဆေးမေးမြန်းမှုအရ ဖမ်းဆီးခံထားရတဲ့ ရဲဝန်ထမ်းဟာ ပြည်မြို့ အမှတ် ၃ နယ်မြေရဲစခန်းက ရဲဝန်ထမ်းတစ်ဦးဖြစ်တယ်လို့သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ရဲဝန်ထမ်းက “ကျနော်ကအခုကိစ္စနဲ့ ပတ်သက်ပြီးတော့ လာတာမဟုတ်ဘူး။ ကိုယ့်ဟာကို လာတာ။ လမ်းတွေပိတ်နေလို့ ကွေ့ပတ်သွားနေရတာ။ အဲဒီမှာ ဆရာကဖုန်းခေါ်ထားလို့ ပြန်ခေါ်တာပါ” လို့ ဆိုပါတယ်။

ဒီကနေ့ ဆန္ဒပြမှု လုပ်နေချိန် ဆန္ဒပြသူတွေနောက်မှာ လိုက်ပါလာတဲ့ မသင်္ကာဖွယ်ရာ အရပ်ဝတ်လူသုံးဦးကို တွေ့ရတာကြောင့် မေးမြန်းစဉ် လူ ၂ ဦးက ထွက်ပြေးသွားခဲ့ပြီး Click အမျိုးအစား အဖြူအနက်စပ် ဆိုင်ကယ်တစီးနဲ့အတူ လူတစ်ဦးကိုတော့ ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

#VoiceOfMyanmar #VOM #ပြည် #ဆန္ဒပြပွဲ #အရပ်ဝတ်ရဲ #ဖမ်းမိ

Related posts

Leave a Comment

VOM News

FREE
VIEW