ဘောဂလိမြို့ဆန္ဒပြပွဲ KNU တပ်မဟာ ၂ လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူ

မတ် ၉-၂၀၂၁
KLY(VOM)

ကရင်ပြည်နယ်မြောက်ပိုင်း၊ သံတောင်ကြီးမြို့နယ်၊ ဘောဂလိမြို့ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြပွဲကို ဒီနေ့ မတ်လ၉ရက်နေ့ မနက် ၉ နာရီလောက်က ပြုလုပ်ခဲ့ရာမှာ KNU တပ်မဟာ ၂ တပ်ဖွဲ့ဝင်တွေက လက်နက်အပြည့်အစုံနဲ့ လာရောက်စောင့်ရှောက်ပေးခဲ့တယ်လို့ ကေအဲန်ယူတပ်မဟာ ၂ တပ်မဟာမှူး ဖထီးဒဲလ်ဖိုးကနေ သိရပါတယ်။

ကေအဲန်ယူတပ်မဟာ ၂ တပ်မဟာမှူး ဖထီးဒဲလ်ဖိုးက “ကေအဲန်ယူဗဟိုရဲ့ သဘောထားလို့လည်း ပြောလို့ရပါတယ်။ နောက်တစ်ခုပြောရမယ်ဆို ကိုယ့်လူထု ကိုယ့်ပြည်နယ်ကို စောင့်ရှောက်တာလို့လည်း ပြောချင်ပါတယ်” လို့ ပြောပါတယ်။

ဘောဂလိဒေသခံပြည်သူတွေ၊ ကရင်တိုင်းရင်းသားတွေ စုစုပေါင်း ၁၀၀၀ နီးပါးလောက်ဟာ အာဏာရှင်စနစ်အလိုမရှိ၊ ဖမ်းဆီးခံနိုင်ငံရေးသမားတွေ ပြန်လွှတ်ပေးရေးနဲ့ အနိုင်ရပါတီကို အာဏာပြန်ပေးဖို့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ကာ ကြွေးကြော်သံတွေနဲ့ စီတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။

သံတောင်ကြီးမြို့နယ် ဘောဂလိမြို့မှာ ဖေဖော်ဝါရီ ဒုတိယအပတ်လောက်ကတည်းက အာဏာရှင်စနစ် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ခဲ့ပေမယ့် ဦးဆောင်သူအချို့ကိုပုဒ်မ ၅၀၅(ခ)၊ ဘေးစီမံအက်ဥပဒေတွေနဲ့ဖမ်းဆီးတရားစွဲဆိုမှုတွေ ပြုလုပ်ခဲ့ပြီးနောက် ဆန္ဒဖော်ထုတ်မှုတွေ အရှိန်လျော့ကျသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ကရင်ပြည်နယ်နဲ့ တနင်္သာရီတိုင်းအတွင်း မြို့နယ်အချို့မှာလုပ်တဲ့ အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြပွဲတွေမှာ KNU တပ်မဟာတွေက လက်နက်အပြည့်အစုံနဲ့ လုံခြုံရေးယူပေးခဲ့တာတွေရှိပြီး အဲ့ဒီဆန္ဒပြပွဲတွေကို မြန်မာရဲတပ်ဖွဲ့၊ စစ်တပ်တွေက ဖြိုခွဲတာမျိုး မတွေ့ရပါဘူး။

#voiceofmyanmar #VOM #ဘောဂလိမြို့ #ဆန္ဒပြပွဲ #KNU #တပ်မဟာ၂ #လုံခြုံရေးယူ

Related posts

Leave a Comment

VOM News

FREE
VIEW