မတ္ထရာ စကျင်ရွာမှ လူ(၄၀)ကျော် ဖမ်းဆီးခံရ

မတ်-၂၁ -၂၀၂၁
ZMH

မန္တလေးတိုင်း မတ္တရာမြို့နယ် စကျင်ကျေးရွာမှာ မေလ ၂၁ နေ့မနက် ၁၁ နာရီခန့်က စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက စကျင်ရွာသား(၄၀)ဦးလောက်ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ရွာသားတွေက ပြောပါတယ် ။

“စကျင်ရွာမှာ ညသပိတ်လုပ်တာအပြင် လက်လုပ် လေသေနတ်လုပ်တယ်ဆိုပြီး သတင်းအမှားပေးခံရတာကြောင့် အဲဒီသတင်းပေးခံရတဲ့အိမ်က ယောင်္ကျားမမိလို့ သူ့အမျိုးသမီးကိုဖမ်းသွားတယ်” လို့ ဒေသခံတယောက်က ပြောပါတယ်။

ရွာအဝင်ထိပ်မှာ ရွာဦးကျောင်း ဆရာတော်အပါအဝင် ရွာသားတွေက မေတ္တာရပ်ခံ တားမြစ်ကြပေမယ့် ပစ်ခတ်ဖြိုခွဲပြီး ဖမ်းဆီးခဲ့တာလို့ ရွာသားတွေက ပြောပါတယ် ။

နေအိမ်တွေကိုတခါးတွေရိုက်ချိုးဖျက်ဆီးပြီး ဖမ်းဆီးခဲ့တာဖြစ်ပြီးcdmလှုပ်ရှားမှုမှာပါဝင်တဲ့ စကျင် ကျေးရွာ အထက ကျောင်းက အလယ်တန်းပြဆရာမတဦးကိုလည်း ရိုက်နှက်ဖမ်းဆီး ခေါ်ဆောင်သွားခဲ့တယ်လို့လည်း မျက်မြင်တွေ့ရှိရတဲ့ရွာသားတွေက ပြောပါတယ် ။

” ဒီရွာက အလယ်တန်းပြဆရာမတယောက်ကို ရိုက်နှက်ပြီးခေါ်သွားတယ် ။ ဖမ်းထားတဲ့ လူတွေကိုလည်း မှောက်လျားထိုးခိုင်းထားတယ်။ သူတို့ဖုန်းထဲက ဓါတ်ပုံတွေ ကြည့်ကြည့်ပြီး ရွာသားတွေကို အိမ်တွေထဲအထိ တံခါးတွေ ကန်ဖွင့်ပြီး ဝင်ဖမ်းတာ “လို့ စကျင်ရွာသားတဦးက ပြောပါတယ် ။

လူပေါင်း(၄၀)လောက်ကို ဖမ်းဆီးရာမှာ သေဆုံးမှုတွေ မရှိပေမဲ့ သူတို့ကို ဖမ်းဆီးတဲ့နေရာတွေမှာတော့ သွေးကွက်တွေ အမြောက်အများ ကျန်နေတာကို တွေ့ခဲ့ရတာကိုကြည့်ရင် ဒဏ်ရာရရှိသူတွေအများအပြားရှိနိုင်တယ်လို့လည်း ရွာသားတွေက ပြောပါတယ် ။

#voiceofmyanmar #VOM #မတ္တရာ #စကျင်ရွာ

Related posts

Leave a Comment

VOM News

FREE
VIEW