ကိုဗစ်ကြောင့် တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ သောင်တင်နေတဲ့ မြန်မာကုန်တင်ကားတွေအတွက် ဂိတ်ပေါက် ခေတ္တဖွင့်

ဧပြီလ ၁၁၊ ၂၀၂၁
Shayi Viloin (VOM)
တရုတ်နိုင်ငံ ကျယ်ဂေါင်မှာ ဧပြီလဆန်းကတည်းက သောင်တင်နေခဲ့တဲ့ မြန်မာကုန်တင်ကားတွေအတွက်၊ ဧပြီလ ၁၁ ရက်နေ့ မနက်ပိုင်းက မန့်ဝိန်း ဂိတ်ပေါက် ခေတ္တဖွင့်ပေးတယ်လို့ မူဆယ် ယာဥ်ထိန်း တပ်ဖွဲ့ထံက သိရပါတယ်။
ရွှေလီမြို့မှာ Covid – 19ရောဂါ ပိုးတွေ့တဲ့ ဧပြီလ ၁ ရက်နေ့က စလို့ မြန်မာ – တရုတ် နှစ်နိုင်ငံ အဓိက ကုန်သွယ်စီးဆင်းရာ အဝင်၊ အထွက် နယ်စပ်ဂိတ်ပေါက် တစ်ပေါက်ဖြစ်တဲ့ မန့်ဝိန်းဂိတ်ကို လုံးဝ ပိတ်လိုက်တာကြောင့်၊ တရုတ်နိုင်ငံ ဘက်ခြမ်း ကျယ်ဂေါင်မှာ အခုလို ကားတွေ ပိတ်မိခဲ့တာပါ။
“ဒီနေ့ကတော့ သူတို့နိုင်ငံထဲမှာ မပိတ်ခင်တုန်းက ကုန်တင်ပြီးသားကားတွေရှိတယ်။ အဲ့ဒီကား တွေ သူတို့ ထုတ်ပေးတာ။ ပိတ်မိနေတဲ့ကားတွေ။ ကျယ်ဂေါင်ထဲမှာ ဗမာပြည်က ကားတွေရှိတယ်” လို့ မူဆယ် ယာဥ်ထိန်း တပ်ကြပ်ကြီး ဦးမျိုးမင်းသူက ပြောပါတယ်။
တရုတ် နိုင်ငံထဲမှာ မြန်မာနိုင်ငံဘက်ကို ထွက်မယ့် မြန်မာကုန်တင်ကားတွေ ကားတွေရှိပြီး “အထွက်ပဲပေးတာ။ သူတို့ နိုင်ငံထဲ အဝင် မပေးဘူး” လို့ သူက ပြောပါတယ်။
ကျယ်ဂေါင်မှာ သောင်တင် ပိတ်မိနေခဲ့တဲ့ မြန်မာကုန်တင်ယာဥ် ၁၉၀ စီးခန့် ရှိပြီး မွန်းလွဲ ၁ နာရီ ဝန်းကျင်မှာတော့ ၈၅ စီးခန့် ထွက်သွားပြီဖြစ်ပြီး ကျယ်ဂေါင်မှာ ရှိတဲ့ မြန်မာ ကုန်တင်ကားတွေက်ို ဒီနေ့ အကုန်ထုတ်ပေးမယ်လို့ ဆိုပါတယ်။
“မနက်က တရုတ် နိုင်ငံဘက်မှ မြန်မာဘက်သို့ အထွက်ကို ဖွင့်ပေးလိုက်တယ်” လို့ ရွှေလီကျယ်ဂေါင်မှာ ကားဂိတ် စာရေး လုပ်နေတဲ့ ကိုထွဋ်ခေါင်ကလည်း ပြောပါတယ်။
ကားတွေကိုတော့ ကိုဗစ်ရောဂါစတင်ဖြစ်ချိန်ကတည်းက သတ်မှတ်ထားတဲ့အတိုင်း ခေါက်တိုယာဥ်မောင်း (ရှန်တိန်) တွေပဲ အရင်က အတိုင်း လာပို့ပေးတာဖြစ်ပြီး၊ ကုန်သွယ်ရေးအတွက်ကတော့ တရုတ်ဘက်က ဘယ်ရက် ဂိတ် အဝင်၊ အထွက် ပြန်ဖွင့်မှာကိုတော့ မ​ပြောသေးပဲ ပိတ်ထားနေဆဲဖြစ်ကြောင်း မူဆယ် ယာဥ်ထိန်းရဲ တပ်ဖွဲ့က ပြောပါတယ်။
မြန်မာ ဘက်က ယာဥ်မောင်း/ ပိုင်ရှင်တွေတော့ မန့်ဝိန်းပေါက်မှာ ကားစောင့်ယူပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်က သတ်မှတ်နေရာမှာ ၃ ရက် ကွာရန်တင်းဝင်ရမှာဖြစ်ကြောင်း ကုန်တင်ယာဥ်မောင်း တချို့ထံက သိရပါတယ်။
အခုရက်ပိုင်းမှာ မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ပုပ်ပျက်လွယ်တဲ့ကုန် မှအပ၊ မြန်မာ့ လယ်ယာထွက်ကုန်နှင့် အခြားကုန်ခြောက်များကိုတင်ပို့ပြီး၊ တရုတ်နိုင်ငံကနေ စားသောက်ကုန်၊ လူသုံးကုန်ပစ္စည်းတွေကို တင်သွင်းကြပါတယ်။
မြန်မာနိုင်ငံနှင့် ထိစပ်နေတဲ့ နယ်စပ်မြို့ ကျယ်ဂေါင်၊ ရွှေလီ အပါအဝင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် တယ်ဟုန်ခရိုင်အတွင်း မတ်လကုန်ပိုင်းမှ ဧပြီလ ၉ ရက်ည ၁၂နာရီထိ ပိုးတွေ့သူလူနာ ၈၈ ဦးရှိခဲ့ပြီး မြန်မာနိုင်ငံက ပြန်လာသူ တရုတ်နိုင်ငံသား ၁ ဦး အပါအဝင် ပြည်ပကူးစက်မှု ၄ ဦးနှင့် ပြည်တွင်း ကူးစက်မှု ၈၄ ဦး ရှိကြောင်း တရုတ်ဘက်မှ ထုတ်ပြန်ချက် အရသိရပါတယ်။
အရင် Covid – 19 မထမလှိုင်းနှင့် ဒုတိယလှိုင်းမှာကတည်းက၊ နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှု ပြတ်တောက်မသွားအောင် တရုတ် အစိုးရက ဆေးစစ်ပြီး ပိုးကင်းစင်ကြောင်း အသိအမှတ် ပြုထားတဲ့ မြန်မာ ခေါက်တိုယာဥ်မောင်းတွေကို အစားထိုးပြီး နှစ်ဖက် အစိုးရ ညှိနှိုင်းဆောင်ရွက်ထားပါတယ်။
Photo Crd# ထွဋ်ခေါင်

Related posts

Leave a Comment

VOM News

FREE
VIEW